ကြယ်ပွင့်တွေဆီ
ကြယ်ရည်တွေလူးလို့
ကြယ်အငုံ ကြယ်အဖူးနဲ့
ကြယ်ပွင့်တွေပဲ ခူးချင်တယ်။
(ကြည်အေး)
ကြယ်ပွင့်တွေဆီ
ကြယ်ရည်တွေလူးလို့
ကြယ်အငုံ ကြယ်အဖူးနဲ့
ကြယ်ပွင့်တွေပဲ ခူးချင်တယ်။
(ကြည်အေး)
မြစ်ရေပြင် လှေလူးလို့
ချစ်ဦး မယ်နဲ့မောင်
ပန်းခူးရအောင်
(ကြည်အေး)
ရောက်လာတာမကြာလှသေးပေမယ့် ပြန်ချင်တာကြာလှပြီ။
ရှုး….
တာရာမင်းဝေ
နှစ် ၂၀ ဟာ
ဆိုနေကျ သီချင်းလေးတွေ
ဂန္တဝင် စာရင်းသွင်းခံရဖို့
လုံလောက်တဲ့ ကာလတစ်ခု ဆိုပါတော့…
အဲ့ဒီတုန်းက
ဒီမြို့လေးကို
သူငယ်ချင်းတစ်သိုက် အလှဆင်ဖို့ ကြံစည်ဖူးတယ်
ကြီးကြီးကျယ်ကျယ် ပေါ့။
သူတို့မြို့ကလေး
ရေစီးရေလာ ပိုကောင်းအောင်
လေကောင်းလေသန့် ပိုရအောင်
ပန်းကလေးတွေ ပိုပွင့်အောင်
ပိုလှလာအောင် တဲ့..
ဒီတော့
သူ့တို့ထက် နှစ် ၂၀ စောတဲ့
ဒီမြို့သားကြီး တစ်ဦးက ရယ်တယ်။
မင်းတို့ ဘာပြောပြော
မြို့ဟာ
မြို့သူမြို့သားတွေနဲ့ ထိုက်တဲ့ တန်တဲ့ အတိုင်းပဲ နေမှာ…
ရယ်ပြီး ပြောတယ်။ ပြောပြီး ငိုတယ်။
ပြီးတော့ ထွက်သွားတယ်…
သူတို့တွေ စိတ်ဆိုး ကျန်ခဲ့ရတယ်။
တချို့တွေက အိမ်ထောင်ရက်သားကျ
သားသမီးလူမှုဒုက္ခ အထွေထွေမှာ နစ်မွန်းရ
တချို့ကျ မူးယစ်ဆေးဝါးနဲ့ နွံနစ်ကြ
ဒီလိုနဲ့ပဲ နှစ် ၂၀ ကြာသွား
ဆိုနေကြ သီချင်းလေးတွေ
ဟောင်းသွားပြန်ပေါ့
ခုခေတ်ကလေးတွေက ကိုယ်တို့ သီချင်းတွေ နားမထောင်နိုင်
သူတို့ဆိုတဲ့ သီချင်းတွေကျ ကိုယ်တို့က နားမခံနိုင်
ဒါပေမယ့်
ဟစ်ဟော့နဲ့ ရက်ပ်သီချင်းတွေကို တွင်တွင်ဆိုရင်း
သူတို့ သီချင်းဟောင်းလေးတွေထဲက စာသားလေးတွေ
ကြားညှပ်ကြားညှပ်ဆိုကြပြန်
ကြားရတော့ လွမ်းရ၊ ဆွေးရ၊ မကျေမနပ်၊ မချင့်မရဲ ဖြစ်ရ
တချိန်ထဲမှာ ကြည်နူးရ၊ ပြန်ပြောင်းအောက်မေ့ စမြုံ့ပြန်ရ
အဲ့လူငယ်လေးတွေက မြို့ကလေး မလှလို့တဲ့
မြို့ကလေး လှဖို့ ပြောကြတယ်။
ဒီတော့လည်း ရယ်မိကြပြန်ပေါ့… မျက်ရည်တွေနဲ့။
နှစ် ၂၀ လုံးလုံး ကြုံတွေ့ဖြတ်သန်းခဲ့ရတာတွေကိုတော့ ဘာမှ ဇာချဲ့ပြီး ပြောမနေချင်တော့ပါဘူး သူငယ်ချင်းရာ…။
