ခွဲခွာခြင်း

“ဝမ်းမနည်းပါနဲ့ဟာ၊ ငါ ကြားဖူးတာလေးတခု ပြောပြမယ်၊ ခွဲခွာနေရတာဟာ ဆုံတွေ့နေရတာထက် ပိုကောင်းတယ်တဲ့၊ ဝေးနေရတော့ တနေ့နေ့ ပြန်လည်ဆုံတွေ့ရမှာပဲ ဆိုပြီး မျှော်လင့်နေလို့ရတယ်၊ အတူတူ ရှိနေတာက ခွဲခွာခြင်းအဖြစ် အချိန်မရွေး ပြောင်းလဲသွားနိုင်တယ်တဲ့၊ ဒီလိုပါပဲ၊ မချစ်ဘဲ နေလိုက်တာက သက်သာခွင့် ရနိုင်သေးတယ်၊ ချစ်မိပြီဆိုရင်တော့ ဘယ်တော့များ မုန်းသွားလေမလဲလို့ တထိတ်ထိတ် စိုးရိမ်ပူပန်နေရတတ်တယ်တဲ့ မိမေလရဲ့”

အချစ်ဟု အဓိပ္ပါယ် သက်ရောက်ခြင်း မရှိစေရ။
မင်းလူ

လူတွေအကြောင်း (၂)

အထက်တန်းကျောင်းသား ဘဝ။ သူငယ်ချင်း တစ်ယောက် ဆေးရုံတက်ရတော့ အတူတွဲသွားတွဲလာ လေ့ရှိတဲ့ သူငယ်ချင်းကို ဆေးရုံသွားကြည့်ဖို့ ခေါ်တယ်။ အဲ့ဒီတော့ သူ ငြင်းပါတယ်။

“ဆေးရုံတွေ ဘာတွေ မသွားချင်ဘူး။ ရောဂါကူးတတ်တယ်” တဲ့။

ကျွန်တော်တစ်ယောက်ထဲပဲ ဆေးရုံ သွားလိုက်ပါတယ်။ အခုတော့ အဲ့လို ငြင်းခဲ့တဲ့ သူငယ်ချင်းက ဒုတိယနှစ် ဆေးကျောင်းသားကြီး ဖြစ်နေပြီး သူ ကောင်မလေးတစ်ယောက်ကို လိုက်နေကြောင်း ဝမ်းသာအားရ ပြောနေလေရဲ့။

ကျွန်တော်ရဲ့ အနီးကပ်ဆုံးသူငယ်ချင်း အမှတ်တယ။

ပန်းကျောင်း

“ငါစဉ်းစားနေတာက တို့လူငယ်တွေ ဆံပင်ရှည်တာကို လူကြီးတွေက ဘာဖြစ်လို့ မကြိုက်တာလဲ လို့ စဉ်းစားနေတာ”

“သောက်မြင်ကပ်လို့ ဖြစ်မှာပေါ့ကွာ”

“ဒီလိုလဲ မဟုတ်သေးပါဘူးကွာ”

ဇော်ခင်မော်သည် ဂစ်တာကို ဘေးမှာ အသာချထားလိုက်သည်။ ဒီ ဆံပင်ရှည် ပြဿနာကို သူလည်း စိတ်ဝင်စားသည်။ လှဝင်းဦးသည် နေရာ ပြင်ထိုင်လိုက်သည်။ သူလည်း စိတ်ဝင်စားသည်။ တကယ်တော့ ဆံပင်ရှည် ပြဿာနာသည် လူငယ်တိုင်းစိတ်ဝင်စားသော ပြဿနာတစ်ခု မဟုတ်လား။ ကျော်စွာက စ၍မေးသည်။

“လူငယ်တွေ ဆံပင်ရှည်ထားတာ အပြစ်ရှိသလား။”

“မရှိဘူး”

အားလုံးက သံပြိုင်ဖြေကြသည်။

“ဒါပေမယ့် လူကြီးတချို့ကတော့ တကယ့်ပြစ်မှုကြီး ကျူးလွန်နေသလိုပဲ သဘောထားကြတယ်။”

