ဘာသာစကားအသစ်တွေ သင်ကြားဖို့ ဝဗ်ဆိုက်ပေါင်း (၂၀)

  1. Duolingo.com – Duolingo မှ ဘာသာစကားပေါင်း (၆) မျိုး၏ သဒ္ဒါနှင့် ဝေါဟာရများကို သင်ယူနိုင်ပါသည်။ အမှတ်များရယူ၍ သင်ခန်းစာအဆင့်ဆင့်အား တက်လှမ်းသင်ယူနိုင်သည်။
  2. Memrise.com – ထပ်ခါတလဲလဲ လေ့ကျင့်ခြင်းဖြင့် ဝေါဟာရအသစ်များ သင်ယူနိုင်သည်။
  3. Anki – ထောင်ပေါင်းများစွာသော မှတ်ဉာဏ်ကဒ်ပြားလေးများသုံး၍ ဘာသာစကားသင်ကြားနိုင်သည်။
  4. BBC Languages – BBC ၏ သဒ္ဒါ၊ ဝေါဟာရ၊ ကစားနည်းများ၊ အစမ်းစစ်ဆေးခြင်းများ ပါဝင်သော သင်ခန်းစာ အစီအစဉ်များ။
  5. Livemocha.com – ဘာသာစကား ၃၅ မျိုးသင်ကြားနိုင်မည့် အွန်လိုင်းသင်ရိုးများ။
  6. Lang-8.com – မိမိသင်ယူနေသည့် ဘာသာစကားအသစ်မှ မိမိအမှားများအား မိခင်ဘာသာစကားအြဖစ် ပြောဆိုနေသူများမှ ပြင်ဆင်ပေးမည့် နေရာ။
  7. Babbel.com – မှန်ကန်သည့် ဘာသာပြန်ဆိုမှုအား ရွေးချယ်ခြင်းဖြင့် ဘာသာစကားများအား သင်ယူခြင်း အစီအစဉ်။
  8. Lingocracy.com – မိမိဖတ်ရှုလိုသည့် အကြာင်းအရာအား ရွေးခြယ်၍ ချက်ချင်းလက်ငင်း ဘာသာပြန်ဆိုမှုများ၊ အဓိပ္ပါယ်ဖွင့်ဆိုမှုများအား ရယူပါ။
  9. Babadum.com – ဝေါဟာရ ပဟေဠိ ကစားနည်း။
  10. InternetPolyglot.com – ဘာသာစကားသင်ယူခြင်းဆိုင်ရာ သင်ခန်းစာများနှင့် ကစားနည်းများ။
  11. Verbling.com – အခြားသူတစ်ယောက်အား ဘာသာစကားတစ်ခု သင်ကြားပေးခြင်းဖြင့် မိမိလည်း တစ်ခု သင်ယူပါ။
  12. Interpals.net – နိုင်ငံရပ်ခြားမှ ကလောင်မိတ်ဆွေ တစ်ယောက်ရှာဖွေပြီး သူ၏ ဘာသာစကားအား သင်ယူပါ။
  13. SharedTalk.com – ဘာသာစကားဖလှယ်ခြင်းအား တစိုက်မတ်မတ် လုပ်ကိုင်နေသော ကမ္ဘာအရပ်ရပ်မှ လူများပါဝင်သည့် လူ့အဖွဲ့အစည်း။
  14. Coffeestrap.com – လူတွေနဲ့တွေ့ဆုံပြီး ဘာသာစကားကို သင်ယူခြင်း။
  15. FSI Language Courses – အမေရိကန်ပြည်ထောင်စု အစိုးရမှ ပြုစုထားသည့် မည်သူမဆို လွတ်လပ်စွာ ရယူသုံးစွဲနိုင်သော သင်ခန်းစာများ ဖြစ်သည်။ စာသားများအား ဒေါင်းလုပ်ဆွဲယူ၍ အသံထွက်တိတ်ခွေ၏ နောက်မှ လိုက်လံပြောဆိုခြင်းဖြင့် သင်ယူရသည့် ပုံစံဖြစ်သည်။
  16. GreatLanguageGame.com – ဘာသာစကား (၈) ခုအနက်မှ မည်သည့်ဘာသာစကားလဲ ခန့်မှန်းရွေးခြယ်ရသည့် ကစားနည်း။
  17. Forvo.com – ဘာသာစကားပေါင်း မြောက်မြားစွာတို့၏ ထောင်သောင်းမကသော ဝေါဟာရအသီးသီး၏ အသံထွက်များ နားဆင်ရန်။
  18. LyrnLang.com – သီချင်းများ နားဆင်လျက် သီချင်းစာသားများအား မည်သို့ ဘာသာပြန်ဆိုရမည်ကို လေ့လာခြင်းဖြင့် စကားလုံးများ၊ စကားစုများ သင်ယူနိုင်မည့် ပုံစံ။
  19. Lernu.net – အပြည်ပြည်ဆိုင်ရာ ဘာသာစကားတစ်ခုဖြစ်သည့် အတ်စ်ပါရန်တို နှင့်ပတ်သက်သည့် အချက်အလက်များနှင့် အခမဲ့သင်ခန်းစာပို့ချချက်များ။
  20. Chineasy.org – တရုတ်ဘာသာစကား သင်ယူနိုင်မည့် သင်ခန်းစာများနှင့် တခြားအရင်းအမြစ်များ။

အကြိုက်ဆုံး ပန်းချီကားတစ်ချပ်

Liu Yi Painting
တစ်ရက်တုန်းက သူငယ်ချင်းတစ်ယောက်က ဘယ်ပန်းချီကားကို အကြိုက်ဆုံးလဲ မေးလာတော့ ပြန်စဉ်းစားမိတဲ့အခိုက် စိတ်ထဲပထမဆုံးပေါ်လာတာက ကနေဒါနိုင်ငံက တရုတ်လူမျိုး Liu Yi ရေးဆွဲတဲ့ ဘေဂျင်း ၂၀၀၈ ဆိုတဲ့ ပန်းချီကားပါပဲ။

ပန်းချီကားမှာ စာတွေ ထိုးထားတဲ့အတိုင်းပဲ ကျောမှာ ဆေးမှင်ထိုးထားပြီး ကျောပေးထိုင်နေတဲ့ မိန်းမငယ်ဟာ တရုတ်နိုင်ငံပါ။ သူရဲ့ဘယ်ဘက်မှာ ထိုင်ပြီး ကစားပွဲကို အာရုံအပြည့်နှစ်နေတာက ဂျပန်ပါ။ ညာဘက်က လှဲပြီးအိပ်နေတဲ့မိန်းမငယ်ကတော့ ရုရှားပေါ့။ မျက်နှာချင်းဆိုင်ကတော့ အမေရိကန်၊ ဘေးမှာရပ်နေတဲ့ ကလေးမလေးကတော့ ထိုင်ဝမ်ပါ။

