ဇွတ် – နီကိုရဲ

ဖတ်လို့ အခုလေးတင်ပဲ ပြီးသွားပါတယ်။ မကြိုက်ဘူး။ ဇာတ်လမ်းကို မကြိုက်တာ။ တမျိုးပဲ။ ဒါပေမယ့် အဲ့ဒီဝတ္ထုထဲမှာ ကြိုက်တဲ့ စာကြောင်းလေ တစ်ချို့ပါတယ်။

သည်းခံတယ်ဆိုတာ ချုပ်တည်းတာ မဟုတ်ဘူး။ နားလည်တာ။ ချုပ်တည်းတယ်ဆိုတာ ပုထုဇဉ်အတွက် ဒေါသကို စုထားတာပဲ။ သည်းခံခြင်း ဖြစ်မလာနိ်ုင်ဘူး။ သည်းခံခြင်းဆိုတာ နားလည်မှုပဲ။

ရိုးသားသည့်အခါ သတ္တိသည် အလိုလိုပါလာစမြဲ။

မိန်းကလေးတို့မည်သည် သူတို့စေတနာကိုလည်း စိတ်ကောက်ခြင်းနဲ့ ပြတတ်သည်။ သူတို့အလိုဆန္ဒကိုလည်း စိတ်ကောက်ခြင်းနဲ့ ပြတတ်သည်။ သူတို့ အနိုင်ရချင်စိတ်ကိုလည်း စိတ်ကောက်ခြင်းနဲ့ ပြတတ်ကြသည်။ သူတို့ လျှို့ဝှက်ချက်ကိုလည်း စိတ်ကောက်ခြင်းနဲ့ ပြတတ်ကြသည်။ သူတို့ ကရုဏာကိုလည်း စိတ်ကောက်ခြင်းနဲ့ ပြတတ်ကြသည်။ စိတ်ကောက်ခြင်းသည် မိန်းကလေးတို့၏ မာယာဗဟိုဌာနချုပ်ပင် ဖြစ်သည်။

မိန်းမဆိုး အမုန်း

စိမ်းကားမျက်ညှိုး သစ်ယောင်းခက်ချိုးသကဲ့သို့ ချစ်ကြိုးဖြတ်ပြေ သင်းသတ်ရက် လေသောကြောင့် သင့်သက်ဝေငယ်လင် ငါဆဒ္ဒန်ဆင်သည် မြေတွင်တုံးလုံး မြှားချက်နဲ့ ဆုံးပါပြီ။ ရွေသုံးရံခြယ် ကြာရိပ်လယ်မှာ ရယ်ကာမောကာ မျက်နှာငွေလ ရွှင်ပပနဲ့ ခင်မဝမ်းမြောက်ပါလေတော့။

ကျွန်တော် အကြိုက်ဆုံး ဆယ်တန်းမြန်မာစာ စကားပြေတစ်ပုဒ်ပါ။ ကျက်ရတာ အရမ်းပျော်ဖို့ကောင်းပါတယ်…

အချစ်သီချင်း

လူတွေလွမ်းဆွေးတွေးငေးပြေး ဟိုအဝေး…
ဒါပေမယ့်လည်း အချစ်နဲ့ကင်းကိုမကင်းနိုင်တော့လည်း စိတ်တွေလေး
ပူပန်သောက ပူလောင်ဒေါသ မောရတဲ့နေ့တွေဆိုတာ
အချစ်နဲ့တွေ့တဲ့ လူတွေအတွက်တော့ သံသရာတစ်လျှောက်မှာ ရေတွက်လို့မရ
မာနတွေခဝါချပြီး အချစ်ရဲ့အောက်မှာ ဒူးတွေထောက်ကြ
ပေးဆပ်ရ ဒီဘဝ အချစ်ကြောင့်ပဲစိတ်တွေပြောင်းသွား
အချစ်စိတ်အရာအားလုုံးကို ထိန်းချုပ်ထား
ဒီစိတ်နဲ့စား ဒီစိတ်နဲ့သွား ဒီစိတ်နဲ့အသက်ဆက်ရှင်နေရပါလား

အချစ်ကြောင့်ရူး အချစ်ကြောင့်မူး သီချင်းတွေလည်းရေးခဲ့ဖူးတယ်
အချစ်ဒုက္ခ အချစ်မရှိမှ တစ်ယောက်ထဲပဲဝမ်းနည်းခဲ့ရ
အချစ်ရဲ့အဝေး ကိုယ်ထွက်ပြေး တစ်ခါတစ်လေတော့လည်း စိတ်ညစ်ဖူးတယ်
အချစ်နာကျ အချစ်ဒါဏ်များ မခံနိုင်တော့လည်း အရှုံးပေးဦးမယ်
စွဲလန်းခြင်း လွမ်းဆွေးခြင်း မနေနိုင်လောက်အောင် သင်ခဲ့ဖူးတယ်
အချစ်တတ်ဆုံး သတိရဆုံး ကိုယ့်ရဲ့ဘဝမှာတစ်ယောက်ထဲရှိတယ်
တွေဝေခြင်း ဟန်ဆောင်ခြင်း ဒီနောင်တတွေရမှ
ကိုယ့်ရဲ့အဝေး သူထွက်ပြေး အချစ်ဆုံးကိုလေ ဆုံးရှုံးဖူးတယ်