“တို့လူငယ်တွေ ဆံပင်ရှည်တာ တိုင်းပြည်ကို ဘာများထိခိုက်သွားလို့လဲကွာ”

“အေးလေ၊ ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ လူငယ်တွေ ဆံပင်ရှည်တာ ဘာဆိုင်လို့လဲ”

“တူရကီမှာ ငလျင်လှုပ်တာနဲ့ ဆီဈေးတက်တာနဲ့က ဘာမှမဆိုင်သလိုပေါ့ကွာ”

“ဆံပင်ရှည်ထား ကျန်းမာရေးထိခိုက်တယ်လို့ ပြောတယ်ကွ”

“အံမယ်.. ဆံပင်တိုတော့ကော ကျန်းမာလို့လားကွ။ အာဟာရပြည့်ဝမှ ဆေးဝါးပြည့်စုံမှ ကျန်းမာမှာပါ”

“စာရေးဆရာကြီးတစ်ယောက်က ရေးတယ်ကွ၊ ဆံပင်ရှည်ထားတာ နိုင်ငံခြားယဉ်ကျေးမှုကို အတုခိုးတာတဲ့”

“ဟုတ်လား၊ အဲဒီဆရာကြီးက သျှောင်ထုံးကြီးနဲ့လား”

“အခု မြန်မာပြည်မှာ ထားနေကြတဲ့ ဆံပင်ပုံစံတွေ အားလုံးဟာ နိုင်ငံခြားက ပုံစံတွေချည်းပဲ။ ခေါ်တာတောင် ကြည့်လေ၊ “ဘိုကေ” တဲ့။”

“တကယ့်တကယ် ပြောကြစတမ်းဆိုရင် ဆံပင်ရှည်တဲ့လူက ဆံပင်တိုတဲ့လူထက် မြန်မာပို ပီသတယ်”

“ဟ.. ရှင်းစမ်းပါဦး”

“ဒီလိုလေ၊ ရှေးတုန်းက မြန်မာတွေရဲ့ ဆံပင်ဟာ သျှောင်ထုံးလို့ ရတဲ့အထိ ရှည်တယ်။ နောက်တော့ အင်္ဂလိပ်လူမျိုးတွေကို တုပြီး ဆံပင်အတိုညှပ်ကြတယ်။ ခုပြန်ရှည်လာတာ ရှေးတုန်းက မြန်မာတွေနဲ့ ပြန်တူလာတာပဲကွ၊ ကပ်သပ်ပြောကြစတမ်းဆိုရင် ပြောတာပါ”

“ဆံပင်ရှည်တာဟာ ဘာမှ အကျိုးမရှိဘူးလို့ ပြောကြသေးတယ်”

“ဒါဆိုရင် ပြန်မေးလိုက်ရုံ ရှိတာပဲ။ ဘီယာသောက်တာ ဘာအကျိုးရှိလဲလို့။ လောကကြီးမှာ အဓိပ္ပါယ် မယ်မယ်ရရ မရှိဘဲနဲ့ လူတွေလုပ်နေကြတဲ့ အလုပ်တွေ အများကြီးပါကွာ၊ ဘယ်သူ့ကိုမှ မထိခိုက်ဘူးဆိုရင် ပြီးတာပဲ”

အသက်လေးဆယ်ခန့် လူကြီးတစ်ဦးသည် ဒယီးဒယိုင် လျှောက်လာသည်။ သူ အရက်မူးလာဟန် တူသည်။

“ဟေ့ကောင်တွေ၊ ဘယ်သူမှ မကြောက်လို့ အရက်သောက်တာကွ”