ဒီပန်းချီကားနဲ့ ပတ်သတ်ပြီး ဝေဖန်ဆွေးနွေးသုံးသပ်ကြတာတွေ အတော်လေးများပါတယ်။ အဓိပ္ဗါယ်လည်း လေးလေးနက်နက် ပါဝင်တာကို တွေ့ရပါလိမ့်မယ်။

တရုတ်

တရုတ်ရဲ့ရှေ့မှာ ချထားတဲ့ အတုံး (ကဒ်လို့ပဲခေါ်ကြပါစို့) တွေထဲက မြင်နေရတဲ့ ၃ ကဒ်ဟာ East Wind လို့ အဓိပ္ဗါယ်ရပါတယ်တဲ့။ ဒါဟာ တရုတ်ပြည်ရဲ့ ပြန်လည်နိုးထလာတဲ့ မဟာအင်အားကြီးအခြေအနေတစ်ရပ်ကို ညွှန်းဆိုတာလို့ ပြောလို့ရသလို၊ တရုတ်ဟာ အဲ့ဒီကဒ်ကို စားပွဲပေါ်မှာ လှဲပြီးချပြထားတဲ့ သဘောက သူ့ကစားကွက် (စစ်အင်အား) ကို ပြိုင်ဘက်ကစားသမားကို ပြထားတဲ့ သဘောလို့ ယူဆလို့လဲ ရပါတယ်။ တစပ်ဆက်ထဲမှာပဲ စားပွဲအောက်မှာ ထားထားတဲ့ ကဒ်တချို့ကလည်း တရုတ်ရဲ့ ချပြမထားတဲ့ ကစားကွက် (အင်အား) ရှိနေသေးတဲ့ သဘောပါ။

အမေရိကန်

အမေရိကန်ကိုကြည့်လိုက်ရင်တော့ အေးဆေးပုံစံပါပဲ။ ထိုင်ဝမ်ကိုလှမ်းကြည့်နေပါတယ်။ ထိုင်ဝမ်ရဲ့ မျက်နှာရိပ်မျက်နှာကဲကို ဖတ်နေတာဖြစ်နိုင်သလို၊ ထိုင်ဝမ်ကို မျက်နှာရိပ်မျက်နှာကဲ ပြနေတာလို့လဲ ဆိုနိုင်ပါတယ်။

ရုရှား

ရှရှားကိုကြည့်လိုက်ရင် ကစားပွဲကို လုံးဝစိတ်ပါဟန် မရှိပါဘူး။ ဒါပေမယ့် မိန်းမငယ်ရဲ့ခြေတစ်ဖက်ဟာ အမေရိကန်အပေါ်ကို တင်ထားပြီး လက်တစ်ဖက်က ဝှက်ဖဲတစ်ချပ်ကို တရုတ်ကို ကမ်းနေတဲ့ သဘောပါ။ (နှစ်နိုင်ငံလုံး အကျိုးရှိတဲ့ စားပွဲအောက်အပေးအယူ ရှိနေပါတယ်။)

ဂျပန်

ဂျပန်ဟာ တခြားလူတွေ ဘာဖြစ်နေတယ်ဆိုတာက လုံးဝဂရုမစိုက်ပဲ သူရဲ့ ကစားကွက်ကိုပဲ သဲကြီးမဲကြီး အာရုံစိုက်နေပါတယ်။

ထိုင်ဝမ်

တရုတ်ရိုးရာအကျီင်္ကို ဝတ်ဆင်ထားတဲ့ ထိုင်ဝမ်ဟာ တရုတ်ယဉ်ကျေးမှုလူ့ဘောင် ရဲ့ စစ်မှန်တဲ့ အမွေခံလို့ ညွှန်းဆိုပါတယ်။ လက်တစ်ဖက်မှာ သစ်သီးဇလုံကို ကိုင်ထားပြီး နောက်တစ်ဖက်က ဓားကို ကိုင်ထားတဲ့၊ ကစားသမားတွေကို သစ်သီးဆက်ရတဲ့ အစေခံမိန်းကလေးငယ် တစ်ဦးအနေနဲ့ ပုံဖော်ထားခြင်းခံရတဲ့ ထိုင်ဝမ်က တရုတ်ကို ကြည့်နေတဲ့အကြည့်ဟာ ဒေါသ၊ နာကြည်းမှု၊ ဝမ်းနည်းမှု၊ အာဃာတတွေ ရောပြွန်းနေပါတယ်။ ကစားသမား မဟုတ်တာကြောင့် ဘာမှပြောရေးဆိုခွင့်မရှိသလို ဘယ်သူနိုင်နိုင် သစ်သီးဆက်ရမှာကတော့ သူ့အလုပ်ပါပဲ။

ပတ်ဝန်းကျင်

အပြင်ဘက်ကို လှမ်းမျှော်ကြည့်မယ်ဆိုရင်လည်း ကောင်းကင်တခွင်လုံးက မှောင်မဲပြီး မိုးသားတိမ်လိပ် ထူထူထပ်ထပ်နဲ့ မုန်တိုင်းကျတော့မလို ဖြစ်နေပါတယ်။ ဒါဟာ တရုတ်နဲ့ထိုင်ဝမ်ကြားက ပေါက်ကွဲလုမတတ် တင်းမာနေတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ထင်ဟပ်စေပါတယ်။ နံရံပေါ်က ပန်းချီကားကို ကြည့်မယ်ဆိုရင်လည်း တရုတ်နိုင်ငံခေါင်းဆောင် မော်စီတုံးရဲ့ ပုံကို စွန်ယက်ဆင်ရဲ့နှုတ်ခမ်းမွှေးနဲ့ ချိန်ကေရှိတ် ရဲ့ ထိပ်ပြောင်ကို ရောဆွဲထားတာပါ။

ကစားပွဲအနေအထား

မိန်းမငယ်တွေကိုယ်ပေါ်က အဝတ်အစားလက်ကျန်ဟာ တစ်နိုင်ငံချင်းစီရဲ့ ပကတိအခြေအနေကို ထင်ဟပ်နေပါတယ်။ တရုတ်ဟာ အပေါ်ပိုင်းဗလာကျင်းနေပေမယ့် ခါးအောက်ပိုင်းမှာတော့ စကတ်ရယ် အတွင်းခံရယ် ကျန်ပါတယ်။ အမေရိကန်ကတော့ အပေါ်ပိုင်းမှာ ရင်စီးရယ် ခြုံထည်ပါးရယ် ဝတ်ထားပေမယ့် ခါးအောက်ပိုင်းမှာတော့ အဝတ်မကပ်ပါဘူး။ ရှရှားက ခါးအောက်ပိုင်းမှာ အတွင်းခံလေးပဲ ကျန်ပြီး၊ ဂျပန်က ဝတ်လစ်စလစ် အခြေအနေပါ။