စင်္ကာပူ နဲ့ GST

စင်္ကာပူမှာ Goods and Services Tax (GST) က ၅ရာခိုင်နှုန်းပါ။ ကျွန်တော်တို့ ဝယ်တဲ့ ကုန်ပစ္စည်း (Product) နဲ့ ဝန်ဆောင်မှု (Service) တွေအတွက် အခွန်ပေးရတာပါ။ Laptop တစ်လုံးကို စင်္ကာပူဒေါ်လာ ၂၀ဝ၀ နဲ့ ဝယ်ရင် ဒေါ်လာ ၁၀ဝ အခွန်ပေးရပါတယ်။ ဒါပေမယ့် အဲ့ဒီအခွန်ကို ပြန်တောင်းခွင့်ရှိတဲ့ အခြေအနေတစ်ခုရှိပါတယ်။ အဲ့တာကတော့ ကိုယ်ဝယ်တဲ့ ကုန်ပစ္စည်းကို စင်္ကာပူနိုင်ငံရဲ့ ပြင်ပကို (အပြီး) ယူသွားမယ်ဆိုရင် အဲ့ဒီအခွန်ကို ပြန်ပေးပါတယ်။

ဒါပေမယ့်လည်း ပြန်တောင်းရတာ အရမ်းတော့ မလွယ်ပါဘူး။ လေဆိပ်မှာ Form ဖြည့်ပေးခဲ့ရပါတယ်။ တကယ်ယူသွားကြောင်း ပစ္စည်းတွေ ပြရပါတယ်။ တကယ်လို့ ကိုယ်က ရန်ကုန်ကို သယ်သွားတာဆိုရင် နောက်နှစ်ပတ်လောက်ကြာရင် ကိုယ်ပေးထားတဲ့ ရန်ကုန်လိပ်စာကို ကိုယ်စင်္ကာပူမှာ ဝယ်ခဲ့တဲ့ဆိုင်က စာပို့ပါတယ်။ အဲ့ဒီစာနဲ့ ကိုယ့်မြို့မှာရှိတဲ့ နိုင်ငံခြားကုန်သွယ်မှုလို ဘဏ်မျိုးမှာ ပြန်ထုတ်ယူရပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲ့ဒီဝန်ဆောင်မှု မပေးသေးဘူးလို့ ထင်တယ်။ ပိုက်ဆံပြန်ထုတ်ချင်ရင် အခုနက စာကို စင်္ကာပူမှာရှိတဲ့ ကိုယ့်အသိတစ်ယောက်ယောက်ဆီ ပို့ပြီး ကိုယ်ဝယ်ခဲ့တဲ့ ဆိုင်ကိုသွားပြီး ပြန်ထုတ်ခိုင်းရပါတယ်။

ထားပါလေ အဲ့တာ GST အကြောင်း တစိတ်တပိုင်းပါ။ လာမယ့် ဖေဖော်ဝါရီ ၁၅ ရက်နေ့ဆို အဲ့ဒီ GST ကို စင်္ကာပူအစိုးရက ၇ ရာခိုင်နှုန်းအထိ တင်ပါတော့မယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက တစ်ခါတက်ရင် ၁ ရာခိုင်နှုန်းပဲ တက်ပြီး ဒီတစ်ခါနှစ်ရာခိုင်နှုန်း တက်သွားတာကို စင်္ကာပူဝန်ကြီးချုပ်က ဘာပြောလဲ ဆိုတော့ ကျွန်တော်တို့ ဆေးသောက်တဲ့အခါမှာ နောက်လဲသောက်ရမှာ သိနေရင် အချိန်ဆွဲမနေသင့်ပါဘူး။

လူတွေအကြောင်း (၄)

စင်္ကာပူကို ကျောင်းတက်ဖို့ သူငယ်ချင်းနှစ်ယောက် ရောက်လာကြပါတယ်။ Bank Card တွေဘာတွေ မလျှောက်ရသေးတော့ ATM ကို မသုံးရသေးဘူးဖြစ်နေတယ်။ အရမ်းလည်းသုံးချင်တယ်။ အဲ့တာနဲ့ တစ်နေ့လမ်းသွားနေရင်း ATM တစ်ခုမှာ လူတစ်ယောက်က ပိုက်ဆံထုတ်နေတာတွေ့တယ်။ အဲ့တာနဲ့ နှစ်ယောက်သားတိုင်ပင်ပြီး အဲ့လူဘေးနားကနေ (ဗဟုသုတရရန် အလို့ငှာ) သွားရပ်ကြည့်ကြတယ်။ 😛

ဟိုလူကလည်း Pin Number ရိုက်နေတာဆိုတော့ ကြောင်သွားတာပေါ့။ အဲ့လိုလာမကြည့်ရဘူး ဘာညာနဲ့ အော်လွှတ်လိုက်တယ် ထင်ပါတယ်။ နှစ်ယောက်သား ကုပ်ကုပ် ကုပ်ကုပ်နဲ့ ထွက်လာကြတယ်။