ထိုလူကြီး ပြန်သွားမှ စကား ပြန်စဖြစ်ကြသည်။

“တကယ်တော့ သရုပ်ပျက်တယ် မပျက်ဘူး၊ ယဉ်ကျေးတယ် မယဉ်ကျေးဘူးဆိုတာ ဆံပင်နဲ့လဲ မဆိုင်ဘူး၊ အဝတ်အစားနဲ့လဲ မဆိုင်ဘူး စိတ်ဓါတ်နဲ့ ပဲဆိုင်တယ်။ မြန်မာလူမျိုးမှာ ရှိသင့်တဲ့ စိတ်ဓာတ် ရှိမယ်ဆိုရင် ဆံပင်တိုတိုရှည်ရှည် သရုပ်မှန်တယ်လို့ ဆိုရမှာပဲ”

“ငါတစ်ခုပြောမယ်၊ တို့လူငယ်တွေဟာ ဆံပင်ရှည်ပေမယ့် လူကြီးသူမတွေ ရှေ့ကဖြတ်သွားရင် ခေါင်းငြုံ့့ပီး သွားကြတာပဲ။ လူငယ်တွေ ဘောင်းဘီးရှည် ဝတ်ကြပေမယ့် ဘတ်စကားပေါ်မှာ သက်ကြီးရွယ်အိုတွေ တက်လာရင် နေရာဖယ်ပေးကြတာပဲ။ ဒါ မြန်မာ့ရိုးရာစိတ်ဓါတ်ပဲ။ ပြီးတော့ မဟာဗန္ဓုလဟာ ခါးတောင်းကျိုက်ပြီး နယ်ချဲ့ကို တော်လှန်တယ်။ ခုခေတ် မြန်မာ့တပ်မတော်ဟာ ဘောင်းဘီဝတ်ပြီး ကျူးကျော်သူကို တော်လှန်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျူးကျော်စော်ကားသူကို တွန်းလှန်တာဟာ မြန်မာ့စိတ်ဓာတ်ပဲကွ။ မြန်မာမှာ မြန်မာစိတ်ဓာတ်ရှိဖို့သာ ပဓာနပဲ။ ဝတ်စားဆင်ယင်မှုက သာမညပဲ”

“စာပေဟောပြောပွဲတစ်ခုမှာ စာရေးဆရာတစ်ယောက်က ပြောဖူးတယ်ကွ၊ ဝတ်စားဆင်ယင်မှုဟာ ယဉ်ကျေးမှုနဲ့ မသက်ဆိုင်ဘူးတဲ့။ လူနေမှုအဆောက်အအုံနဲ့သာ သက်ဆိုင်တယ်တဲ့။ ရိုးရာအစဉ်အလာ ဓလေ့ထုံးစံနဲ့ ပတ်သက်တဲ့ အပြုအမူတွေသာ ယဉ်ကျေးမှုနဲ့ သက်ဆိုင်တယ်တဲ့။ ဝတ်စားဆင်ယင်မှုဟာ ခေတ်ကိုလိုက်ပြီး အမျိုးမျိုးပြောင်းလဲ နေမှာပဲတဲ့။ လူနေမှုအဆောက်အအုံဟာလည်း ပြောင်းလဲနေမှာပဲတဲ့။ ဒါပေမယ့် ယဉ်ကျေးမှု မပြောင်းလဲဖို့ကတော့ ရိုးရာအစဉ်အလာ ဓလေ့ထုံးစံတွေကို မပယ်ဖျက်ဖို့ပဲ တဲ့ကွ” …


၂၈၊ ၂၊ ၇၇ လို့ နေ့စွဲတပ်ထားတဲ့ ဆရာ “မင်းလူ” ရဲ့ “ပန်းကျောင်း” ဝတ္ထုထဲက ကူးယူတင်ပြပါတယ်။ လူကြီး၊ လူငယ်ကြား ပြဿနာကို ၁၀တန်းကျောင်းသား ၅ ယောက်လောက်က မကျေမနပ်နဲ့ ပြဇာတ်ဆန်ဆန် အချိတ်အဆက်တွေနဲ့ ဆွေးနွေးသွားတာ တွေ့ရပါတယ်။ ဆရာမင်းလူရဲ့ အရေးအသားကို တစ်လုံးတစ်ပါဒမျှ မပြင်ပဲ တင်ပြတာပါ။ ကျေးဇူးတင်ပါတယ်။