ဇော်ရဲဝင်း
(လွမ်းစိမ့် ရုပ်ရှင်ဇာတ်ကား မှ)
မိုးရေစက်လေးက စံပယ်ဖူးလေးကို တိုးတိုးလေး ပြောတယ်။ “ငါ့ကို နင့်ရဲ့ ရင်ခွင်မှာ အမြဲတမ်း ထွေးပွေ့စောင့်ရှောက်ထားပါလား” တဲ့။
စံပယ်ဖူးလေးခမျာ “အို… အမေ့” လို့ တစ်ချက် ညည်းပြီး မြေပေါ် ကြွေကျသွားပါလေရော…
ရာဗင်ဒြာနတ် တဂိုး
သြော်… လူ့ပြည်လောက၊ လူ့ဘဝကား
အိုရ နာရ၊ သေရဦးမည်
မှန်ပေသည်တည့်။
သို့တပြီးကား၊ သင် သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း။
(ဇော်ဂျီ)
အိုးဝေမဂ္ဂဇင်း၊ အတွဲ-၅၊ အမှတ်-၁၊ ဒီဇင်ဘာ ၁၉၃၅။
အလွမ်းတွေ ရှိထားကြောင်း
“ပန်းဝေ” သိလား မေးချင်တယ်။
လမ်းတွေ့ရင် ခေါ်ခွင့်မပိုင်ပါဘူး။
ကျွမ်းမြေ့ရှင် မျှော်လင့်နိုင်မှာလားရယ်လို့
ခိုးဝှက်ကာ အကြည့်ပုန်းတွေနဲ့
တိုးရှက်ရာ မချိဆုံးပါပဲ
ငြိထုံးလာ အလွမ်းတွေဝေတော့
“ပန်းဝေ” သိမယ်။
ကိုယ့်မျက်ရည် ကိုယ်မတွေ့ရှာဘူးတဲ့။
ညှိုးချက်တွေ အငိုဝေ့ပါရင်
ကမ္ဘာချဉ်းအောင် ပန်းတော်ပွင့်မယ်။
သခင့်အတွက် ပန်းတွေရယ်
နွမ်းလေတယ် ကျွန်တော်မျက်ဖြေဘူး။
(အော်… တို့ဘဝက)
တမ်းပြေတယ်နော် မျက်ရည်ဦး။
နှောင်တွယ်တာ ခက်တာပဲ ပန်းရယ်လို့
ရှောင်ဖယ်ကာ မျက်နှာလွှဲစမ်းချင်တာပေါ့။
ကျောင်းခန်းဆီ ခြေလှမ်းတွေ အရောက်ယူဆဲမှာပဲ။
တစ်ယောက်သူ နောက်လူတွေ့နေနှင့်ပြီမို့
ရင်နင့်စွာ ကျွန်တော်ချစ်ပေမယ့်
မြင်ခွင့်မှာ အဖော်သစ်တွေနဲ့
“ပန်းဝေရယ်” (တို့လေ…) မခေါ်ဖြစ်ပါဘူး။
(သူငယ်ချင်း ဖြိုးသီဟအောင် ရဲ့ မှတ်စုစာအုပ်ကနေ ကူးယူတာပါ။ ဘယ်သူရေးတာလဲ မသိတော့သလို၊ ကဗျာရဲ့ ခေါင်းစဉ်လဲ မသိတော့လို့ သင့်တော်တာလေး ပေးထားပါတယ်။)
စိမ်းစိမ်းမြမြ
ဒေါသလက်ရွှန်း
မျက်ဝန်းကလေး… သင်။
မုန်းမုန်းမေ့မေ့
အပြုံးသွေ့နွမ်း
နှုတ်ခမ်းကလေး… သင်။
ခိုးခိုးခစ်ခစ်
အပြစ်ဖွဲ့ဟန်
မဲ့သံကလေး… သင်။
ဆူဆူလောင်လောင်
ရန်ထောင်ခြေဆောင့်
ဖနောင့်ကလေး… သင်။
တွေးတွေးတိတ်တိတ်
စိတ်ကောက်ကျောပေး
