စက္ကူလေယာဉ်

(ကျေးဇူးပြု၍ ဖြေးဖြေးဖတ်ပါ။)

စက္ကူဖြူဖြူတစ်ရွက် ယူလိုက်ပါ။ စက္ကူလေယာဉ်တစ်စင်း ခေါက်လိုက်ပါ။ ပြီးရင် လွှင့်လိုက်ပါ။ ဟုတ်ပြီ။ ထားလိုက်။ သွားမကောက်နဲ့တော့။ နောက်တစ်ရွက် ယူလိုက်ပါ။ ဒီတစ်ခေါက် ပိုမြင့်မြင့်၊ ပိုဝေးဝေး၊ ပိုကြာကြာ ပျံနိုင်အောင် ခေါက်ကြရအောင်။

ကဲ… ဒုတိယတစ်ခေါက် ခေါက်တဲ့အချိန်မှာ ပထမတစ်ခေါက်လို မဟုတ်တော့ပါဘူး။ ကျွန်တော်တို့မှာ ပိုမြင့်တဲ့ မျှော်လင့်ချက်တစ်ခု ရှိလာပါပြီ။ ကိုယ့်ဟာကိုယ် စိတ်ဓာတ်ကို မြှင့်တင်လိုက်တာပါ။ Self-motivation ပေါ့။ အဲ့ဒီ မျှော်လင့်ချက်က ယုံကြည်မှုတချို့ကို ပေးပါတယ်။

Motivation ဆိုတာကို ကွက်ကွက်ကွင်းကွင်းကို မြင်နိုင်တဲ့ ဥပမာလေးပါ။ သိပ်မထိရောက်ဘူးဆိုရင်တော့ ကျွန်တော် အရေးအသား မကောင်းလို့ပါဗျာ။

အားလုံး ကြိုက်မယ်လို့ မျှော်လင့်ပါတယ်။

အမှတ်တယ စာတိုပေစလေးများ

ငယ်ငယ်တုန်းက သူငယ်ချင်းတွေ ကျောင်းပိတ်ခါနီးဆို စာတိုပေစ* (ကာလခေါ် – Auto) ရေးခိုင်းခဲ့ကြပါတယ်။ ကျွန်တော်လဲ ၁၀တန်းပြီးခါနီးမှာ ကျူရှင်မှာ သူငယ်ချင်းတွေကို ရေးခိုင်းခဲ့ဖူးပါတယ်။ အဲ့ဒီ စာအုပ်လေးထဲမှာ သူငယ်ချင်း တော်တော်များများ ရေးပေးခဲ့ကြပြီး အခုအချိန်အထိ အဲ့ဒီစာအုပ်လေး ကျွန်တော်နဲ့ အတူရှိနေတုန်းပါ။ အဲ့ဒီထဲမှာ ကျွန်တော်သိပ်ခင်တဲ့ သူငယ်ချင်းမလေး ရေးပေးထားတာဟာ ဆန်းဆန်းလေးပါ။ ဖတ်ကြည့်ပါ။
—–
“သန့်ဇင်ဦး” (or) [သူကျွန်တော့်ကို ပေးထားတဲ့ နာမည်ရှိပါတယ်။ ထားလိုက်ပါတော့။]

“10” တန်းနှစ်မှ တွေ့ပြီး ငယ်ပေါင်းကြီးဖော်လို ခင်ရတဲ့ သူငယ်ချင်းအတွက်
– ရူပလက္ခဏာ များစွာ ဖောက်လှဲ မတည်မြဲခြင်းမှ ကင်းဝေးပါစေ။
– လောကီဥစ္စာ ရတနာကို များစွာ သိမ်းဆည်းနိုင်ပါစေ။
– ပုထုဇဉ်လူသားတွေရဲ့ မောဟထုကို အမြဲမှတ်သားနိုင်ပါစေ။
– လူမှုရေးရာ အဖြာဖြာ၌ လိမ္မာသိတတ်ပါစေ။
– “နောင်တ” ဟူသော စကားနှစ်လုံးကို ပျက်ရယ်ပြုနိုင်ပါစေ။
– “မိန်းမကောင်းတစ်ယောက်” ကို မှန်ကန်စွာ ရွေးချယ်နိုင်ပါစေ။