နွေဦးကာလ မြူထသောခါ

နွေဦးကာလ၊ မြူထသောခါ
ရင်းထောင်ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ
ဓားနှီးထက်စွာ၊ ခါးမှာချပ်လျက်
ထန်းပွင့်ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်
ကလိုင်သာလွယ်လို့တက်သည်နှင့်လေး။

ထန်းပင်ထန်းလက်၊ ထန်းရွက်ကယ်ဝေဝေ
စင်အောင်ခုတ်ထစ်၊ နုမျစ်ကယ်ထန်းဦးရေ
မယားငယ်ဆွေ၊ ထန်းရေသိမ်းဆည်း
သားမြေးဟစ်ကြော်၊ ခွေးဝက်ကယ်ခေါ်
ထန်းလျှော်သာ ယုန်ပိုက်စည်းငယ်နှင့်လေး။

ခေါ်သံရိုက်ဟည်း၊ လူလည်းကြော်ငြာ
ခွေးဟစ်လူဟစ်၊ ခတ်ပစ်ကယ်ခြောက်သောခါ
ပုတတ်ကယ်ယုန်ခါ၊ တောမှာရှိကြ
ငုံး ကြက်ကယ် ဖွတ် မြွေ၊ ဝံပုလွေ
မနေထွက်လာကြသည်တည့်လေး။

ဝမ်းသာအားရ၊ မယားကတစ်သွယ်
ဟင်းရွက်ဆိုးကောင်း၊ သောင်းပြောင်းရော၍လွယ်
လင်က တစ်သွယ်၊ ယုန်ငယ်ကစ
တောသတ္တဝါ၊ တွေ့တိုင်းကိုသာ
အိတ်မှာသာယူ၍ချသည်နှင့်လေး။

သို့နှင့်ရောက်က၊ ခဏအောင့်လျှင်
တံစို့ထက်နှင့်၊ ထန်းလျက်ဖိုမှာကင်
ဟင်းအိုးဆူလျှင်၊ အကင်ခတ်ပြီး
အိုးကင်းနှင့်လှော်၊ ရေနှင့်ကြော်
မိုးမျှော်ငရုတ်သီးငယ်နှင့်လေး။

နှီးဒေါင်းလန်းကြီး၊ ခူးပြီးသောခါ
သမီးနှင့်သား၊ များလို့မဝင်သာ
ဒူးတစ်ဖက်ဟာ၊ တွန်းကာဖယ်လျက်
သူ့ထက်ငါလေ၊ စားတော့မည်စေ
စားပေသာလှအုန်းခွက်ကယ်နှင့်လေး။

ငုံ့လျက်ကိုယ်စီသာ
ဆုပ်ကာ လွေးတော့သည်။
ပြီးလျှင်ရေမရှာ
ခွေးသာကျွေးတော့သည်။

တျာချင်း
ဝန်ကြီးပဒေသရာဇာ

အချစ်

ချစ်မယ်ဆိုရင် အချစ်အတွက်မှတစ်ပါး အခြားဘာအတွက်မှ မဖြစ်ပါစေနဲ့။ သူ့အပြုံးလေး နှစ်သက်လို့၊ သူ့မျက်နှာလေး၊ ညင်သာသိမ်မွေ့တဲ့ သူ့စကားပြောပုံလေး၊ သူ့အတွေးတစ်စ ကိုယ်နဲ့ထပ်တူကျသွားတာလေးကို သဘောကျလို့ ချစ်မိတယ်ဆိုတာမျိုး မပြောပါနဲ့။ ချစ်လို့ချစ်တာပဲ ဖြစ်ပါစေ။ အဲဒါမှ အစဉ်အမြဲ ချစ်မှာ။ အချစ်ရဲ့ မဆုံးနိုင်သော သက်တမ်းတလျှောက်လုံး ထာဝရ ချစ်နေမှာ။

Elizabeth Browning (1806-1861)