အဲ့တာနဲ့ အိမ်ရောက်တော့ ဒီလောက်စိတ်ဝင်စားစရာ ကောင်းတဲ့ နည်းပညာအကြောင်း ပြန်သုံးသပ်ကြတာပေါ့။ တစ်ယောက်ကခန့်မှန်းတယ်။ ဒီပိုက်ဆံတွေကို ဘဏ်ရဲ့ အနီးဆုံးဌာနခွဲတစ်ခုကနေ ပိုက်လိုင်းကတဆင့် လွှဲနေတာတဲ့။

နောက်တစ်ယောက်က… သူက နည်းပညာပိုင်း နည်းနည်းပိုကျွမ်းတယ်။ 😛 သူနားလည်တာက Security ကအရေးကြီးတယ်။ Pipe နဲ့သွားရင် သူများတွေ ဖြတ်ယူလိမ့်မယ်။ သူက ဒါကို စိတ်ပူတယ်။ အဲ့တော့ သူထင်တာက တစ်မျိုး။

ATM ရဲ့ နောက်မှာ လူတစ်ယောက်ထိုင်နေတာ ဖြစ်မယ်တဲ့။ အဲ့ဒီလူက တောင်းသလောက် ငွေထုတ်ပေးနေတာတဲ့။

သြော်… ဖြစ်မှဖြစ်ရလေ…

သူငယ်ချင်းနှစ်ယောက် အကြောင်းလေးပါ။

စည်းကမ်း

စင်္ကာပူမှာ စည်းကမ်းလေးတစ်ခုရှိတယ်။ စင်္ကာပူမှာ စက်လှေကားစီးရင် ဘယ်ဘက်ကပ်စီးရပါတယ်။ အလျင်လိုနေတဲ့လူ ကျော်တက်ချင်တဲ့ လူရှိရင် ညာဘက်ကနေကျော်တက်နိုင်အောင် ရှင်းပေးထားရပါတယ်။ ဒီနေ့မနက် MRT ရောက်တော့ ရထားအဝင် အချိန်စာရင်းကို လှမ်းကြည့်လိုက်တာ နောက်တစ်မိနစ်တဲ့။ ကိုယ်တက်သွားမှာနဲ့ ဆို အတော်ပဲပေါ့။ ကျောင်းကလည်း နည်းနည်းနောက်ကျနေတော့ 😛 ဒီရထားမမှီရင် နောက်ရထားကို ၄မိနစ်လား၊ ၅မိနစ်လားမသိဘူး စောင့်ရမယ်။

အဲ့လိုမစောင့်ချင်လို့ မြန်မြန်ပြေးတက်ခါမှ အသက်ခပ်ကြီးကြီး အမျိုးသမီးနှစ်ယောက်က ဘေးချင်းယှဉ်ပြီး Talkie ပွားနေတယ်။ ကျွန်တော်လဲ Excuse ကို သုံးခေါက် လောက် Me ပါတယ်။ လေးခေါက်မြောက်ကျတော့ အသံတော်တော်တောင်ကျယ်နေပါပြီ။ (အမှန်ကတော့ သူတို့ကို ပြောနေရတာနဲ့ စက်လှေကားအပေါ်တောင်ရောက်တော့ပါမယ်။) ၄ခေါက် မြောက်လည်းကျရော ကြားသွားပါတယ်။ ပုံမှန်ဆို (ကျွန်တော်တို့ အဲ့လိုမှားရင်) တောင်းပန်ပြီး ဘယ်ဘက်ကို ချက်ချင်းကပ်ပေးပါတယ်။ သူတို့ကတော့ အဆန်းပါ။ ကျွန်တော်ကို နှစ်ယောက်နည်းနည်းခွာပြီး သူတို့အလယ်ကနေ သွားခိုင်းပါတယ်။ Laptop ထည့်ထားတဲ့ ကျွန်တော် လွယ်အိပ်က မကြီးရင်တောင် မသေးပါဘူး။ ကို့ရို့ကားယားနဲ့ သူတို့ကြားကနေ ရအောင်ပြေးတက်လာရပါတယ်။ (မတက်နိုင်ဘူးလေ။ ကိုယ်က လမ်းတောင်းပြီးပြီကို။)

အပေါ်ရောက်တော့ တံခါးကဖွင့်နေပါသေးတယ်။ ရထားပေါ်တက်ပြီးတာနဲ့ တံခါးက ပြန်စေ့နေပါပြီ။ အဲ့တော့မှ အခုနက အမျိုးသမီးနှစ်ပါးက အပြေးအလွှားနဲ့ ဝင်ဖို့ လုပ်ပါတယ်။ တံခါးက ပိတ်ပြီးမှ ပြန်ဖွင့်ပေးပါတယ်။ (သူတို့နှစ်ယောက်ကြောင့်လား။ တခြားလူကြောင့်လားတော့ မသိပါဘူး။ ) နောက်ဆုံးတော့လည်း ရထားပေါ်ရောက်လာပါတယ်။ ကျွန်တော်တို့နဲ့အတူ စီးလာလေရဲ့…