အကယ်၍ ခွဲခွာခဲ့ရင်
အမြဲတမ်း ပြုံးနေတဲ့ နင့်ရဲ့ သူငယ်ချင်း ငါ ဆက်လက် ပြုံးနေဆဲပါပဲလို့။

ကံမကုန်လျှင် ပြန်ဆုံရန်…
—–
ဆိုပြီး သူ့ဖုန်းနံပါတ်လေး ရေးပေးထားပါတယ်။ စာရေးဖို့ သူ့ကို စာအုပ်ပေးလိုက်ရတာ တစ်လလောက် ရှိပါတယ်။ မရေးရသေးလို့ ဆိုပြီး ယူထားပါတယ်။ ပြန်လည်းပေးရော မထင်ထားတဲ့ အဲ့ဒီစာလေးတွေ ဖတ်ရပါတယ်။

အမှတ်တယပါ။

*အဲ့လို အချင်းချင်း စာလေးတွေ အမှတ်တယ ရေးပေးတာကို ပေါတောတော အလုပ်လို့ ကျွန်တော် လုံးဝမထင်ပါ။ အဲ့တာလေးတွေက အနေဝေးသွားတဲ့အခါ၊ အသက်ကြီးလာတဲ့အခါ အရမ်းကို တန်ဖိုးကြီးပါတယ်။ တကယ်ပါ။

3D လောက

ကျွန်တော်တို့ ရှင်သန်နေတဲ့ ပတ်ဝန်းကျင်လောကကြီးက သုံးဖက်မြင်(3D) လောကကြီးပါ။ 2D နဲ့ 4D ဆိုတဲ့ အရာဝတ္ထုတွေဟာ မရှိဘူးလို့ ဆိုလို့ရပါတယ်။ ဒါဆို 2D နဲ့ 4D လောကဆိုတာတွေဟာ ဘယ်လိုဝန်းကျင်မျိုးတွေ ဖြစ်နိုင်မလဲ။

ကျွန်တော့်သူငယ်ချင်း တစ်ယောက်က အဲ့ဒီအကြောင်း ရှင်းပြဘူးပါတယ်။ သူက ဗိုလ်တထောင် (၆) ကျောင်းသားပါ။ သင်္ချာအရမ်းတော်တဲ့ ကျောင်းသား တစ်ယောက်။ အခုတော့ ဆေးကျောင်းတက်နေပါတယ်။ သူ့ရှင်းပြပုံက-

2D ဆိုတာ ပရလောကပါတဲ့။ ပရလောကသားတွေဟာ Dimension ၂ခုပဲရှိတဲ့ ဝန်းကျင်ထဲမှာ ရှိနေသတဲ့။ တစ်ခါတစ်လေ ကျွန်တော်တို့ဟာ (အကြောင်းတိုက်ဆိုင်ပြီး) 2D ဝန်းကျင်ထဲ ရောက်သွားရင် သူတို့ကို တွေ့နိုင်သတဲ့။

4D ကို သူရှင်းပြတာ ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ အိပ်မက်(စိတ်ကူး)တွေဟာ 4D တွေပါတဲ့။ (Singapore 4 Digits မဟုတ်ပါ။) အချိန်ဆိုတဲ့ စတုတ္ထမြောက် Dimension ပါရှိတဲ့ ဝန်းကျင်ထဲ ရောက်သွားခြင်းမျိုးတဲ့။

ကျွန်တော် အဲ့တာနဲ့ ပတ်သက်ပြီး တွေးကြည့်တော့ ကျွန်တော်တို့ရဲ့ 3D လောကထဲမှာ 2D လို့ယူဆနိုင်တဲ့ အရာတစ်ခုကို သွားတွေ့ပါတယ်။ ဘာလို့ထင်လဲ။…

‘အရိပ်’ ပါ။ ဘယ်လိုကြည့်ကြည့် တတိယ Dimension မရှိပါဘူး။ ကျွန်တော် ဆက်စဉ်းစားကြည့်တယ်။ ဒါဆို ‘အလင်း’ ကရော????