ဆရာမောင်စူးစမ်း၏ …

ဗြိတိသျှသာ မြန်မာနိုင်ငံကို မသိမ်းခဲ့လျှင် ………

အချို့က မြန်မာနိုင်ငံသည် နိုင်ငံရေးအရ သမ္မတနိုင်ငံသို့ မုချ ပြောင်းလဲခဲ့ရမည်ဟူ၍ လည်ကောင်း၊ စီးပွားရေးအရ အရင်းရှင်စနစ်ထွန်းကား နေခဲ့၍ စက်မှုနိုင်ငံအဖြစ်သို့ ပြောင်းလဲနေခဲ့ရမည်ဟူ၍ လည်းကောင်း ထင်မြင်ခဲ့ကြသည်။ ဆရာမောင်စူးစမ်းသည် အရင်းရှင်စနစ်ထွန်းကား လာနိုင်သည်ကို လက်ခံသော်လည်း ထိုအရင်းရှင်စနစ်သည် ဥရောပအရင်းရှင် စနစ်နှင့် မတူနိုင်ဟု ယူဆ၏။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် အရင်းရှင်စနစ် ဖွံ့ဖြိုးထွန်းကားနေလျက် သက်ဦးဆံပိုင် ဧကရာဇ်စနစ်သည်ပင် ထွန်းကားနေခဲ့ရပေမည်ဟု ယူဆသောကြောင့်ဖြစ်သည်။

ဆရာမောင်စူးစမ်းသည် ကုန်းဘောင်ခေတ်၏ လယ်ယာစိုက်ပျိုးရေးစနစ်ကို ဥပမာယူပြ၏။ ကုန်းဘောင်ခေတ်၏ လယ်ယာစိုက်ပျိုးရေးစနစ် ရှင်ဘုရင်က မြေယာအားလုံးကို ပိုင်ဆိုင်သောစနစ်ဖြစ်သည်။ မြို့စား၊ ရွာစားများကို အဆင့်ဆင့် ကံကြွေးချလျက် စစ်တပ်ကို မြေယာချထားပေးသည်။ တိုင်းသူပြည်သားတို့သည် စစ်မှုထမ်းဖြစ်စေ၊ မင်းမှုထမ်းဖြစ်စေ ဘုရင့်မြေကို လုပ်ပိုင်ခွင့်ရှိသည်။ ထို့ပြင် သီးနှံထွက် ဆယ်ပုံတစ်ပုံ(ဝါ) ဆယ်ခိုင်တစ်ခိုင်ကို အခွန်ဘဏာတော်အဖြစ် ဆက်သရသည်။

စက်မှုလုပ်ငန်းဘက်တွင် တွင်းစားများကို ရေနံတွင်းများ တူးဖော်လုပ်ကိုင် စေလျက် ထွက်သောရေနံကို ဘုရင်ကသာ ဝယ်ယူသည်။ သင်္ဘောကျင်း လုပ်ငန်းသည် ဘုရင့်အားပေးမှုဖြင့် ဗြိတိသျှတို့ အောက်မြန်မာပြည် စတင်သိမ်းပြီးသည်အထိ ထွန်းကားခဲ့၏။ တစ်နိုင်ငံလုံးခြုံ၍ ကျယ်ပြန့် ခြင်းမရှိသည့်တိုင် ကူးသန်းရောင်းဝယ်မှုနှင့် စာသော် ဒင်္ဂါးသွန်းလုပ်သုံးစွဲခြင်းမှာ ဖွံ့ဖြိုးခဲ့သည်။ ဖလ်ချက်စက်ရုံ၊ သေနတ်စက်ရုံ၊ သစ်တောလုပ်ငန်း၊ သတ္ထုလုပ်ငန်း၊ စသည်တို့ကို ဘုရင်က ဦးစီးဦးကိုင်ပြုလျက် ဖွံ့ဖြိုးစေခဲ့သည်။ အတိုချုံးဆိုလျှင် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလုပ်ငန်းတို့တွင် ဘုရင်၏ လက်ဝါးကြီးအုပ်မှုဖြင့် စတင်ထွန်းကားရန် အရှိန်ယူလျက် ရှိသည်။ သို့သော် ကုန်းဘောင်ခေတ်တွင် ဘုရင်လက်ဝါးကြီးအုပ်ထားသော ကူးသန်းရောင်းဝယ်မှုနှင့် ဒွန်တွဲယှဉ်လျက် ပုဂ္ဂလိက လက်မှုလုပ်ငန်းများလဲ ထွန်းကားသေးသည် ဟု စာရေးသူက ဆိုပါသည်။ အထူးသဖြင့် ရက်ကန်းများသည် ပုဂ္ဂလိက လုပ်ငန်းများဖြစ်ကြသည်။

