
ကီလိုမီတာပေါင်း ၄၀ ခန့်ရှည်လျားမည့် ရန်ကုန်မိုးပျံလမ်း Yangon Elevated Expressway Project စီမံကိန်း PPP အစီအစဉ်ဖြင့် ဖော်ဆောင်ရန် ပြည်တွင်းပြည်ပကုမ္မဏီများကို ယခုနှစ်အတွင်း တင်ဒါဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရသည်။
မြန်မာနိုင်ငံ၏ ပထမဆုံးသော မိုးပျံလမ်းဖြစ်လာမည့် ယင်းစီမံကိန်း ဆောက်လုပ်မှု ကုန်ကျစရိတ်အတွက် တစ်ကီလိုမီတာလျှင် အမေရိကန်ဒေါ်လာ နှစ်သန်းခန့် ကုန်ကျမည့်ဟု အကြမ်းဖျင်း သတ်မှတ်ထားပြီး အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရင်းနှီးမြှုပ်နှံမှုအကောင်းဆုံးလုပ်နိုင်သော ကုမ္ပဏီတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ကုမ္ပဏီများကို ရွေးချယ်သွားရန်အတွက် တင်ဒါသတ်မှတ်ချက်များကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန World Bank နှင့် IFC တို့နှင့် ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
“တင်ဒါကိုလည်း ယခုနှစ်ထဲ ခေါ်သွားမယ်။ စီမံကိန်းရဲ ့အခြေခံအဆင့် ဆောက်လုပ်ရေးပိုင်းကိုလည်း ယခုနှစ်ကတည်းက စတင်သွားနိုင်အောင် ရည်မှန်းထားတယ်။ တင်ဒါအတွက် စည်းမျဉ်းစည်းကမ်းတွေကို World Bank က သတ်မှတ်ထားတဲ့ Criteria တွေနဲ့အညီပဲခေါ်သွားမှာပါ။” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ဆိုသည်။
စီမံကိန်းသည် ရန်ကုန် Inner Ring Road ၏ အရှေ့ ဘက်ခြမ်း ကမ်းနားလမ်းမှ မင်္ဂလာဒုံစက်မှု ဇုန်အထိအပိုင်း ၂၂ ဒသမ ၅ ကီလိုမီတာ ဖြစ်ပြီး ထိုမှတစ်ဆင့် မင်္ဂလာဒုံစက်မှုဇုန်မှ အမှတ် ၃ လမ်းမကြီးမှတစ်ဆင့် လက်ရှိ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးနှင့် သွားရောက်ဆက်သွယ်မည့်အပိုင်း၏ အရှည်မှာ ၁၅ ကီလိုမီတာဟု သတ်မှတ်ထားသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှတစ်ဆင့် အနာဂတ် တွင် ပေါ်ပေါက်လာမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးနှင့်ဆက်သွယ်ရန် ရည်ရွယ်ထားရှိခြင်း ဖြစ်သည်။
စီမံကိန်းအတွက် အကြမ်းဖျဉ်း လျာထားချက်တွင် ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းကနေ မင်္ဂလာဒုံစက်မှုဇုန်အထိ ဖေါက်လုပ်မည့် စီမံကိန်း၏ ပထမအပိုင်းကို ဗိုလ်တထောင် ကမ်းလမ်းကနေ-ရာဇာဓိရာဇ်လမ်း- တာမွေမြို့နယ်ရှိ ကြက်ဘဲစျေးအနီးမှ သုဝဏ္ဏလမ်းဆုံ-သုဓမ္မလမ်း- ပြည်ထောင်စုလမ်း- မြောက်ဥက္ကလာ ရေကူးအသံလွှင့်စက်ရုံ-မင်္ဂလာဒုံစက်မှုဇုန် အမှတ်သုံး လမ်မ ထိပ် အထိ ဖေါက်လုပ်သွားမည်ဟု သိရသည်။ ထို့နောက် စီမံကိန်း ဒုတိယ အဆင့်အနေဖြင့် အမြန်လမ်းမထိပ်ကနေ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ထိပ် ဖော်ဆောင်မည့်စီမံကိန်း တဆင့်ချင်း အကြမ်းဖျင်း သတ်မှတ်ထားချက်ကို ၎င်းကရှင်းပြသည်။
“မိုးပျံလမ်းဖောက်လုပ်ပြီး မြို ့ထဲမှာ ယာဉ်ကြောတွေရှင်းလင်းပြီး အမြန်လမ်းဘက်မှ ယာဉ်တွေ စုံပုံနေတာမျိုးကိုလည်း မဖြစ်စေချင်ဘူး ။ ဒီအတွက်အမြန်လမ်းမှာ ယာဉ်ကြောပိတ်ဆို့တာမျိုးမဖြစ်အောင် စနစ်တကျ စီမံသွားမှာပါ။” ဟု ၎င်းကရှင်းပြသည်။
ရန်ကုန်မြို့ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်မည့် Yangon Elevated Expressway Project အတွက် ဘဏ္ဍာရေးအကြံပေးဝန်ဆောင်မှုများ ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် {Financial Advisory Services Agreement (FASA)} ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် International Finance Corporation (IFC) တို့က နေပြည်တော်တွင် ဇန်နဝါရီလ ၁၀ ရက်က လက်မှတ်ရေးထိုးကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန၏ ညွှန်ကြား ရေးမှူးချုပ်ဦးအုန်းလွင်နှင့် IFC မှ Country Manager Mr. Vikram Kumar တို့က သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ယခုစီမံကိန်းတွင် ဟံသာဝတီလေဆိပ်အသစ်စီမံကိန်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းစီမံကိန်းနှင့် သီလဝါစက်မှုဇုန်တိုနှင့် ချိတ်ဆက်သွားမည်ဖြစ်ပြီး Project Management, Project Operation များကို နိုင်ငံ တကာအဆင့်အတန်းအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ပြောကြားခဲ့ကြောင်းသိရသည်။
စီမံကိန်း၏ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ စီမံခန့်ခွဲမှု အစိတ်အပိုင်းတစ်ခုအနေဖြင့် International Finance Corporation (IFC) ကို Advisory Transaction ဆိုင်ရာများအတွက် ငှားရမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း အစိုးရကသတင်းထုတ်ပြန်ထားချက်အရသိရသည်။
လမ်းဧရိယာနှင့် နယ်မြေဧရိယာ အချိုးဆန်းစစ်ချက်များအရ အိမ်နီးချင် ထိုင်းနိုင်ငံ ဘန်ကောက် မြို့၏ လမ်းဧရိယာသည် မြို့ဧရိယာစုစုပေါင်း၏ ၇ ဒသမ ၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ တိုကျိုမြို့သည် ၁၈ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ရန်ကုန်မြို့သည် ၅ ဒသမ ၂ ရာခိုင်နှုန်းသာရှိကြောင်း အစိုးရသတင်းထုတ်ပြန်မှုတွင် ပါရှိထားသည်။
Source: Myanmar to Build its First Elevated Expressway in Yangon
Image Source: ASEAN Awareness Forum II
PT Railink workers check the equipment of the new airport train in Manggarai Train Depot, Jakarta, Friday, November 24, 2017. The train will connect downtown Jakarta from Sudirman Station and Soekarno Hatta Airport in tangerang with capacity of 33.000 passengers each day. PT Railink will conduct the test run of the train on December 2017. (JP/Seto Wardhana.)