ရည်းစားစာ

စာရွက်ပေါ်မှာ နင့်ကိုချစ်ရုံနဲ့တော့
ငါ့ဘဝ မင်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။

မပျံသန်းနိုင်တဲ့ ငှက်လို့ပြောတိုင်း
ပင်ကွင်းငှက်ကို ပြေးမြင်ရင်
နင့်ကို ငါ မခေါ်ချင်ဘူး

ကျောင်းအုပ်ကြီး ဖတ်ဖို့ရေးတဲ့စာမဟုတ်လို့
ကျောင်းသွားဖော်လေး ဖတ်စေချင်တာ
ငါ့စေတနာပါ ..။

နင့်နှလုံးသားကို ဖုန်းခေါ်ပါ
ပြီးမှ ငါ့ကို စာပြန်ပါ …။

ရည်းစားစာ – တာရာမင်းဝေ

နေရစ်ခဲ့

ချစ်သူကိုတောင်
ချစ်တယ်လို့ မပြောရဲတဲ့ကောင်…
ရာစုတစ်ထောင်နေရစ်ခဲ့…
ထိုသို့ဖြင့် စကားမဲ့စေသတည်း

မီးတောက်ရစ်သမ်(တာရာမင်းဝေ)

မီးရှူးမီးပန်း

တကယ်တော့ ကောင်းကင်အထိ မရောက်လိုပါဘူး
အပွင့်စိုစိုတွေနဲ့
လေထဲမှာ လင်းချိုငိုက်တွဲကြည့်ရတာပါ
မီးရှူးမီးပန်းပဲကွယ်
ငါ့ရဲ့ ဂီတက ပူအိုက်ခြောက်သွေ့လွန်းလှပါတယ်။

ရှူး – တာရာမင်းဝေ

မျှော်လင့်ခြင်း

ချစ်သူ… နင်ဟာ ငါရဲ့ အိပ်မက်တွေထဲက ဘယ်တော့မှ ထွက်ပြေးမသွားနိုင်သလို ငါ့ရင်ခွင်ထဲလည်း ဘယ်တော့မှ ရောက်လာနိုင်မှာ မဟုတ်ပါဘူး ချစ်သူ…

အပြစ်

နင့်ရဲ့ အကြည့်တွေကို ရင်ဆိုင်ခဲ့ပြီးမှ နင့်ရဲ့အလှကို တောင့်တခဲ့ပြီးမှ နင့်ကို ချစ်မိတာကို အပြစ်လို့ မဆိုပါနဲ့တော့… ချစ်သူ…

အသိအမှတ်ပြုပေးပါ။

မင်းကို တစ်နေ့မှာ အနည်းဆုံးတစ်ခေါက်တော့ သတိရနေမယ့်လူတစ်ယောက် ဟောဒီလောကကြီးထဲမှာ ရှိနေတယ်ဆိုတာကို အသိအမှတ်ပြုပေးပါ။

စိတ်ကောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။ – မင်းခိုက်စိုးစန်

သဘာဝလောကကြီးကို သိမြင်။

ကိုယ့်လက်ကို ရဲရဲတွဲ။
သဘာဝလောကကြီးကို သိမြင်။
အနုပညာတွေ ဖန်တီး။
ကြယ်နဲ့ လတို့ရဲ့ အလင်း ဂီတကို နားဆင်။
မှော်ရုံကို တံခါးအသစ်နဲ့ ဖွင့်ဝင်ကြရအောင်။

ကြယ်သီချင်း နဲ့ လမင်းသံစဉ် – တာရာမင်းဝေ

ရင်မှာလွမ်းရင်

ရင်မှာလွမ်းရင်
မျှော်တိုင်း မြင်လွန်းလို့
လက်ညှိုးညွှန်ရာ
သူဖြစ်ပါစေသား အရှင်ဘုရား။ ။

ပန်းခေတ်ကလမင်း – တာရာမင်းဝေ

ပန်းပွင့်ကလေး

သူက
ပန်းပွင့်ကလေးကို နမ်းတယ်။
ငါ …
လူစင်စစ်က ပန်းပွင့်ဖြစ်စေသား … လို့
ကျွန်တော် ဆုတောင်းမိပါတယ်။

ပန်းခေတ်ကလမင်း – တာရာမင်းဝေ