ထားပါတော့လေ။ စကားမစပ်… ဒီစာကို ရုပ်ရှင်ရုံမှာ ရေးနေတာပါ။ Free Wireless Access ရပါတယ်။ 😛 Dhoby Ghout က The Cathay Cineplex မှာပါ။ Blood Diamond ကြည့်မလို့ပါ။

ကဲ ရုံထဲဝင်တော့မယ်။ အားလုံးပဲ… တာ့တာပါ။ 🙂

စကားဝိုင်းလေးများ

အခုဒီစာကို ရေးနေတဲ့ အချိန်မှာ မိုးတွေ သည်းသည်းမည်းမည်းကို ရွာနေပါတယ်။ အမိုးစွန်းကနေ ပေ ၂၀ လောက်ခွာထိုင်နေတာကို… Screen ပေါ်မိုးရေစက်လေးတွေ ကျလာလို့ အခု နေရာပြောင်းထိုင်ရတယ်။ ရန်ကုန်မှာဆိုရင်တော့ နောက်လဆန်းဆို ဆောင်းကုန်ပါပြီ။ ဒီမှာကတော့ မိုးရာသီလားပဲ။ အခု အရမ်းချမ်းနေတယ်။

မိုးရွာနေလို့ အိမ်ပြန်ဖို့ အဆင်မပြေတာနဲ့ ကျောင်းမှာ ထိုင်နေတာပါ။ မနေ့ကညနေကလဲ မိုးဆဲတာ ခဏစောင့်ရသေးတယ်။ ကော်ဖီသောက်ကြရင်းနဲ့ပေါ့။ ဝေဖြိုးကျော်ရယ်၊ စလုံး သူငယ်ချင်း တစ်ယောက်ရယ်၊ ကျွန်တော်ရယ်။

စလုံးသူငယ်ချင်းက စပြောတယ်။ ဒီဇင်ဘာဆို စင်္ကာပူမှာ အစိုးရဝန်ထမ်းတွေ ပျော်ကြတယ်တဲ့။ ကျွန်တော်တို့လဲ မေးတာပေါ့။ ဘာလဲ ရုံးပိတ်ရက် ရှည်လို့လားလို့။ ဆိုတော့ ဟုတ်ဘူးတဲ့။ ဒီမှာ အစိုးရဝန်ထမ်းကို နှစ်ကုန်ရင် (ဒီဇင်ဘာလ ရောက်ရင်) Bonus ပေးတဲ့ စနစ်ရှိတယ်တဲ့။ ပေးတဲ့ပုံစံက နိုင်ငံရဲ့ GDP ပေါ်အခြေခံပြီး Bonus ရဲ့ မြှောက်ကိန်းကို တွက်ပါတယ်။ နိုင်ငံစီးပွားရေးကောင်းရင် Bonus ပိုရပါတယ်။ ၂၀ဝ၆ ရဲ့ မြှောက်ကိန်းက ၂ ဒဿမ ၇ ပါ။ တော်တော်မြင့်ပါတယ်။ အဲ့တော့ တစ်လကို စင်္ကာပူဒေါ်လာ ၁၀ဝ၀ဝ ရတဲ့ Lecturer တစ်ယောက်က ဒီနှစ်သူ့ရဲ့ ဒီဇင်ဘာ လစာဟာ အခြေခံလစာ ၁၀ဝ၀ဝ ရယ်၊ Bonus က အခြေခံလစာရဲ့ ၂ ဒဿမ ၇ ဆ ရယ် ဆိုတော့ ၂၇၀ဝ၀၊ ပေါင်း ၃၇၀ဝ၀ ရပါတယ်။

အဲ့တာကြောင့်လဲ သူတို့က ရုံးပိတ်ရက်ရှည်တွေမှာ ဥရောပကို နှစ်တိုင်း ခရီးထွက်နိုင်ပါတယ်။ ကျွန်တော်တို့ Data Structure and Algorithm (Java) သင်တဲ့ဆရာက ပြီးခဲ့တဲ့ ဒီဇင်ဘာကျောင်းသုံးပတ် အပိတ်မှာ Switzerland ကို အလည်သွားပါတယ်။ သွားသင့်တာပေါ့။ ဒီလောက် လခများများရထားတာ။

ဒါပေမယ့်လဲ စလုံးသူငယ်ချင်းက ပြောပါတယ်။ ဒါက ဆရာက လခမြင့်မြင့်ရလို့တဲ့။ တစ်လမှ လခ ၁၀ဝ၀၊ ၁၅၀ဝ လောက်ရတဲ့လူကျတော့ ရတဲ့ Bonus ကပါ နည်းသွားရောတဲ့။ နိုင်ငံသားတိုင်းအတွက် ကိန်းသေတစ်ခုနဲ့ မြှောက်တာကိုး။ သူပြောတာလဲ ဟုတ်ပါတယ်။