ရုတ်တရက် ကြည့်လိုက်ရင် အမေရိကန်က ဟန်သလိုလို ထင်ရပေမယ့် မိန်းမငယ်တစ်ယောက်အတွက်ဆိုရင် ခါးအောက်ပိုင်းဗလာကျင်းနေတဲ့ အမေရိကန်ထက် မိမိရဲ့အရေးကြီးတဲ့ အစိတ်အပိုင်းကို ကာကွယ်ထားနိုင်တဲ့ တရုတ်နဲ့ ရုရှားက ပိုပြီး အခြေအနေသာတယ်လို့ ယူဆရပါလိမ့်မယ်။

ဒီကစားပွဲက အဝတ်အစားချွတ်ကြေး ကစားတဲ့ ပွဲလို့ ယူဆရမှာပါ။ (Strip Game သဘောမျိုးပေါ့။) တရုတ် ရှုံးရင် တရုတ်ဟာ ရုရှားလို အတွင်းခံပဲကျန်တော့တဲ့ အခြေအနေရောက်သွားပါလိမ့်မယ်။ (ဆိုဗီယက်ယူနီယံ ပြိုကွဲသလိုပေါ့။) အမေရိကန်ဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ရုရှားရှုံးရင်တော့ ရုရှားမှာ ဘာမှကျန်မှာ မဟုတ်ပါဘူး။ ဂျပန်ကတော့ အခုကတည်းက အားလုံး ရှုံးနှင့်နေပါပြီ။

အပေါ်ပန်းကြည့်လိုရင် ရုရှားက အိမ်ဖြည့်ရုံသက်သက် ထမင်းသုတ်၊ဟင်းသုတ် ဝင်ပါသလို (စိတ်မပါ၊ လက်မပါ) ကစားနေဟန်နဲ့ တကယ်တမ်းက အမေရိကန်နဲ့ရော တရုတ်ပြည်နဲ့ပါ အပေးအယူ လုပ်နေပါတယ်။ ဒါကလည်း အဲ့လိုမှမလုပ်ရင် သူ့ဘာသူ မရပ်တည်နိုင်လို့ပါ။ သူရဲ့ ရှင်သန်တိုးတက်ဖို့ တရုတ်ကိုရော အမေရိကန်ကိုပါ လိုအပ်နေပါတယ်။ တကယ့် အိမ်ဖြည့်ရုံသက်သက်ကစားနေတာက ဂျပန်ပါ။ ဒီတစ်ခါရှုံးရင် အဝတ်အစားမကျန်တဲ့အတွက် ကစားပွဲက အပြီးထွက်ပေးရမှာပါ။

နောက်တစ်ချက်က အမေရိကန်ဟာ တရုတ်နဲ့ ရှရှားကြားက ဆက်ဆံရေးကို ထိုင်ဝမ်ဆီကတဆင့်ပဲ ခန့်မှန်းနိုင်တဲ့အချက်ပါ။ ထိုင်ဝမ်က ကိုယ်တိုင်ကစားခွင့်မရပေမယ့် ကစားသမားတွေအားလုံး ကစားဝိုင်းမှာ ဘာလုပ်နေကြတယ်ဆိုတာကို ကောင်းကောင်းမြင်တွေ့နေရပါတယ်။

ကစားပွဲအနိုင်အရှုံး

ကစားပွဲရဲ့ လက်ရှိအခြေအနေအရဆို တရုတ် (သို့) အမေရိကန်က နိုင်ဖို့များပါတယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်ရင် သူတို့ကစားနေတာ Poker မဟုတ်ပါဘူး။ တရုတ်ရိုးရာ Chinese Mahjong ကစားနေတာဆိုတော့ တရုတ်ရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ကစားတဲ့ပွဲမှာ အမေရိကန်ရဲ့ နိုင်ခြေ ဘယ်လောက် ရှိလဲ စာဖတ်သူ စဉ်းစားဖို့ မေးခွန်းတစ်ခုပါပဲ။

Ref:

http://kuanpeter.blogspot.sg/2013/06/ref-httpeconintersect.html
http://econintersect.com/b2evolution/blog2.php/2011/11/11/an-erotic-oil-painting-with-a-profound-worldview

ဒီမိုကရေစီ ဖွံ့ဖြိုးဖို့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ အနေနဲ့ ဘာတွေများ လုပ်ဆောင်ပေးနိုင်ကြမလဲ။

ဖေဖော်ဝါရီလ ၁၀၊ ၂၀ဝ၄

ဘဂ္ဂဒက်၊ အီရတ်။

ကောင်းသောညနေခင်းပါ။ ဒီကနေ့ကျွန်တော့်အနေနဲ့ ဒီမိုကရေစီ တည်ဆောက်ရေး နဲ့ ဒီမိုကရေစီ တောင့်တင်းခိုင်မာရေး အတွက်အရပ်ဖက်လူ့အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို အကြမ်းဖျင်း ပြောချင်ပါတယ်။ အခု ဒီတွေ့ဆုံပွဲကိုတက်ရောက်လာကြတဲ့ ခင်ဗျားတို့အားလုံးဟာ ကဏ္ဍစုံက အရပ်ဖက်လူ့အဖွဲ့အစည်းအသီးသီးမှာ ခေါင်းဆောင်မှုအပိုင်းကတာဝန်ယူထားကြသူတွေချည်းပါပဲ။ ကျွန်တော့အနေနဲ့လည်း ခင်ဗျားတို့ကို အခုလိုတွေ့ဆုံပြီးကျွန်တော့်အမြင်ကို ဝေမျှခွင့်ရတဲ့အတွက် အလွန် စိတ်ကျေနပ်မိပါတယ်။

အရပ်ဖက် လူ့အဖွဲ့အစည်း ရယ်လို့ဆိုလိုက်တာနဲ့ ကျွန်တော် ရည်ညွှန်းတဲ့အထဲမှာ စနစ်တကျဖွဲ့စည်းထားတဲ့ နိုင်ငံတော်ရဲ့ သြဇာကကင်းလွတ်ပြီး (အတိုင်းအတာတခုထိ အမှီအခိုကင်းကင်းနဲ့ ကိုယ်တိုင်ရပ်တည်နိုင်စွမ်းလည်းရှိတဲ့) မိမိဆန္ဒအလျောက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ၊ အသင်းအပင်းတွေ၊ အကုန်လုံးကိုခြုံငုံပြီး ဆိုလိုချင်တာပါ။ အခု ခင်ဗျားတို့ ဦးဆောင်နေတဲ့ အသင်းအဖွဲ့တွေ လိုမျိုးပေါ့။ခင်ဗျားတို့တင် မကပါဘူး။ အဲ့စာရင်းတွေမှာ လွတ်လပ်တဲ့ လူထုအခြေပြု သတင်းနဲ့ စာနယ်ဇင်းတွေ၊သင့်ခ်တန့်ခ်လို့ ခေါ်တဲ့ ကျွမ်းကျင်သူ ပညာတတ်အစုအစည်းတွေ၊ တက္ကသိုလ်တွေ၊ လူမှုရေးနဲ့ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေလည်း အပါအဝင် ဖြစ်ပါတယ်။