ဘုရင်လက်ဝါးကြီးအုပ်စနစ် ထွန်းကားစေသောအကြောင်းချင်းရာသည် ထိုစဉ်က ဘုရင်တို့လိုက်နာကျင့်သုံးသော ကုန်သည်ဝါဒ ကြောင့်ဟု ဆရာမောင်စူးစမ်းက ဆိုပါသည်။ ကုန်သည်ဝါဒ၏ သဘောမှာ ရွှေသာ ဓနဖြစ်လေရာ ရွှေများနိုင်ငံခြားသို့ထွက်သွားမည်ကို အလွန်စိုးရိမ်သည်။ ယခုခေတ်သစ် ဘောဂဗေဒအမြင်နှင့် ပြောရလျှင် ထိုကုန်သည်ဝါဒသည် အခြားနိုင်ငံများနှင့် စီးပွားရေးအရ ဆက်ဆံမှု နည်းနိုင်သမျှ နည်းပါးစေလေသည်။ နိုင်ငံခြားပစ္စည်းများ အဝယ်နည်းပါးသည်တွင် ပြည်တွင်း၌ ကုန်ထုတ်လုပ်ငန်းများ ထူထောင်နိုင်မှ ဖြစ်တော့မည်။ ဤျတွင် စီးပွားရေးအရရော နိုင်ငံရေးအရပါ အင်အားကြီးသည့် ဘုရင်က ရှေ့ဆောင်ရှေ့ရွက်ပြုလျက် မတည်ထူထောင်ရန် အခြေအနေ ဖြစ်ပေါ်လာလေသည်။

အချို့ ရာဇဝင်ဆရာတို့က ဤသို့သော ဘုရင်လက်ဝါးကြီးအုပ်စီးပွားရေး စနစ်ကို ထောက်ပြလျက် မြန်မာနိုင်ငံသည် ရာဇဝင် အခြေအမြစ်ကပင်လျှင် ဆိုရှယ်လစ် သဘောတရား ကိန်းဝပ်သည်ဟု ကောက်ချက်ဆွဲ ဖော်ပြ၏။ ဤ အချက်မှားယွင်းသည်ဟု ဆရာမောင်စူးစမ်က ထောက်ပြပြန်၏။ အင်္ဂလန်နှင့် ပြင်သစ်တို့တွင် အရင်းရှင်စနစ်သည် မင်းက စီးပွားရေးနယ်ထဲ လက်ဝါးကြီးအုပ်မှုကို ဆန့်ကျင်ရာမှ ဖွံ့ဖြိုးခြင်းဖြစ်သည်။ ပရပ်ရှားနှင့် ဂျပန်တို့တွင် အရင်းရှင်စနစ်မှာ ဘုရင်ဧကရာဇ်က ဦးစီးဦးဆောင်၍ ဖြစ်စေ၊ ဘုရင်ဧကရာဇ်က ကုန်သည်ကြီးတို့နှင့် မဟာမိတ်ဖွဲ့၍ ဖြစ်စေ အရင်းရှင်စနစ်ကို ဖွံ့ဖြိုးထွန်းကား စေခြင်းဖြစ်သည်။ ဆရာမောင်စူးစမ်း၏ ယူဆချက်မှာ မြန်မာနိုင်ငံကိုသာ ဗြိတိသျှတို့ မသိမ်းခဲ့လျှင် မြန်မာနိုင်ငံတွင် ဂျပန်ဧကရာဇ် ဦးစီးဦးဆောင်ပြုသော အရင်းရှင်စနစ်တစ်ရပ် ဖွံ့ဖြိုးနိုင်၏ ဟူ၍ ဖြစ်သည်။