ပန်းမြို့တော်

ဆယ်တန်းထဲက စိတ်ဖိစီးမှုတွေ၊ ပူပန်မှုတွေ၊ ဖိအားတွေနဲ့ တော်တော်လေး ခင်ခဲ့ရတယ်။ အခု စင်္ကာပူရောက်တော့ ပိုတောင်ဆိုးသေးတယ်။ အဲ့တော့ အမြဲတမ်း သောကကင်းတဲ့ Stressless State တစ်ခုကို ပိုင်ဆိုင်ချင်ခဲ့တယ်။ (သေခြင်းတရားက လွဲလို့ပေါ့လေ။)

မှတ်မှတ်ယယ၊ ကျွန်တော့်ဘဝမှာ အဲ့ဒီ ပန်းမြို့တော်လေးကို ရောက်တိုင်း သောကတွေ ဝေးရတယ်။ အဲ့ဒီမြို့လေးဟာ ခေတ်နောက်ကျကျန်ခဲ့တဲ့ တောမြို့လေးတစ်မြို့ မဟုတ်ပါဘူး။ ခေတ်မှီတဲ့ မြို့ပေါက်စလေးပါ။ ဒါပေမယ့် ဒေသခံတွေရဲ့ ဘဝက (မြို့ပြနဲ့ မတူပဲ) အရမ်းငြိမ်းချမ်းတဲ့ အသွင်ဆောင်ပါတယ်။ လောဘ၊ ဒေါသတွေ ကင်းနေတယ်လို့ ခံစားရတယ်။

အေးချမ်းတဲ့ တောင်ပေါ်မြို့လေးဟာ ကျွန်တော့်ဘဝကိုလည်း အေးချမ်းစေတာ အမှန်ပါပဲ။ ကျွန်တော်ဘယ်လောက် အဲ့ဒီမြို့လေးကို ချစ်လဲဆို ကျွန်တော့် နောက်ဆုံးဝင်သက်မှာ ရှုသွင်းလိုက်တဲ့ လေဟာ အဲ့ဒီမြို့ရဲ့လေအေးအေးလေပဲ ဖြစ်ချင်တယ်။

(ဘာမှန်းမသိတဲ့ ကျွန်တော့် Post ကို ဖတ်ပြီး အားလုံးနားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။ =P)

Channel 5

စင်္ကာပူက သိကြတဲ့အတိုင်းပဲ ဘာသာစကား(၄)မျိုးသုံးပါတယ်။ English, Chinese (Mandrin), Malay နဲ့ Tamil ပါ။ English ကတော့ ဘုံဘာသာစကားပေါ့။ ဒါပေမယ့် တရုတ်က လူပြောအများဆုံး ဘာသာစကား ဖြစ်ပါလိမ့်မယ်။

Channel 5 က စင်္ကာပူရဲ့ Free-to-Air Channel တစ်ခုပေါ့။ နောက်ဆုံးအနေနဲ့ တခြားဘာသာစကားနဲ့ ပြောနေရင်တောင် English Subtitile ထိုးပေးပါတယ်။

အတန်းထဲမှာ ကျွန်တော်တို့ရဲ့ တရုတ်သူငယ်ချင်းတွေ သူတို့အချင်းချင်း တရုတ်လိုပြောနေလို့ ကျွန်တော်တို့ အူကြောင်ကြောင်ဖြစ်သွားရင်… အချင်းချင်း “Please, Channel 5!” လို့ သတိပေးလေ့ရှိတယ်။ အင်္ဂလိပ်လို ပြောကြရအောင်ပေါ့။ မဆိုးပါဘူး။ တချို့ ယဉ်ကျေးကြပါတယ်။ =)

နားထောင်ခြင်း

နားထောင်ခြင်း ၆ မျိုးရှိသတဲ့။

Insensitive Listening
တစ်ဖက်လူက ဘာကို ဆိုလိုချင်တယ်၊ ဘယ်လို ခံစားချက်နဲ့ ပြောနေတယ် ဆိုတာကို နားမလည်ဘူး။ ပြောနေတဲ့စကားရဲ့ အပေါ်ယံတန်ဖိုးကိုပဲ အတည်ယူတယ်။ ဥပမာ ငါကစာညံ့ပါတယ်ကွာ.. ဆိုတာမျိုးက သူ့ကို စာတော်ပါတယ်လို့ ပြန်ငြင်းစေချင်လို့ ပြောတာမျိုးဆိုတာ သိဖို့လိုပါတယ်။

Selective Listening
သူ စိတ်ဝင်စားတာလောက်ပဲ နားထောင်တာမျိုးပါ။

Pseudo Listening (or False Listening)
ကိုယ်ပြောတာကို အရမ်းပဲ ဂရုတစိုက် နားထောင်နေသလိုမျိုးနဲ့ ကိုယ်ပြောသမျှ ပြုံးပြလိုက် ခေါင်းညိတ်လိုက် လုပ်နေတာမျိုးပေါ့။