Civil Society Photo: Anna Woźniak

အရပ်ဖက် လူ့အဖွဲ့အစည်းရဲ့ တစိတ်တဒေသအဖြစ် ပါဝင်ဖို့က၊ အစုအဖွဲ့တွေနေနဲ့ ရှိကိုရှိရမယ့် သတ်မှတ်ချက် တချို့လည်း ရှိပါတယ်။ဒီမိုကရေစီ စနစ် တခုမှာဆိုလို့ရှိရင် အရပ်ဖက် လူ့အဖွဲ့အစည်းမှာ ပါဝင်တဲ့ အစုအဖွဲ့တွေဟာ

ပထမအချက်အနေနဲ့ တရားဥပဒေကို ရိုသေလေးစားမှု ရှိရပါမယ်။

နောက်ပြီး  တခြားသော တသီးပုဂ္ဂလ (သို့) အစုအဖွဲ့ တွေအနေနဲ့ သူတို့ရဲ့ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြသနိုင်ခြင်း တည်းဟူသော အခွင့်အရေးကိုလည်းအသိအမှတ်ပြုပေးရပါမယ်။

Civil Society မှာ ပါတဲ့Civil ဆိုတဲ့ စကားလုံး ကိုယ်တိုင်က စိတ်ရှည်သည်းခံခြင်း၊ ဗဟုဝါဒ နဲ့ မတူကွဲပြားခြင်းစတာတွေကို ကိုယ်စားပြုပါတယ်။

အရပ်ဖက်လူ့အဖွဲ့အစည်းတွေ အနေနဲ့နိုင်ငံတော်နဲ့သာမက နိုင်ငံရေးပါတီတွေနဲ့ပါ ဆက်ဆံ ပူးပေါင်းလုပ်ဆောင်ရတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ဒါပေမယ့် အဖွဲ့တွေအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ထိန်းသိမ်းထားဖို့ သိပ်အရေးကြီးပါတယ်။နောက်ပြီး မိမိတို့ကိုယ်တိုင်ကလည်း နိုင်ငံရေးသြဇာ မတည်ဆောက်မိဖို့ လိုပါတယ်။

အသွင်ကူးပြောင်းရေးကာလမှာ အဖွဲ့ဝင်တွေကိုတလွဲအသုံးချတဲ့ အဖွဲ့အစည်းမျိုးတွေ ပေါ်ပောက်လာတတ်တာ ဓမ္မတာပါပဲ။ များသောအားဖြင့် အဲ့ဒီလိုအဖွဲ့အစည်းတွေက အဖွဲ့ဝင်တွေရဲ့ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ကို အသိအမှတ်မပြုပါဘူး။တခြားသောအဖွဲ့အစည်းတွေက သဘောထားကွဲလွဲလာခဲ့ရင်လည်း သည်းခံနိုင်စွမ်းမရှိတတ်ကြပါဘူး။အဲ့လိုအဖွဲ့တချို့ဟာ များသောအားဖြင့် နိုင်ငံရေးအာဏာကို ရယူဖို့ ကြိုးစားနေကြတဲ့ နိုင်ငံရေးပါတီ၊နိုင်ငံရေးလှုပ်ရှားမှုတွေရဲ့ ရှေ့မျက်နှာစာအဖွဲ့အစည်းတွေလည်း ဖြစ်နေတတ်ကြပါတယ်။ အဲ့လိုအဖွဲ့အစည်းတွေကိုအရပ်ဖက်လူ့အဖွဲ့အစည်းလို့ သတ်မှတ်လို့ မရသလို သူတို့ဟာ ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ်ကိုလည်းအကျိုးပြုခြင်း အလျဉ်းမရှိဘူးလို့ ဆိုနိုင်ပါတယ်။

ဒါဆိုရင် မေးစရာ ရှိလာတာက… လွတ်လပ်ပါတယ်ဆိုတဲ့၊ကိုယ့်သဘောကိုယ်ဆောင်တဲ့၊ တရားဥပဒေနဲ့ အညီ ကျင့်သုံးတဲ့ ဗဟုဝါဒီ အရပ်ဖက်လူ့အဖွဲ့အစည်းတွေက…ဘာတွေကို လုပ်ကိုင်ဆောင်ရွက်ပြီး ဒီမိုကရေစီကို တည်ဆောက်၊ ပြုပြင်၊ ထိန်းသိမ်းကြမှာလဲဆိုတဲ့ မေးခွန်းပဲ ဖြစ်တယ်။

အရပ်ဖက်လူ့အဖွဲ့အစည်းရဲ့ အခြေခံအကျဆုံး အစိတ်အပိုင်းကတော့ နိုင်ငံတော်ရဲ့အာဏာအဝန်းအဝိုင်းကို ကန့်သတ်ထိန်းချုပ်ထားခြင်းပဲ။ မှန်ပါတယ်… ဘယ်ဒီမိုကရေစီ စနစ်မှာမဆို နိုင်ငံတော်အနေနဲ့ကတော့လုပ်နိုင်ကိုင်နိုင်တဲ့ အာဏာစက်ဝန်းတော့ ရှိဖို့လိုအပ်တယ်။ ဒါပေမယ့် စစ်အာဏာရှင်စနစ်ကနေရုန်းကန်ထလာတဲ့ နိုင်ငံတစ်ခုအတွက်ကျတော့၊ နိုင်ငံရေးဦးဆောင်ပုဂ္ဂိုလ်တွေ၊ နိုင်ငံတော်အာဏာပိုင်တွေရဲ့သြဇာအာဏာကို အနီးကပ် လေ့လာစောင့်ကြပ်ကြည့်ရှုပြီး အမြဲ ထိန်းသိမ်းကြပ်မတ် နေဖို့ လိုပါတယ်။

အရပ်ဖက်လူ့အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေအနေနဲ့နိုင်ငံ့အာဏာပိုင်တွေ သူတို့လုပ်ပိုင်ခွင့်တွေကို ဘယ်လိုအသုံးချနေလဲဆိုတာကို စောင့်ကြပ်ကြည့်ရှုနေဖို့လိုအပ်ပါတယ်။ အာဏာအလွွှဲသုံးစားပြုတာမျိုး မြင်တွေ့လာရရင်လည်း ပြည်သူလူထုသိရှိလာအောင်ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့်ပါတယ်။ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေသတွေ၊ အဂတိလိုက်စားမှုထိန်းချုပ်ရေးဆိုင်ရာ ဥပဒေစည်းမျဉ်းဘောင်တွေ ပြဌာန်းကျင့်သုံးဖို့ကိုလည်း အမြဲ အစဉ်တစိုက်တောင်းဆိုနေသင့်ပါတယ်။ (ဒါမှ အစိုးရအနေနဲ့ လုံခြုံရေး အကြောင်းပြပြီး သတင်းအချက်အလက်ထိန်းချုပ်မှုတွေသုံးလို့ သူတို့ရဲ့ အဂတိလိုက်စားမှုတွေကို ဖုံးကွယ်မထားနိုင်မှာ ဖြစ်ပါတယ်။)

အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ ဒုတိယအရေးကြီးတဲ့ အခန်းကဏ္ဍကတော့ အခုနကပြောတဲ့အစိုးရအရာရှိမင်းများရဲ့ ချစားမှုတွေ ကို ဖော်ထုတ်ပြီး၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုဆိုင်ရာအပြောင်းအလဲတွေကို အစိုးရအနေနဲ့ များများဖော်ဆောင်ပေးဖို့ တွန်းအားပေးတောင်းဆိုရမှာဖြစ်ပါတယ်။ တခါတရံမှာ ချစားမှုတိုက်ဖျက်ရေးဥပဒေတွေ ကော်မတီတွေ ရေးဆွဲ၊ ပြဌာန်း၊ ဖွဲ့စည်းထားပေမယ့် အရပ်ဖက်လူ့အဖွဲ့အစည်းရဲ့ ကူညီပံ့ပိုးမှုတွေ၊ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေ မရှိရင် ထင်သလောက် ခရီးမပေါက်တတ်ကြပါဘူး။

အရပ်ဖက်လူ့အဖွဲ့အစည်းရဲ့ တတိယမြောက် အခန်းကဏ္ဍက နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေမှာပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကို တိုက်တွန်းမြှင့်တင်ပေးဖို့ပဲ ဖြစ်ပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ဒီအခန်းကဏ္ဍကိုဖြည့်ဆည်ပေးဖို့အတွက် လုပ်ဆောင်နိုင်တာကတော့ ပြည်သူလူထုကို ဒီမိုကရက်တစ် နိုင်ငံသားတစ်ယောက်အနေနဲ့သူတို့မှာရှိတဲ့ ကိုယ်ပိုင်အခွင့်အရေးတွေ၊ နိုင်ငံသားဝတ္တရားတွေရယ်နဲ့ ပတ်သက်ပြီး အသိပညာပေးဖို့ပဲဖြစ်ပါတယ်။ ရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲတွေကို တက်ရောက်ပြီး သေ့ချာလေ့လာနားဆင်ဖို့၊ရွေးကောက်ပွဲတွေမှာ ကိုယ့်ရဲ့ ရွေးကောက်တင်မြှောက်ပိုင်ခွင့်ကို အပြည့်အဝအသုံးချဖို့စတာတွေကို တိုက်တွန်းပေးရမှာ ဖြစ်ပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဟာ နိုင်ငံသားတွေအနေနဲ့မိမိရဲ့အမြင်ကို လွတ်လွတ်လပ်လပ် လှစ်ဟပြသနိုင်စွမ်း၊ ဘုံရင်ဆိုင်နေရတဲ့ ပြည်သူလူထုကြားကပြဿနာတွေကို ပြည်သူအချင်းချင်း အပြန်အလှန် အထောက်အကူပြုရင်း ဖြေရှင်းနိုင်စွမ်း အစရှိတာတွေကိုမြှင့်တင်ပေးဖို့လည်း လိုအပ်ပါသေးတယ်။

အရပ်ဖက်လူ့အဖွဲ့အစည်းရဲ့ စတုတ္ထမြောက် အခန်းကဏ္ဍက၊ ဒီမိုကရက်တစ် လူ့ဘောင်ရဲ့အခြားသော တန်ဖိုးတွေဖြစ်တဲ့ သည်းခံခြင်းတရား၊ အလယ်အလတ်လမ်းစဉ်၊ အပြန်အလှန်အလျှော့ပေးလိုက်လျောမှု၊မတူဆန့်ကျင်တဲ့ အမြင်တွေအပေါ် လေးစားတန်ဖိုးထားမှု၊ အစရှိတဲ့ သဘောတရားတွေကိုပါ လူ့ဘောင်ထဲအသားတကျဖြစ်အောင် သွတ်သွင်းဖို့ လိုအပ်ပါတယ်။ အပြန်အလှန် ဖယ်ထုတ်မှု အားကြီးတဲ့ ယဉ်ကျေးမှုမှာ ဒီမိုကရေစီ အုတ်မြစ်က ခိုင်ခန့်ဖို့ခဲယဉ်းပါတယ်။ အပြန်အလှန် နေရာပေးတတ်တဲ့ ဝန်းကျင်မှာပဲ ဒီမိုကရေစီက ရှင်သန်နိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် ဒီတန်ဖိုး၊ ဒီသဘောတရားတွေကို သင်ကြားပြသပေးရုံနဲ့ အသားကျသွားအောင်လုပ်လို့မရပါဘူး။ နေ့တဓူဝကျင့်သုံးရင်းနဲ့ ခံစားနားလည်ပြီး တန်ဖိုးထားလာတတ်ကြတာမျိုးပါ။ဥပမာကောင်းကောင်း တစ်ခုပေးရမယ်ဆိုရင် အမျိုးသမီးအခွင့်အရေးအတွက် ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းတွေရဲ့စွမ်းဆောင်မှုကို ပြောရပါလိမ့်မယ်။ သူတို့ဟာ ငြင်းခုံဆွေးနွေးပွဲလို လူအများ ပူးပေါင်းပါဝင်နိုင်တဲ့လှုပ်ရှားမှုအစီအစဉ်တွေ စီစဉ်ပြီး မျိုးဆက်သစ် လူငယ် လူရွယ်တွေရဲ့ စိတ်ထဲ အခုနက ကျွန်တော်ပြောခဲ့တဲ့ဒီမိုကရက်တစ် လူ့ဘောင်ရဲ့ တန်ဖိုးကို ပြုစုပျိုးထောင်ပေးသွားပါတယ်။ (ဒါဟာ အနာဂတ်သစ်ကိုမျိုးစေ့ချခြင်းပါ။)