ထို့ပြင် အချို့က မြန်မာနိုင်ငံကိုသာ ဗြိတိသျှတို့ မသိမ်းခဲ့လျှင် လွပ်လပ်သော သမ္မတနိုင်ငံဖြစ်လာလိမ့်မည် ဟုယူဆကြ၏။ ဆရာမောင်စူးစမ်းကမူ ဘုရင် ဧကရာဇ်စနစ်ပင် ဆက်လက်တည်မြဲနေမည်ဟု ယူဆ၏။ သမ္မတနိုင်ငံဖြစ်လာ နိုင်သလော (သို့မဟုတ်) ဘုရင်ဧကရာဇ် အမည်ခံသာရှိသော ပါလီမန် ဒီမိုကရေစီနိုင်ငံဖြစ်လာနိုင်သလော ဟူသော ပြဿနာမှာ တိုင်းပြည်၏ စီးပွားရေးအင်အားအသီးသီးပေါ် မူတည်လေသည်။ လွပ်လပ်သော ကုန်ထုတ် လုပ်သူများက စီးပွားရေးအရရော နိုင်ငံရေးအရပါ အင်းအားကြီးခဲ့လျှင်မူ ပြင်သစ် တော်လှန်ရေး ကဲ့သို့ဖြစ်စေ၊ ဗြိတိန် ရောင်းဝဲလ်တော်လှန်ရေးကဲ့သို့ဖြစ်စေ အခြေအနေရှိနိုင်ပြီး သမ္မတနိုင်ငံဖြစ်စေ ဘုရင်ဧကရာဇ် အမည်ခံသာရှိသော ပါလီမန်ဒီမိုကရေစီနိုင်ငံဖြစ်စေ ဖြစ်ထွန်းလာပေမည်။

သို့သော် ထိုခေတ်ထိုအခါက လွပ်လပ်သော ကုန်ထုတ်လုပ်သူများသည် အထက်ရှင်းလင်းခဲ့သလို စီးပွားရေးအရရော နိုင်ငံရေးအရပါ အင်းအားနည်းပါး ခဲ့၏။ ထိုအခြေအနေက ဘုရင်ဧကရာဇ်အား လူမှုရေးအင်းအားအသီးသီးက တစုံတရာသော အတိုင်းအတာအထိ မျှော်လင့်အားထားကြမည်ဖြစ်သည်ဟု စာရေးသူကခန့်မှန်းပါသည်။ သို့ဖြစ်၍ ဗြိတိသျှတို့သာ မြန်မာနိုင်ငံကို မသိမ်းပိုက်ခဲ့လျှင် ဘုရင်ဧကရာဇ်စနစ်သည်သာ ဆက်လက်စိုးမိုးနေပေလိမ့်မည်။

———————————————————————

ဆရာမောင်စူးစမ်း၏ ၊ ယောမင်းကြီး၏ စီးပွားရေးအတွေးအခေါ် နှင့် ဘောဂဗေဒလက်ရွေးစင် ၊ မှ ကောက်နှုတ်ဖော်ပြသည်။

၀န်ဆောင်မှုဆိုတာ

ဝန်ဆောင်မှုဆိုတာ ဘာလဲ။

– ဝန်ဆောင်မှုကို ထုတ်လုပ်ချိန်တွင် ဝယ်ယူသူသည် ထုတ်လုပ်သည့် စနစ်တွင် ရှိရမည်။
# ဆံပင်ညှပ်ဆိုင်ကို ဥပမာ ပေးပါမည်။ ဆံပင်ညှပ်ချိန်တွင် ဆံပင်ညှပ်မည့်ပုဂ္ဂိုလ်မှာ ဆံပင်ညှပ် ဆိုင်တွင်ရှိရမည်။