Defensive Listening
သဘောရိုးနဲ့ပြောတဲ့ ကိုယ့်ရဲ့ Remark တွေကို Personal Attack ရယ်လို့ ယူဆတာပါ။

Stage-hogging
သူပြောချင်တာတွေပဲ တရစပ်ပြောတာမျိုးပါ။ တခြားလူ ဘာပြောစရာ ရှိလဲဆိုတာမျိုးကိုတောင် ဂရုမစိုက်ပါဘူး။ ဒါပေမယ့် သူ အသက်ရှုလို့ မဝတော့ရင်တော့ ခင်ဗျားကို တချက်တချက် ပေးပြောပါလိမ့်မယ်။ =)

Ambushing
ဂရုတစိုက်ကို နားထောင်နေပါတယ်။ ဒါပေမယ့် ခင်ဗျားကို (စကားအရ) ပြန်တိုက်ခိုက်နိုင်အောင် အချက်အလက်တွေ စုဆောင်းနေတဲ့ သဘောမျိုးနဲ့ နားထောင်နေတာပါ။

ကဲ… ခင်ဗျားရော ဘယ်လို နားထောင်နေတာတုန်း။ =)

ပြဿနာက ဘာလဲ။

ဖြစ်ရပ်(၁)

McDonald ရဲ့ Promotion အရုပ်ကလေး ဝယ်ဖို့ သင်တန်းစီနေတာ ၁ နာရီနီးပါးရှိပြီ။ အဲ့ဒီအချိန်မှာ သင့်ရှေ့မှာ ရပ်နေတဲ့ ခပ်ရိုးရိုးအေးအေးပုံစံ မျက်မှန်နဲ့ ကောင်လေးတစ်ယောက်ကို (ကျွန်တော်မဟုတ်ပါ။) ခေတ်လွန်ယဉ်ကျေးမှုကို မြတ်နိုးတဲ့ ကောင်မလေးနှစ်ယောက်က ချဉ်းကပ်ပြီး Flirt လုပ်နေတာကို မြင်လည်းမြင်၊ ကြားလည်းကြားလိုက်ရတယ်။ ခဏနေတော့ အဲ့ဒီကောင်မလေးနှစ်ယောက်ကို (ရိုးသားတဲ့ =P) ကောင်လေးက သူ့အရှေ့ကနေ တန်းစီခွင့်ပေးလိုက်တယ်။

ဖြစ်ရပ်(၂)

MRT ပေါ်မှာ။ ကိုယ်ဝန်အရင့်အမာနဲ့ အမျိုးသမီးတစ်ယောက် တက်လာလို့ သင်က သင့်ထိုင်ခုံကို ဖယ်ပေးလိုက်တယ်။ အဲ့ဒီအချိန်မှာ လူရွယ်တစ်ယောက်က သင့်နေရာကို ဝင်ထိုင်လိုက်တယ်။

ဖြစ်ရပ်(၃)

သင်က အရောင်းစာရေးမလေးကို သင်ကြိုက်တဲ့ ဖိနပ်လေး မေးတာကို အဲ့ဒီစာရေးမက နောက်စာရေးမတစ်ယောက်ဖက်ကို လှည့်ပြီး… ပြောတာက

ကြည့်ပါဦးဟယ်… တရုတ်စကားမပြောတတ်တဲ့ တရုတ်တဲ့… သူပြောတဲ့ အင်္ဂလိပ်စကားကြောင့် ငါက သူ့ကို အထင်ကြီးသွားမယ်များ ထင်နေလား မသိဘူး… ဟွန်း…

တဲ့။

ဖြစ်ရပ်(၄)

သင်က သင့် မောင်နှမထဲက တစ်ယောက်ယောက်နဲ့ အိပ်ခန်းကို Share လုပ်တယ်။ သင်ကျောင်းမသွားခင် သင်က သင့်အိပ်ခန်းကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ရှင်းသွားတယ်။ ကျောင်းကပြန်လာတော့ သင့်အိပ်ခန်းက အရင်အတိုင်း ရှုပ်ပွနေပြီ။ ဒါမျိုးဖြစ်တာ ပထမဆုံးအကြိမ်လည်း မဟုတ်တော့ဘူး။