ပဉ္စမမြောက်အနေနဲ့ ကျောင်းတွေမှာ ဒီမိုကရက်တစ် ပြည်သူနီတိ သင်ခန်းစာတွေသင်ကြားပြသနိုင်အောင် ဖက်ပေါင်းစုံက အကူအညီ ပေးကြရပါမယ်။ စစ်အာဏာရှင်ခေတ်လွန်ကာလ တွေမှာ လုပ်ကိုလုပ်ရမယ့် ပြုပြင်ပြောင်းလဲမှုတစ်ခုက ပညာရေးပါ။ သင်ရိုးညွှန်းတမ်းတွေကို ပြန်လည်ဆန်းစစ်ရပါမယ်။ ဖတ်စာအုပ်အသစ်တွေ ပြန်ရေးရပါမယ်။ဒီမိုကရေစီရဲ့ စည်းမျဉ်းတွေနဲ့ တန်ဖိုးတွေကို သင်ကြားဖို့၊ အတိတ်ကဖြစ်ခဲ့တဲ့ ရာဇဝတ်မှုတွေအကြောင်းအသိပညာပေးဖို့အတွက်လဲ ဆရာ၊ ဆရာမတွေကို ပြန်လည် လေ့ကျင့်မွမ်းမံ ပေးဖို့ လိုပါလိမ့်မယ်။ဒီပြုပြင်ပြောင်းလဲမှုတွေက အရမ်းကို ကြီးလေးတဲ့ တာဝန်ဝတ္တရားဖြစ်ပြီး ပညာရေးဝန်ကြီးဌာနတစ်ခုထဲကအလုံးစုံ ဆောင်ရွက်လုပ်ကိုင်ရမယ်လို့ မျှော်လင့်ထားလို့ မဖြစ်ပါဘူး။ အရပ်ဖက်လူ့အဖွဲ့အစည်းတွေဟာလေ့ကျင့်သင်ကြားပေးမှု ဆိုင်ရာကိစ္စရပ်တွေမှာ ဝန်ကြီးဌာနကို ပါဝင်ကူညီပေးရပါမယ်။

ဆဌမမြောက်အနေနဲ့ အရပ်ဖက်အဖွဲ့အစည်းဆိုတာ မတူကွဲပြားတဲ့ လူအစုအဖွဲ့တွေရဲ့အကျိုးစီးပွားကို ထင်ဟပ်ပြသနိုင်ရမယ့် မျက်နှာစာတွေပဲ ဖြစ်တယ်။ အမျိုးသမီးထု။ ကျောင်းသားထု၊ လယ်သမားထု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားအစု၊အလုပ်သမားသမဂ္ဂတွေ၊ ရှေ့နေ၊ ဆရာဝန် အစရှိတဲ့မိမိတို့ ကိုယ်စားပြုထားတဲ့ လူတန်းစား၊ အလွှာအစုအဖွဲ့ အသီးသီးရဲ့ လိုလားချက်တွေနဲ့ပြဿနာရပ်တွေ ဖြေရှင်းပေးနိုင်ဖို့ ရပ်တည်နိုင်စွမ်း ရှိရပါမယ်။ ဒီအဖွဲ့အစည်းတွေဟာ မိမိတို့အမြင်ကို လွှတ်တော်တွေ၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကို ရှင်းလင်း ချပြ ဆွေးနွေးနိုင်စွမ်းရှိရပါမယ်။လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ထိတွေ့ဆက်ဆံပြီး လိုအပ်ရင် လွှတ်တော်ကော်မတီတွေမှာ သက်သေခံထွက်ဆိုနိုင်လောက်တဲ့အထိ အစွမ်းအစ ရှိရပါမယ်။ မိမိတို့ လိုလားတောင့်တချက်တွေကို အစိုးရ ဝန်ကြီးဌာန၊ ရုံးဌာနတွေနဲ့တေ့ဆိုင်ဆွေးနွေး ညှိနှိုင်းတဲ့ စားပွဲဝိုင်းထိုင် ယဉ်ကျေးမှု ထွန်းကားအောင် လုပ်ဆောင်ရပါမယ်။

အဆက်အသွယ်တွေများပြီး ကျစ်ကျစ်လစ်လစ်ဖွဲ့စည်းထားတဲ့ အစုအဖွဲ့တွေရဲ့ ဆန္ဒနဲ့ လိုအပ်ချက်တွေကိုပဲ ဖြည့်ဆည်းဖို့ ကြိုးစားတာမျိုးလဲမဖြစ်သင့်ပါဘူး။ အချိန်ကာလ ရလာတာနဲ့အမျှ၊ လူ့ဘောင်က ဖယ်ကျဉ်ဖိနှိပ်ခြင်း ခံထားရတဲ့အဖွဲ့တွေဟာလည်း မိမိတို့ရဲ့ ရပိုင်ခွင့်ကို တိတိပပ လေးလေးနက်နက် တောင်းဆိုပြီး၊ မိမိရဲ့အကျိုးစီးပွားကို ကာကွယ်နိုင်စွမ်း ရှိလာဖို့ပါ လိုအပ်ပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေနေနဲ့ ဒီမိုကရေစီ ရင့်သန်လာအောင် လုပ်နိုင်မယ့် သတ္တမမြောက်နည်းလမ်းကတော့အရင်က ရှိနေခဲ့တဲ့ လူမျိုးစုကွဲတွေ၊ ဘာသာစကားကွဲတွေ၊ သက်ဝင်ယုံကြည်မှုအကွဲတွေ နဲ့ တခြားဇာတိပုည ကွဲပြားနေမှုတွေကို စည်းနှောင်ပေးမယ့် သွေးစည်းညီညွတ်ရေး ပုံသဏ္ဍာန်အသစ်တွေ ဖြည့်ဆည်းပေးရမှာဖြစ်တယ်။ လူတွေဟာ ကိုယ်နဲ့ ဘာသာတူ၊လူမျိုးတူ အဖွဲ့က လူတွေနဲ့ပဲ ပတ်သက်ဆက်ဆံနေမယ် ဆိုရင် ဒီမိုကရေစီဟာ မတည်မငြိမ် ဖြစ်လာတတ်တဲ့သဘာဝ ရှိပါတယ်။ အမျိုးသမီး၊ အနုပညာရှင်၊ ဆရာဝန်၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ ရှေ့နေ၊လူ့အခွင့်အရေး လှုပ်ရှားသူ၊ ပတ်ဝန်းကျင်ရေးရာ လှုပ်ရှားသူ အဲ့လို အဖွဲ့ကွဲတွေမှာ လူမျိုး၊ဘာသာ မတူညီတဲ့ နောက်ခံက လာတဲ့ လူတွေဟာ ဘုံအကျိုးစီးပွားအတွက် အတူ လက်တွဲကြိုးစားကြရင်ဖြင့်လူ့ဘောင်ဟာ နားလည်မှုတရားတွေ ပိုပြီး ပြည့်ဝလာလို့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးဟာလည်း ပိုပြီးမြင့်မားတဲ့ လူ့အဝန်းအဝိုင်းတစ်ခုကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