ပြဿနာ ဖြေရှင်းနည်း (၅)မျိုး

ရှောင်လွှဲခြင်း (Avoidance/Withdrawing)

ပဋိပက္ခတစ်ခုကို ရှောင်လွှဲမယ်ဆိုရင်တော့ ဘယ်လို ကွဲလွဲမှုမျိုးကိုမှ ဖြေရှင်းလို့ ရမှာမဟုတ်ဘူး။ သင်ဟာ သံတမန်ဆန်ဆန် ပဋိပကကို ရှောင်လွဲပါမယ်။ ပိုသင့်တော်တဲ့ အချိန်တစ်ခုအထိ အချိန်စွဲပါမယ်။ ဒါမှမဟုတ် အဲ့လို အခြေအနေတွေကနေ (အပြီးအပိုင်) နောက်ဆုတ်လိုက်ပါလိမ့်မယ်။ ဒီရွေးချယ်မှုကြောင့် သင့်ရဲ့ ဆန္ဒရော၊ တစ်ဖက်လူနဲ့ ဆက်ဆံရေးမှာရော သင် လိုက်လျော ရပါတယ်။

ဥပမာ။ ။ သူငယ်ချင်းက Dagon Centre သွားချင်တယ်။ ကိုယ်က North Point သွားချင်တယ်။ ဒီနေ့ မသွားတော့ဘူးလို့ ဆုံးဖြတ်တာ။

ရင်ဆိုင်ခြင်း (သို့) အနိုင်ယူခြင်း (Competing/Forcing)

ဒီရွေးချယ်မှုမှာတော့ သင်ဟာသင့်ရဲ့ အင်အားမှန်သမျှကို သုံးပါလိမ့်မယ်။ သင့်ရဲ့ အငြင်းအခုံစွမ်းရည်၊ သင့်ရဲ့ ရာထူးအဆင့်အတန်း နဲ့ လုပ်ပိုင်ခွင့်တွေ အပါအဝင်ပေါ့။ ကိုယ့်မှန်တယ် ထင်တာကို စွဲစွဲမြဲမြဲ လက်ကိုင်ထားပြီး တစ်ဖက်လူရဲ့ စိတ်ခံစားချက်နဲ့ လိုအင်ကို ထည့်စဉ်းစားလေ့ မရှိပါဘူး။ ပဋိပက္ခတစ်ခုမှာ အနိုင်ရမဲ့လူ တစ်ယောက်ပဲ ရှိမယ်လို့ ယုံကြည်ထားပါတယ်။

ဥပမာ။ ။ North Point ပဲ သွားမယ်လို့ ငြင်းတာ။

အလျော့ပေးလိုက်လျောခြင်း (Accommodating/Smoothing)

အလျော့ပေးတာကတော့ ရင်ဆိုင်ခြင်းရဲ့ ဆန့်ကျင်ဘက် အစွန်းပေါ့။ ကိုယ့်ရဲ့ စိတ်သန်ရာကို စွန့်လွှတ်အရှုံးပေးပြီး တဖက်လူနဲ့ ဆက်ဆံရေးကို အပျက်မခံ ထိန်းသိမ်းပါတယ်။ တခြားလူရဲ့ ဆန္ဒနဲ့ ရေလိုက်ငါးလိုက် နေပေးပြီး ကိုယ့်ကို အမြဲနှစ်သက်လက်ခံနေအောင် ကြိုးစားပါတယ်။

ဥပမာ။ ။ ရှင်းပါတယ်။ Dagon Centre လိုက်ပေးလိုက်တာ။

နှစ်ဦးနှစ်ဖက် အလျော့ပေးရန် ညှိနှိုင်းခြင်း (Compromising/Bargaining)

ဒီရွေးချယ်မှုကတော့ ရင်ဆိုင်တာရယ်၊ အလျော့ပေးတာရယ် နှစ်ခုရဲ့အလယ်မှာပေါ့။ တစ်ဖက်လူဆီက တစုံတရာ ရဖို့ သင်က တစုံတရာ ရဖို့ သင်က တစုံတရာ ပေးပါတယ်။ အဲ့လိုလုပ်ခြင်းအားဖြင့် သင့်ရဲ့ ဆန္ဒတချို့နဲ့ သူ့ရဲ့ဆန္ဒတချို့ ပြည့်ဝနိုင်တယ်လို့ တစ်ဖက်လူကိုလဲ လက်ခံလာအောင် ဆွဲဆောင်လို့ ရပါတယ်။ သင့်အနေနဲ့တော့ အလျော့ပေးရတာ တချို့ရှိပါတယ်။

ဥပမာ။ ။ အေး၊ ဒီတစ်ခါ Dagon Centre လိုက်ပေးလိုက်မယ်။ နောက်တစ်ခါ နင် North Point ပြန်လိုက်ပေးရမယ်။

နှစ်ဦးနှစ်ဖက် ညှိနှိုင်းအဖြေရှာခြင်း (Collaborating/Problem-solving)