အဲ့ဒီမေးခွန်းတွေကို သင်တုံ့ပြန်ပုံက Automatic Thought ကို အားသန်လား။ Inner Dialogue ကို အားသန်လားဆိုတာ အဖြေထွက်လာပါလိမ့်မယ်။ ဖြေကြည့်ပါဦး။ School Work လေးတစ်ခုကို Share လုပ်ထားတာပါ။ ကြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။

၁ နာရီ မိနစ် ၂၀

၁၀တန်းကျောင်းသားဘဝရဲ့ ညတစ်ညမှာ ရုတ်တရက် လန့်နိုးလာတယ်။ လက်ပတ်နာရီကို လှမ်းကြည့်လိုက်တော့ ည ၁ နာရီ မိနစ် ၂၀။ ခြင်ထောင်က ထောင်မထားဘူး။ ဒီတိုင်း အိပ်ပျော်နေတယ်။ နောက်ထပ် သတိထားမိတာက ဧည့်ခန်းက အလင်းရောင်က ကျွန်တော့်အခန်းထဲ သဲ့သဲ့ထိုးဝင်နေတယ်။ “ငါ ဘာလို့ မီးမပိတ်ခဲ့တာလဲ။” ဆိုတဲ့ အတွေး ခေါင်းထဲ ဝင်လာတယ်။ (ဆယ်တန်းကျောင်းသားလေ။ ကိုယ်က နောက်ဆုံးအိပ်တာ။) ဒါနဲ့ အိပ်ချင်မူးတူးနဲ့ ထလာပြီး မီးပိတ်ဖို့ လုပ်တယ်။ အဲ့ဒီတော့မှ ကိုယ်ဘာဖြစ်သွားလဲ သိတော့တယ်။

ဧည့်ခန်းထဲမှာ ကိုယ်နောက်ဆုံး ကျက်ထားတဲ့ စာအုပ်က ပုံမပျက်ဖွင့်လျက်သား။ နောက်ဆုံး မှတ်မိလိုက်တာကလဲ စာကျက်နေတယ်ဆိုတာပဲ။ ဘယ်လောက်အထိ အိပ်ချင်သွားလဲ မသိဘူး။ မသိစိတ်က ကိုယ့် ခန္ဓာကိုယ်ကြီး တစ်ခုလုံးကို မ, ရွှေ့သွားတာကို မသိလိုက်ဘူး။ တကယ်ပါ။ ကိုယ့်စိတ်နဲ့ကိုယ် လုံးဝ ဝင်အိပ်တာ မဟုတ်ပါဘူး။ ကိုယ့်သဘောနဲ့ ကိုယ်အိပ်တာဆို မီးလေးတော့ ပိတ်မှာပေါ့။ ကဲ တကယ်လို့… ကုတင်ပေါ် ခဏ သွားလှဲရင်းနဲ့ အိပ်ပျော်သွားတာကော ဆိုရင်တော့…

တကယ်ပါ အဲ့လို သွားလှဲတာကို ကို ကျွန်တော် မမှတ်မိတော့ပါဘူး။ စိတ်က ဆန်းကြယ်ပါတယ်။

(စင်္ကာပူမှာ စာကျက်ရင်း ည ၁ နာရီ မိနစ် ၂၀ အရောက်မှာ ဆယ်တန်းက ဒီအကြောင်းလေးကို ပြန်စဉ်းစားမိလို့ အမှတ်တယ ရေးထားတာပါ။)

ပရလောက

သရဲ မြင်ဘူးလားလို့ မေးရင်းတော့ Yes and No ပါပဲ။ ဘာလို့ဆို ကိုယ်မြင်လိုက်တာက လူတစ်ယောက်လဲ ဖြစ်နိုင်သလို သရဲတစ်ကောင်လည်း ဖြစ်နိုင်လို့ပါ။

ဖြစ်ခဲ့တာက ချောင်းသာမှာပါ။ မီးပုံပွဲလုပ်မယ်ဆိုပြီး ပြင်ဆင်နေကြချိန်။ ကမ်းခြေဘက်ကို ဘာရယ် မဟုတ်ကြည့်လိုက်တော့ ယောကျာ်းတစ်ယောက် ရေစပ်နားကနေ ခပ်သုတ်သုတ်လျှောက်နေတယ်။ (အချိန်တော့ အတိအကျ မမှတ်မိတော့ပါဘူး။) ဒါပေမယ့် ကမ်းခြေမှာ ည ၁၀ နာရီဆိုရင်တောင် တော်တော်မှောင်နေပါပြီ။ ဟိုတယ်တွေကြားထဲက လျှောက်လို့ရရဲ့သားနဲ့ သူဘာလို့ ဟိုးရေစပ်ကနေ လျှောက်နေရတာလဲ။