အဌမမြောက်အနေနဲ့ကတော့ အရပ်ဖက်လူ့အဖွဲ့အစည်းဆိုတာ နိုင်ငံ့ခေါင်းဆောင်တွေမွေးထုတ်ပေးတဲ့ လေ့ကျင့်ရေးကွင်းလို့ ဆိုရင်လည်း မမှားပါဘူး။ အရပ်ဖက်အဖွဲ့အစည်းတွေဟာ ပြည်သူ့ရေးရာကိစ္စရပ်တွေကိုကောင်းစွာ ကိုင်တွယ်ထိန်းသိမ်းနိုင်တဲ့၊ ပြည်ထောင်စု အစိုးရအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့အစရှိတဲ့ နိုင်ငံ့အုပ်ချုပ်ရေးယန္တရားကြီးရဲ့ အလွှာအဆင့် အစုံမှာ တာဝန်ထမ်းဆောင်နိုင်စွမ်းရှိတဲ့ခေါင်းဆောင်ကောင်းတွေ ကောင်းစွာ လေ့ကျင့်မွေးထုတ်ပေးနိုင်ကြပါတယ်။ အမျိုးသမီးခေါင်းဆောင်ကောင်းတွေဟာအရပ်ဖက် လူ့အဖွဲ့အစည်းတွေကနေ ပေါ်ထွက်လာတယ်ဆိုတာကိုလည်း တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံတွေကနေကျွန်တော်တို့ သင်ခန်းစာ ရယူနိုင်ပါလိမ့်မယ်။

နဝမမြောက်အနေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဟာ ပြည်သူလူထုရဲ့ အရေးကြီးတဲ့ ကိစ္စရပ်တွေကိုပြည်သူလူထုကို အသိပေးနိုင်ပါတယ်။ဒါဟာ မီဒီယာတွေကပဲ သီးသန့် လုပ်ရမယ့် အရေးကိစ္စမဟုတ်ပါဘူး။ အစိုးရ မဟုတ်တဲ့ အဖွဲ့တွေဟာလူတစုတဖွဲ့ဖြစ်စေ၊ ပြည်သူလူထုတစ်ရပ်လုံးနဲ့ ဖြစ်စေ သက်ဆိုင်နေတဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီးလွှတ်တော်ပြင်ပကနေ ပြည်သူ့ရေးရာ မူဝါဒကို ငြင်းခုံဆွေးနွေးနိုင်မယ့် ဖိုရမ် (Forum)လို တွေ့ဆုံပွဲတွေ စီစဉ်ပြီး သတင်းအချက်အလက်တွေကို လူအများစုထံ ဖြန့်ဝေပေးနိုင်ပါတယ်။

ဒဿမအချက်အနေနဲ့က အရပ်ဖက်လူ့အဖွဲ့အစည်းတွေဟာ ပဋိပက္ခတွေဖြစ်ပွားလာရင် ပြဿနာ ပြေလည်အောင် ဆွေးနွေးညှိနှိုင်းပေးတဲ့ကြားဝင်ဖျန်ဖြေပေးသူ အနေနဲ့လည်း ဆောင်ရွက်နိုင်ပါသေးတယ်။ တချို့သော နိုင်ငံတွေမှာဆိုရင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဟာမိမိရဲ့ အဖွဲ့ဝင်တွေကို နိုင်ငံရေး၊ လူမှုရေး ပဋိပက္ခတွေ ဖြေရှင်းနိုင်စွမ်းရှိအောင်လေ့ကျင့်သင်ကြားပေးထားတာ တွေ့ရပါတယ်။ ဖြစ်ပွားနေတဲ့ အချင်းများမှုတွေကို ပြေလည်သွားတဲ့အထိအပြန်အလှန် အလျှော့အတင်းနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်အောင် သင်ကြားပေးထားတာမျိုးပါ။

ဧကဒဿမအနေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဟာရွေးကောက်ပွဲ စောင့်ကြပ်ကြည့်ရှုရေး ဆိုတဲ့ အင်မတန်အရေးကြီးတဲ့ တာဝန်ဝတ္တရားကြီးတစ်ခုကိုလည်းထမ်းဆောင်နိုင်ပါသေးတယ်။ နိုင်ငံရေးပါတီတွေကိုယ်စားလှယ်လောင်းတွေနဲ့ ဘယ်လိုမှ မပတ်သက်တဲ့ အဖွဲ့အစည်းပေါင်းစုံနဲ့ ချိတ်ဆက်ညှိနှိုင်းဆောက်ရွက်ခြင်းအားဖြင့်အစွဲအလန်း ကင်းပြီး ဘက်မလိုက်ပဲ မျှမျှတတ စောင့်ကြည့်နိုင်ဖို့ လိုအပ်တယ်။ အဓိကအချက်ကတော့မဲပေးခြင်းနဲ့ မဲရေတွက်ခြင်း ဆိုတဲ့ ကိစ္စရပ်တွေဟာ လွတ်လပ်၊ တရားမျှတပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ထင်သာမြင်သာ ရှိဖို့ လိုအပ်တာပါ။ အရပ်ဖက်လူ့အဖွဲ့အစည်းတွေကသာ ဒီတာဝန်ကို ယူဖို့ လစ်ဟင်းရင်ဒီမိုကရေစီနုနုနယ်နယ် နိုင်ငံတွေမှာ တရားမျှတပြီး ယုံကြည်ထိုက်တဲ့ ရွေးကောက်ပွဲဆိုတာကျင်းပဖို့ အင်မတန်မှ ခက်ခဲပါတယ်။

နောက်ဆုံးအနေနဲ့ ပြောလိုတာကအရပ်ဖက်လူ့အဖွဲ့အစည်းဆိုတာ နိုင်ငံတော်နဲ့ ဆန့်ကျင်ဘက်သဘောကြီးပဲ မဟုတ်ပါဘူး။ အရပ်ဖက်အဖွဲ့အစည်းတွေဟာနိုင်ငံတော်ရဲ့ လွှမ်းမိုးမှုသြဇာကနေ သီးခြားရပ်တည်တယ်လို့ ဆိုရုံနဲ့ တချိန်လုံး နိုင်ငံတော်ကိုဝေဖန်ပြီး ဆန့်ကျင်နေရမယ်လို့လည်း မဟုတ်ပါဘူး။ တကယ့်တကယ်တန်းတော့၊ နိုင်ငံတော်ရဲ့အလွှာအဆင့်အသီးသီးကို ကျစ်ကျစ်လစ်လစ် ထိထိရောက်ရောက် ပိုပြီး တာဝန်ယူစေခြင်းအားဖြင့်(နိုင်ငံတော်ဟာ ဥပဒေကြောင်းအရ ပိုပြီး အသိအမှတ်ပြုခံရရုံမက) နိုင်ငံသားတို့ရဲ့ နိုင်ငံတော်အပေါ်ထားရှိတဲ့လေးစားမှုကိုလည်း ပိုမြင့်မားစေမှာ ဖြစ်ပါတယ်။ အကျိုးဆက်အားဖြင့် နိုင်ငံသားတွေဟာ နိုင်ငံတော်ရဲ့တိုင်းပြုပြည်ပြု လုပ်ငန်းစဉ်တွေမှာ အပြုသဘောနဲ့ ပူးပေါင်းဆောင်ရွက်လာကြပါလိမ့်မယ်။