ညှိနှိုင်းအဖြေရှာတာက ရှောင်လွှဲခြင်းရဲ့ ဆန့်ကျင်ဖက်ပေါ့။ နှစ်ဖက်လုံးကို စိတ်ကျေနပ်စေနိုင်မယ့် အကောင်းဆုံးသော အဖြေကို တစ်ဖက်လူနဲ့ အတူ လက်တွဲရှာရမှာပေါ့။ ပဋိပကကို နှစ်ဖက်လုံးနဲ့သက်ဆိုင်တဲ့ ပြဿနာ (Mutual Problem) တစ်ခုအနေနဲ့ မြင်တယ်။ တကယ်ဖြစ်နေတဲ့ ပြဿနာရဲ့ အရင်းခံကို တူးဆွပြီး နှစ်ဖက်လုံးရဲ့ ဆန္ဒတိုင်းကို ပြည့်စေနိုင်တယ့် အဖြေတစ်ခုကို ရအောင်ထုတ်တယ်။ ပဋိပကကို သုံးသပ်ပြီး တစ်ဖက်လူကို လေ့လာတယ်။ ကိုယ့်ရဲ့ မျှော်လင့်ချက်တွေကို ဖြစ်နိုင်မှု အခြေခံထားပြီး ပြန်သုံးသပ်တယ်။ နှစ်ဖက်လုံးရဲ့ ကြိုးပမ်းမှုနဲ့ ဖန်တီးမှုကောင်းတဲ့ ဖြေရှင်းချက်တစ်ခုရဖို့ကိုပဲ ပို အာရုံထားတယ်။

ဥပမာ။ ။ နှစ်ယောက်လုံး ဝယ်ချင်တာတွေကို သေသေချာချာ သုံးသပ်ပြီး City Mart မှာပဲ သွားဝယ်ဖို့ ဆုံးဖြတ်လိုက်တာ။

အလင်းရောင်မဲ့ မနက်ခင်းတစ်ခု

မနက်။ ငါ မျက်လုံးဖွင့်လိုက်တော့ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်နေတယ်။ အေးစက်တဲ့ လေထုရဲ့ အထိအတွေ့ကို လျစ်လျူရှုပြီး အိပ်ရာထဲက ထလိုက်တယ်။ အိပ်ချင်မူးတူးနဲ့ မျက်နှာသစ်ဖို့ ရေဖွင့်လိုက်တယ်။ ရေကိုကိုင်ကြည့်လိုက်တာ မျက်လုံးကျယ်သွားတယ်။ အေးနေတာကိုး။ မတတ်နိုင်ဘူး။ မျက်နှာသစ်လိုက်တယ်။ ငါ လန်းသွားတယ်။ ဒါပေမယ့် ကောင်းကင်ကြီးကတော့ လင်းမသွားပါဘူး။ မှောင်နေဆဲပဲ။

တဆက်ထဲ ရေချိုးလိုက်တယ်။ ငါလမ်းပေါ်ရောက်တော့ ငါတို့မြို့လေး မနိုးသေးတာ သိလိုက်တယ်။ လမ်းပေါ်မှာ ငါတစ်ယောက်ထဲ။ ငါ တိုးတိုးတိတ်တိတ် လမ်းလျှောက်နေတယ်။ ဂီတသံတစ်ခု ဝင်လာတယ်။ မျိုးကျော့မြိုင်ရဲ့ မင်းမရှိတဲ့နေရာ။ မဆီမဆိုင် ငါဝမ်းနည်းသွားတယ်။ ငါစိတ်က အဲ့ဒီဂီတသံကို ရပ်ပစ်လိုက်တယ်။

ငါ ပေါ့ပေါ့ပါးပါး လမ်းဆက်လျှောက်လာတယ်။ လေပြေအေးစက်စက်က ငါ့ကိုယ်ကို ဖြတ်တိုက်သွားသလားလို့ ထင်ရတယ်။ ငါရဲ့ မသိစိတ်ကတောင် ငါ့ကို ပြောတယ်။ ချမ်းတယ်တဲ့။

ငါ စမ်းချောင်းလေးနဲ့ အပြိုင်ရှိနေတဲ့ မြေနီလမ်းလေးအတိုင်း ခပ်သွက်သွက် ဆက်လျှောက်လာတယ်။ စမ်းချောင်းလေးက ငါ့ထက် မြန်မြန် လျှောက်နေတယ်။ ငါ သူဘယ်သွားနေလဲ မမေးတော့ဘူး။ ငါ သူ့ရဲ့ လားရာကို မြင်နေရတယ်လေ။ နောက်ပြီး ငါသိသေးတယ်။ သူလည်း အေးစက်နေတယ်။

ငါ ရပ်သွားပြီလို့ ထင်တဲ့ ဂီတသံ ပြန်ဝင်လာတယ်။ ငါ စိတ်ပြောင်းသွားတယ်။ မြေနီလမ်းလေးအတိုင်း မသွားတော့ပဲ သစ်တစ်ပင်တည်း ထီးထီးရှိနေတဲ့ တောင်ကုန်းလေးပေါ်တက်ခဲ့တယ်။ ကောင်းကင်ကြီး လင်းစပြုလာတယ်။ မှောင်နေဆဲဆိုရင် ငါ ဒီပေါ်တက်လာစရာမှ အကြောင်းမရှိတာ။