နောက်ကျောကလေး… သင်။
ဒေါသမျက်လုံး
အမုန်းနှုတ်ခမ်း
ရယ်သွမ်းမယ့်ဟန်
ရန်ထောင်ခြေထောက်
စိတ်ကောက်ကျောပြင်
မိစ္ဆာ… သင်။
ချစ်ခင်သူတို့ ထမင်းပွဲ
ချစ်ခင်သူတို့ အသင်းထဲကို
သင်းကွဲမှောက်လှန်
ခလောက်ဆန်ဖို့
(သင်ဘယ်သူ့ထံက…)
ထောက်ခံစာ ယူခဲ့ပါသလဲ။
မောင်ခိုင်မာ
(သူငယ်ချင်း ဖြိုးသီဟအောင် ဆီကပဲ ကူးတာပါ။ ကဗျာနာမည်ကိုတော့ ကဗျာထဲက “သင်” ဆိုတဲ့ စာလုံးလေးကိုပဲ ပြန်ယူပြီး ပေးထားပါတယ်။)
နွေဦးကာလ၊ မြူထသောခါ
ရင်းထောင်ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ
ဓားနှီးထက်စွာ၊ ခါးမှာချပ်လျက်
ထန်းပွင့်ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်
ကလိုင်သာလွယ်လို့တက်သည်နှင့်လေး။
ထန်းပင်ထန်းလက်၊ ထန်းရွက်ကယ်ဝေဝေ
စင်အောင်ခုတ်ထစ်၊ နုမျစ်ကယ်ထန်းဦးရေ
မယားငယ်ဆွေ၊ ထန်းရေသိမ်းဆည်း
သားမြေးဟစ်ကြော်၊ ခွေးဝက်ကယ်ခေါ်
ထန်းလျှော်သာ ယုန်ပိုက်စည်းငယ်နှင့်လေး။
ခေါ်သံရိုက်ဟည်း၊ လူလည်းကြော်ငြာ
ခွေးဟစ်လူဟစ်၊ ခတ်ပစ်ကယ်ခြောက်သောခါ
ပုတတ်ကယ်ယုန်ခါ၊ တောမှာရှိကြ
ငုံး ကြက်ကယ် ဖွတ် မြွေ၊ ဝံပုလွေ
မနေထွက်လာကြသည်တည့်လေး။
ဝမ်းသာအားရ၊ မယားကတစ်သွယ်
ဟင်းရွက်ဆိုးကောင်း၊ သောင်းပြောင်းရော၍လွယ်
လင်က တစ်သွယ်၊ ယုန်ငယ်ကစ
တောသတ္တဝါ၊ တွေ့တိုင်းကိုသာ
အိတ်မှာသာယူ၍ချသည်နှင့်လေး။
သို့နှင့်ရောက်က၊ ခဏအောင့်လျှင်
တံစို့ထက်နှင့်၊ ထန်းလျက်ဖိုမှာကင်
ဟင်းအိုးဆူလျှင်၊ အကင်ခတ်ပြီး
အိုးကင်းနှင့်လှော်၊ ရေနှင့်ကြော်
မိုးမျှော်ငရုတ်သီးငယ်နှင့်လေး။
နှီးဒေါင်းလန်းကြီး၊ ခူးပြီးသောခါ
သမီးနှင့်သား၊ များလို့မဝင်သာ
ဒူးတစ်ဖက်ဟာ၊ တွန်းကာဖယ်လျက်
သူ့ထက်ငါလေ၊ စားတော့မည်စေ
စားပေသာလှအုန်းခွက်ကယ်နှင့်လေး။
ငုံ့လျက်ကိုယ်စီသာ
ဆုပ်ကာ လွေးတော့သည်။
ပြီးလျှင်ရေမရှာ
ခွေးသာကျွေးတော့သည်။
တျာချင်း
ဝန်ကြီးပဒေသရာဇာ
သင်၏အချစ်ကို
ငါယုံကြည်ပါ၏။
ဤစကားသည်
ငါ၏နောက်ဆုံးစကား
ဖြစ်စေသတည်း။ ။
ရာဘင်ဒြာနတ်တဂိုး