– ဝန်ဆောင်မှုကို ထုတ်လုပ်ချိန်တွင် ဝယ်ယူသူသည် မိမိစိတ်တိုင်းကျမှုကို ပြောင်းလဲမှု တစ်ရပ်အဖြစ် ထည့်သွင်းနိုင်သည်။
# ဆံပင်ညှပ်ရာတွင် မိမိညှပ်လိုသည့် ပုံစံကို ပျော်နိုင်သည်။ (တိကျသည့် ပုံစံမရှိပါ။ မိမိ စိတ်တိုင်းကျ ပုံသွင်းနိုင်သည်။)

– ဝန်ဆောင်မှုကို ထုတ်လုပ်ချိန် နှင့် သုံးစွဲချိန်မှာ ဆက်တိုက်ဖြစ်သည်။ ဆိုလိုသည်မှာ ဝန်ဆောင်မှုကို သိုလှောင်၍မရ။ သယ်ယူပို့ဆောင်၍မရ။
# ဆံပင်ညှပ်ရန် ပိုက်ဆံကြိုပေး၍မရ။ နောက်တစ်နေရာ ပြောင်းညှပ်၍မရ။

ထုတ်ကုန် နဲ့ ဝန်ဆောင်မှု ကွာခြားချက်

၁။ ထုတ်ကုန်ကို ထိတွေ့၍ရသည်။ ဝန်ဆောင်မှုကို ထိတွေ့၍မရ။
၂။ ထုတ်ကုန်ကို ဝယ်ယူချိန်တွင် ပိုင်ဆိုင်မှုကို လွှဲပြောင်းသည်။ ဝန်ဆောင်မှုတွင် ပိုင်ဆိုင်မှုကို ယေဘူယျအားဖြင့် လွှဲပြောင်းခြင်း မရှိ။
၃။ ထုတ်ကုန်ကို တစ်ဆင့် ပြန်လည်ရောင်းချ၍ ရသည်။ ဝန်ဆောင်မှုတွင် ပြန်လည် ရောင်းချမှုမှာ မဖြစ်နိုင်။
၄။ ဝယ်ယူခြင်းမပြုမီ ထုတ်ကုန်ကို ပြနိုင်သည်။ ဝန်ယူခြင်းမပြုမီ ဝန်ဆောင်မှုမှာ မတည်ရှိနိုင်သေး။
၅။ ထုတ်ကုန်ကို ဂိုဒေါင်တွင် သိုလှောင်နိုင်သည်။ ဝန်ဆောင်မှုကို သိုလှောင်မထားနိုင်။
၆။ ထုတ်ကုန်ကို မသုံးစွဲခင် ကြိုတင်ထုတ်လုပ်ထားရသည်။ ဝန်ဆောင်မှုတွင် ထုတ်လုပ် ခြင်းနှင့် သုံးစွဲခြင်းမှာ တစ်ပြိုင်နက် ဖြစ်ပေါ်သည်။
၇။ ထုတ်ကုန်ကို သယ်ယူတင်ပို့နိုင်သည်။ ဝန်ဆောင်မှုကို မပြုနိုင်။ (သို့သော် ထုတ်လုပ်သူ များကိုတော့ ပို့ဆောင်နိုင်သည်။)
၈။ ထုတ်ကုန်ကို ရောင်းသူမှ ထုတ်လုပ်သည်။ ဝန်ဆောင်မှုကို ထုတ်လုပ်သည့် ဖြစ်စဉ်တွင် ဝယ်ယူသူမှ တစိတ်တဒေသအနေဖြင့် တိုက်ရိုက်ပါဝင် ပတ်သက်သည်။
၉။ ရောင်းသူ ကုမ္ပဏီနှင့် ဝယ်သူကြားတွင် တိုက်ရိုက်မဟုတ်သော ဆက်သွယ်မှု ဖြစ်တည်နိုင်သည်။ ဝန်ဆောင်မှုတော်တော်များများတွင် တိုက်ရိုက်ဆက်သွယ်မှု လိုအပ်သည်။