သစ်ပင်ကြီးအောက် ငါထိုင်လိုက်တယ်။ ငါ သောကကင်းမဲ့စွာနဲ့ စိတ်တွေ ပေါ့နေတယ်။ အဲ့တာကိုပဲ ငါ အနေရခက်လာတယ်။ ကိုယ့်ကိုယ်ကို ဒေါသထွက်လာတယ်။ ငါ တောင်ကုန်းပေါ်က ပြေးဆင်းလာတယ်။ အဲ့ဒီနားမှာ ငါ မနေချင်တော့ဘူး။

အခုဆို ငါ မြေနီလမ်းလေးအတိုင်း ပြန်လျှောက်နေတယ်။ ငါတို့ မြို့လေးရဲ့ ဘူတာရုံလေးဆီ ဦးတည်ပြီးပေါ့။

ငါ ဘူတာရုံရောက်တော့ ခုံတန်းရှည်တစ်ခုမှာ ထိုင်လိုက်တယ်။ ငါ သက်ပြင်းချလိုက်မိတယ်။ ငါ့မသိစိ်တ်က ရထားဆိုက်လာမှာကို စိုးရိမ်နေတယ်လို့ ခံစားရတယ်။ နောက်တော့လည်း ငါဆုတောင်းမပြည့်ပါဘူး။ ရေနွေးငွေ့စက်ခေါင်းကြီးနဲ့ ဆူဆူညံညံ ဝင်လာပါလေရဲ့။

ငါ နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ ငါ ဒီရထားနဲ့ လိုက်ရမယ်။

ငါ ရထားပေါ် ခြေထောက်ချချချင်းပဲ လောကကြီးက ငါ့ကို သူ့ရင်ခွင်ထဲ ထွေးပွေ့လိုက်တယ်။ ငါစိတ်အာရုံလည်း အနက်ရောင်တွေ လွှမ်းမိုးသွားတယ်။ ငါ့အာရုံငါးပါးလုံး ထိန်းချုပ်မှု မဲ့သွားတယ်။ ငါ့ကိုငါ ပြန်စဉ်းစားတယ်။ ငါ ဆိုတာ မရှိတော့ဘူး။ ငါ ရှေ့ဆက် ဘာမှ မသိတော့ဘူး။….

ပထဝီဝင် ဆရာတစ်ယောက် အကြောင်း

ဟိုတစ်နေ့က Module တစ်ခုအတွက် စာမေးပွဲ ဖြေရတယ်။ ဖြေရတဲ့ပုံစံက ဆရာမက Scenario တစ်ခုပေးတယ်။ အဲ့ဒီ Scenario မှာ လူ၄ယောက်ပါတယ်။ အဲ့ဒီ လူ၄ယောက်က ဆရာမရယ်၊ ကျွန်တော့် Classmate နှစ်ယောက်ရယ်၊ ကျွန်တော်ရယ်ပေါ့။ Scenario အရ ကျွန်တော်တို့ က စင်္ကာပူအထက်တန်းပြဆရာတွေ။ ကျွန်တော်တို့အနေနဲ့ ထိန်းရခက်တဲ့ ကျောင်းသားတွေကို ဘယ်လိုပုံပြောင်းမလဲဆိုတာ Workshop လုပ်တာပါ။

ဆရာမက ကျွန်တော်တို့ရဲ့ စကားပြောပုံ၊ နားထောင်ပုံ၊ ကိုယ်ဟန်အမူအရာ အဲ့တာတွေကို ကြည့်မှာပါ။ အဲ့တော့ ဆရာမက စပြောပါတယ်။ သူကတော့ဖြင့် (ကျွန်တော်မသိတဲ့) ကျောင်းတစ်ကျောင်းကပေါ့လေ။ သူ့မှာ အင်မတန်ဆိုးတဲ့ ကျောင်းသားတွေ ရှိတယ်တဲ့။ အရမ်းကို ဆိုးတယ်တဲ့ လူဆိုးလေးတွေပေါ့။ သူဘယ်လိုလုပ်ရမလဲတဲ့။ ကျွန်တော်တို့မှာရော အဲ့လို ကျောင်းသားလေးတွေ ရှိလားတဲ့။

တစ်ယောက်က စပြောတယ်။ သူကတော့ နောက်တစ်ကျောင်းကပေါ့။ သူ့ရဲ့ ကျောင်းသားတွေကတော့ ခပ်မာမာနဲ့ ဂရုမစိုက်တတ်တဲ့ ပုဂ္ဂိုလ်တွေတဲ့။ ဒါပေမယ့် သူက သူ့ကျောင်းသားတွေကို အော်လေ့၊ ဆူလေ့ မရှိပါဘူးတဲ့ဗျာ။ အဲ့လိုလုပ်ရင် ပိုဆိုးသွားနိုင်တယ်တဲ့။