နောက်ပြီး သူလျှောက်သွားတဲ့ နှုန်းက တော်တော်ကြီးကို မြန်ပါတယ်။ လမ်းလျှောက်တယ်လို့သာ ပြောရတာ သူ့ခြေထောက်ကို ကျွန်တော်မမြင်ရပါဘူး။ ပေါက်တက်ကရ မပြောချင်ပါဘူး။ ဝေးနေလို့၊ မီးမှိန်လို့ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် သူက လမ်းလျှောက်နေတယ်ဆိုတာထက် လေထဲမှာ မျောသွားသလိုကြီးပါ။ ကျွန်တော် ကြည့်နေရင်းနဲ့ တစ်ခုတွေးမိတယ်။ “ငါတစ်ယောက်ထဲပဲ မြင်နေရတာလား” လို့။ ဒါနဲ့ ကိုယ့် Group က လူတွေကို ကြည့်လိုက်တော့ အစ်ကိုကြီးတစ်ယောက်က ကျွန်တော့်ကို ကြည့်ပြီး ပြုံးပြတယ်။ (ကျန်တဲ့လူတွေကတော့ ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်နေကြတယ်။) သူ့ကို မေးကြည့်တော့ သူလဲတွေ့ကြောင်း၊ ကျွန်တော် စဉ်းစားသလိုပဲ စဉ်းစားနေကြောင်း ပြောပြပါတယ်။ ကျန်တဲ့သူတွေကို ပြောပြတော့ စတဲ့လူကလည်း စ၊ ထင်ရာမြင်ရာတွေ ပြောကြနဲ့ပဲ…

ကျွန်တော်ဘဝမှာ တစ်ကြိမ်တည်းသော… (စိတ်ထဲ ထူးထူးဆန်းဆန်း ခံစားလိုက်ရတဲ့) အတွေ့အကြုံပါ။ မေ့လဲမမေ့နိုင်လောက်ပါဘူး။

ငါ

ဒီနေ့ ကျွန်တော်ရွေးထားတဲ့ Effective Interpersonal Communication ဆိုတဲ့ Module မှာ Activity ခပ်ဆန်းဆန်း တစ်ခု လုပ်ရပါတယ်။ ကျောင်းသားတိုင်းက ကိုယ့်ကျောမှာ စာရွက်အလွတ်တစ်ရွက် ကပ်ထားရပါတယ်။ ပြီးရင် သူ့သူငယ်ချင်းတွေက သူကို ဘယ်လိုမြင်တယ် ဆိုတာကို လာရေးရပါမယ်။ ၁၀ ခု အနည်းဆုံးရှိအောင် ရေးခိုင်းပါတယ်။ ဘယ်သူဘာရေးသွားလဲတော့ အတိအကျ မသိနိုင်ဘူးပေါ့။ ဒါပေမယ့် ခန့်မှန်းလို့ ရပါတယ်။ အတန်းထဲမှာ လူမှမများတာ။ ကျွန်တော့် စာရွက်ပေါ်မှာတော့

Pleasant Guy – Quite Nervous
Funny
Open Urself More (Mr.Introvert)
The sort of guy a girl would like to bring home to meet mom.
fantastic! fun!
very jolly guy
Quiet Guy
Never really get a chance to know you well
Nice smile and friendly
Pleasant Guy
The sort of guy blah blah ဆိုတာ ဘယ်သူရေးသွားမှန်း ခန့်မှန်းလို့ရတယ်။ =)

ထားလိုက်ပါတော့။ မဆိုးပါဘူး။ ကိုယ့်ကို သူများတွေ ဘယ်လိုမြင်တယ်ဆိုတဲ့ Blind Self ကို လေ့လာခွင့်ရတာ တော်တော်လေး ပျော်ဖို့ကောင်းပါတယ်။ သူငယ်ချင်းတွေ အများကြီး စုမိရင် စမ်းကြည့်သင့်ပါတယ်။ (ကိုယ်မသိတဲ့ လူတွေပါရင် ပိုတောင်ကောင်းပါတယ်။)