ဒီမိုကရက်တစ် နိုင်ငံတော်တစ်ခုဟာနိုင်ငံသားတို့ရဲ့ လေးစားမှုနဲ့ အထောက်အပံ့မရှိ၊ စွမ်းဆောင်ရည်နဲ့ ဥပဒေကြောင်းအရ တရားဝင်ဖြစ်တည်မှုလည်းအားနည်းနေမယ်ဆိုရင် နိုင်ငံရေး တည်ငြိမ်မှု ယိုယွင်းတတ်ပါတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေဟာ စောင့်ကြည့်လေ့လာကြပ်မတ်ထိန်းသိမ်းရမယ့် တာဝန်ရှိရုံမျှမက နိုင်ငံတော်နဲ့ နိုင်ငံသားများကြားအခုနက ကျွန်တော်ပြောတဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ထွန်းလာအောင်ဆောင်ကြဉ်းပေးရမယ့် အရေးပါတဲ့ ကြားပလေယာ (Player) တွေလို့ဆိုရင်လည်း မမှားပါဘူး။

လယ်ရီဒိုင်းမွန်း

သူတော်ကောင်းတို့ တရားပျက်ကြပြီ။

တရားကို တေးလိုဆို၊
အဖကို သားကဆဲ၊
ဆွေမျိုးထဲက ဓားပြတိုက်၊
မိုက်ရဲလျှင် သောတပန်၊
မကောင်းကြံက သမာဓိ၊
ရွှေရှိမှ လူလိမ္မာ၊
လိမ်နိုင်မှ သစ္စာရှင်၊
ရိုးသားသူကို အရူးလို့ထင်၊
အင်္ကျီပါးနှင့် ဥပုသ်သည်၊
ဇရပ်အလည် ကို့ယိုးကားယား၊
လူဆင်းရဲက သူဌေးယောင်ဆောင်၊
အဝတ်ပြောင်မှ လူရိုသေ၊
ရွှေရှိဘုရားမှ ရှိခိုးချင်၊
ဇာတ်သမားမှ လူခေါ်ချင်၊
အပျိုငယ်က၊ လင်နေစော၊
အမျိုးကောင်းသမီးက ပိုက်ဆံရှာ၊
လင်ရှိမယားက အပျိုလုပ်၊
ဆယ်နှစ်သမီးက အိမ်ထောင်ချင်၊
ဖိုးသူတော်က ဘိုစတောက်ချ၊
အပျိုပေါက်စ နှစ်လင်ယူ၊
လူရင်းနှီးတော့ အတိုးချ၊
ခိုးဓားပြက လူလို့အော်၊
ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်၊
မယ်သီလက အနုဆေးဖေါ်၊
မရှောင်တမ်းတိုးတာ တစ်ခုလပ်၊
အမှန်ပြောတော့ အမုန်းပွား၊
ဥပုသ်စောင့်ရင်း အတင်းပြော၊
ခေတ်ကြီးကိုတော့ အပြစ်ဆို၊
ကိုယ့်ကိုယ်ကိုတော့ဖြင့် အကောင်းထင်၊
အလှူပေးရင်း ထမင်းရောင်း၊
မသာပို့ရင်း အပျိုလှည့်၊
သူတော်ကောင်းတို့ တရားပျက်ကြပြီ။

((နဝမ)ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ)

တက္ကသိုလ်

မင်းတို့ တက်ချင်တဲ့ တက္ကသိုလ်ပုံစံကို မင်းတို့ကိုယ်တိုင် ဖန်တီးလို့ရတယ် ဆိုတာကို မမေ့ကြနဲ့။ အဓိက ကတော့ တက္ကသိုလ်ရဲ့ စိတ်ဓာတ်၊ တက္ကသိုလ်ရဲ့ နှလုံးသားဝိဉာဉ် ပျောက်ပျက်မသွားဘူး ဆိုရင် ဘယ်လိုနေရာမျိုးမှာပဲ တက်ရ၊ တက်ရ ဘယ်လိုပုံစံမျိုးပဲ တက်ရ၊ တက်ရ တက္ကသိုလ်ဟာ တက္ကသိုလ်ပါပဲ။

ကျော်ဝင်းနိုင်
(လွမ်းစိမ့်)

ပန်းစကား

လှေမျောတက်မဲ့ လည်ချင်းနွဲ့မီ
တစ်လှည့်စီမွှေး လက်ချင်းတွေဆုပ်
ငှက်တေးချိုပျား ပန်းစကားကို
ပြောကြားမဆုံး နှစ်ယောက်လုံးပဲ
အပြုံးလှယ်ကြ ရယ်မောကြနှင့်
တစ်ဘဝမျှ နေချင်သည်…

(ကြည်အေး)

ခံစားချက်

အသံလေးကို ချစ်တယ်ဆိုရင် အသံကြားရရုံနဲ့ ကျေနပ်လိုက်တာ အကောင်းဆုံးပါပဲ။ စိတ်ကို စိတ်အတိုင်း ထားနိုင်ရမှာပေါ့။ ခံစားချက်ဆိုတာ အတ္တမပါမှ ဖြူစင်တယ်။

စိုမှာ စိုးလို့ မိုးမိတယ် – မင်းခိုက်စိုးစန်

နွေတမ်းချင်း

မေ ပြန်အလာ
နွေ ဒဏ်ရာတွေ
မွကြေသမျှ။

ပုရစ်ဖူးစိမ်း
မျက်ရည်လိမ်းလျက်၊
တိမ်းနွဲ့တွယ်ငင်
ကြိုနေချင်သည်။

ကြွေရွက်တစ်ပွေ့
နွေရက်နေ့တွေ
မေ နဲ့တွေ့မှ တိုင်ပြောမယ်။

မောင်လှမျိုး(ချင်းချောင်းခြံ) ၏ “မှိုင်း” ရင်တွင်းဖွဲ့ကဗျာများ မှ

ချစ်သူ

တို့နှစ်ယောက်ဟာ ……
ချစ်သူ မဖြစ်လိုက်ကြရတဲ့
ချစ်သူတွေပါပဲ …..။
လေတစ်ချက် အဝင့်မှာ
ပွင့်ချိန် ကုန်သွားတာပါ

ကိုးမရှိတဲ့နဝင်း − တာရာမင်းဝေ

အပြာရောင်အလံတစ်လက်

ချစ်သူဆိုတာ
ငါ့သမိုင်းမှာ
အပြာရောင်အလံတစ်လက်ပဲဖြစ်တယ်။

ငြိမ်းချမ်းရေး…
လွတ်လပ်ရေး…
သူ့လက်ကလေးနဲ့ပေးရင်
…ယူချင်တယ်။

ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေး – တာရာမင်းဝေ