နောက်တစ်ယောက်ပြောတာကတော့ အဆန်းပါ။ (စကားမစပ်၊ သူက Creative Media Design ဆိုတဲ့ Course ကပါ။) သူကကျတော့ သူဟာ အနုပညာကျောင်းတစ်ခုမှာ သင်နေတာပါတဲ့။ သူ့ကျောင်းကကျောင်းသားတွေမှာ စည်းကမ်းဆိုတာ မရှိဘူး။ လွပ်လပ်တဲ့ အတွေးအခေါ်အတွက် လွပ်လပ်တဲ့ မူဘောင်မဲ့ ဝန်းကျင်ကို ပိုကြိုက်ကြတယ်တဲ့။ သူပြောတာတွေထဲမှာ အိမ်သာထဲ ဆေးလိပ်သောက်လို့ သူမိတာလဲ ပါပါတယ်။ (သူ့ပုံကြည့်ရတာ သူကြုံခဲ့ရတဲ့ ကိစ္စတစ်ခုကို ပြန်ပြောပြနေသလိုပဲ။ အတိအကျနိုင်ပါတယ်။) ဆရာမက သူ့ကို မေးတယ်။ သူတို့ကို ဘယ်လို အပစ်ပေးလဲတဲ့။ အတတ်နိုင်ဆုံး လိုက်လျောပြီး မတတ်နိုင်ရင် (တိုင်စာတွေ များလာရင်) ကျောင်းထုတ်လိုက်ပါတယ်တဲ့။ (ကောင်းပါ၏။)

နောက်ဆုံး ကျွန်တော်ပြောပါတယ်။ ခက်တာက ကျောင်းစဉ်းစားရတာပါ။ ကိုယ်က ဒီမှာ အထက်တန်းကျောင်းလည်း မတတ်ဖူးတော့ စဉ်းစားရ ခက်ပါတယ်။ ဒါပေမယ့် ရင်းရင်းနှီးနှီးကြားဖူးနေတဲ့ ကျောင်းရှိပါတယ်။ Queensway Secondary School ပါ။ ကျွန်တော် ကိုယ့်ဟာကိုယ် ပထဝီသင်ခိုင်းလိုက်ပါတယ်။ ကိုယ့် ပြဿနာကျတော့ သူများနဲ့ မတူအောင် ကျောင်းသားတွေကို စာတော်ခိုင်းလိုက်ပါတယ်။ စာတော်ပြီး တစ်ယောက်နဲ့ တစ်ယောက်မတည့်တဲ့၊ အချင်းချင်းလေးစားမှု မရှိတဲ့ပုံစံကို သရုပ်ပေါ်အောင် ပြောပြပါတယ်။

ဆရာမက မေးပါတယ်။ သူတို့ကို ဘယ်လို ကိုင်တွယ်လဲတဲ့။ ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ စိတ်သုတေသနတစ်ခုကို ပြန်သတိရပါတယ်။ အဲ့တာကတော့ ဆယ်ကျော်သက်တွေဟာ ထိန်းချုပ်ခံရတာကို မကြိုက်တဲ့ ပုံစံတွေ ရှိနေပေမယ့်လဲ သူတို့ရဲ့ အတွင်းစိတ်က သူတို့လွှတ်ပေးထားတာ၊ လွတ်လပ်ခွင့်ပေးထားတာကို လုံးဝမကြိုက်ပါဘူး။ ထိန်းချုပ်ထားတာ၊ ကန့်သတ်ထားတာကိုပဲ ပိုကြိုက်တတ်ကြတယ်တဲ့။

အဲ့တော့လည်း ကျွန်တော်ဖတ်ဖူးတဲ့ ကိစ္စကို ပြောပြီး ကျွန်တော် အရမ်းထိန်းချုပ်တာမျိုး လုပ်လေ့မရှိကြောင်း၊ အချင်းချင်း လေးစားဖို့လိုကြောင်း ရှင်းပြတယ်လို့ ဆရာမကို ပြောပြတယ်။

အဲ့တော့ ဘာဖြစ်လဲဆိုတော့ သုံးယောက်က သုံးမျိုးပြောနေတော့ ဆရာမက စိတ်ညစ်သွားပြီး ကဲ ဘယ်လို နိဂုံးချုပ်မလဲတဲ့။ ကျွန်တော်လည်း ကူနိဂုံးချုပ်လိုက်ပါတယ်။ ကျွန်တော်တို့ ကျောင်းသားပေါ်မူတည်ပြီး ကြည့်က ရမယ်လို့။

Role Play လည်းပြီးရော ဆရာမကပြောပါတယ်။ ကျွန်တော်တို့ အဖွဲ့ ကိုယ်ဟန်အမူအရာထက် ပြောနေတဲ့ စကားပေါ် အာရုံပြုပြီး တစ်ယောက်စကား တစ်ယောက် အမှားမခံ ပြောသွားတယ်တဲ့။

ဘာတွေဖြစ်မလဲတော့ မသိ။ ၃ ပတ်ကြာမှ အဖြေသိရမယ်။ =)