Taxi ဆရာတစ်ယောက်နဲ့ စကားပြောခြင်း

ကျွန်တော် ဒီနေ့ ဝေယံလင်းနဲ့ California မှာသွားတွေ့ပြီး Taxi စီး အိမ်ပြန်လာတယ်။ ကားပေါ်မှာ ဆရာသမားနဲ့ စကားပြောတော့ သူက ယာဉ်တိုက်မှုတစ်ခုအကြောင်း ပြောပြတယ်။ ၃၁ ဂိတ်မှာ လူနှစ်ယောက်ကို တိုက်သတ်သွားသတဲ့။ (ကားကတော့ မောင်းပြေးသွားတယ်။)

ကိုယ်လည်း သူဘာကို ပြောနေမှန်း မသိတော့ ပြောရတာပေါ့။ “မိုက်ရိုင်းလိုက်တာ။ လူ့အသက်တန်ဖိုး မထားဘူး” ဘာညာပေါ့။ အဲ့ဒီတော့ သူက စိတ်ရှုပ်သွားပုံ ရတယ်။

“ဟ မင်းအဲ့ဒီလို မပြောနဲ့လေ။ မင်းကလည်း လူတစ်ယောက်တိုက်မိရင် ရေလည် ပြသနာများတာ။ ကားသမားတိုင်း အဲ့တာတော့ ရှောင်တယ် ဟေ့ကောင်” တဲ့။ အဲ့ဒီတော့မှ သူဘာကို ဆိုလိုချင်လည်း သဘောပေါက်တယ်။ ကျွန်တော်လည်း အသုံးမကျတာ။ Taxi ဆရာကိုမှ … စကားမှားပြောတာ… ပြန်ဖြည်ရတယ်…။

“ဟုတ်တာပေါ့ဗျာ။ ဒီမှာ လူတိုက်မိရင် ပြစ်ဒဏ်က အရမ်းပြင်းထန်တာ။ တချို့ လူတွေက အဲ့ဒီအားကိုးနဲ့ တိုက်ရဲတိုက်ကြည့် ဆိုပြီး သိပ်စည်းကမ်းမရှိချင်ကြဘူး” ဆိုပြီး သူ့ဘက်က ပြန်ပြောပေးရတာပေါ့။… ဟူး…

အဲ့ဒီတော့မှ နည်းနည်း ကြည်ကြည်သာသာနဲ့ “အေးကွာ၊ ငါလည်း ဘီယာလေးနဲ့ *ကြက်ဥချောင်းကင်လေး* ၁ကင် ၃၀ဝ နဲ့ ၃ကင်ဝယ်စားနေတာ.. အဲ့ဒီအလောင်းတွေ မြင်လိုက်တော့ စည်းစိမ်တောင် ပျက်သွားတယ်” ဆိုပြီး ညည်းနေလေရဲ့။

မှတ်ချက်။ ။ဒီစာကို ရန်ကုန်မှာ ရေးပြီးတင်တယ်။

ငါပြောသလိုလုပ်

ဆေးတက္ကသိုလ်။ ပထမဆုံးကျောင်းတက်တဲ့ နေ့။ နာရီကြည့်လိုက်တော့ ၁၁ နာရီ။ ဗိုက်ကဆာနေပြီ။ စိတ်လှုပ်ရှားနေလို့ မနက်က ဘာမှ မစားမရခဲ့ဘူး။ မနက် ၉ နာရီထဲက စာလာသင်ရမယ့် ဆရာ အခုအထိ လူရိပ်လူရောင် မမြင်ရသေးဘူး။

ကိုယ့်အထက်တန်းကျောင်းက သူငယ်ချင်းလည်း မရှိတော့ တစ်ယောက်ထဲ ငုပ်တုတ်။ လျှောက်စဉ်းစားနေရင်းနဲ့ ဆရာဝင်လာတယ်။ စာသင်မယ့် စင်ပေါ်တက်သွားတယ်။ Briefing ပေးတယ်။ ဆေးကျောင်းသားတွေ လိုက်နာရမယ့် စည်းကမ်းတွေကို ရှင်းပြတယ်။

ဆေးလိပ်မသောက်ရ။
အရက်မသောက်ရ။
စုံတွဲများ မဖွယ်မရာ မပြုရ။ (ပြောသွားသည်ဟု ထင်ပါသည်။)
အတန်းတက်ချိန် မှန်ရမည်။

စသဖြင့် စသဖြင့် ပြောသွားပါတယ်။

ပြောစရာရှိတာတွေ ပြောပြီး စာနည်းနည်း စသင်ပါတယ်။ ဆရာ နောက်တော့ အရှိန်ရသွားလားမသိ။ သင်ကောင်းကောင်းနဲ့ သင်လိုက်တာ ၁၂ နာရီ ကျော်လို့ မိနစ် ၂၀ လောက်ဖြစ်လာတယ်။ ကျွန်တော် ဘယ်လိုမှ သည်းညည်းမခံနိုင်တော့ပါဘူး။ ဗိုက်က အရမ်းကိုဆာနေပါပြီ။ တခြားကျောင်းသားတွေလည်း ဒီလိုပဲ လို့ထင်ရတာပဲ။

အဲ့ဒီ အချိန်မှာပဲ မိန်းကလေးတစ်ယောက်က မတ်တပ်ထလိုက်ပါတယ်။ ပြီးတော့…

ဆရာ… အခု ၁၂ နာရီကျော်နေပါပြီ။ ၁၂ နာရီမှာ သမီးတို့ အတန်း Lunch Break ယူခွင့်ရှိပါပြီ။ ဆရာက သမီးတို့ကို အတန်းချိန် နောက်မကျရဘူး ပြောပေမယ့်လည်း ဆရာကိုယ်တိုင် အတန်းထဲ ဝင်လာတာ နောက်ကျပါတယ် ဆရာ။ နောက်ပြီး အခု သမီးတို့ရဲ့ Lunch Time ကို ဆရာ ဆက်ယူနေပါတယ်။ ဆရာ သမီးတို့ အားလုံး Lunch စားဖို့ သင့်ပါပြီ။

တဲ့။ ကျွန်တော် အရမ်းပျော်သွားတယ်။ အဲ့ဒီမိန်းကလေးကိုလည်း လေးစားသွားတယ်။ ကျွန်တော် ထပြောဖို့ စဉ်းတောင်မစဉ်းစားတဲ့ အချိန်မှာ သူ တည်တည်ငြိမ်ငြိမ်လေးကို ပြောသွားတာပါ။ ကျောင်းသားတွေ အားလုံးရဲ့ ကိုယ်စားပေါ့။ ဆရာ Class ကို ချက်ချင်းပဲ Break ပေးလိုက်ပါတယ်။

သူ ဆရာကို ဒီလို ပြောသင့်သလား။

ဆရာက ဘယ်လို စဉ်းစားမှာလဲ။ ဆရာ့အနေနဲ့

ငါအရမ်းမှားသွားတယ်။ ငါ့ဘာသာငါ ဘာကိစ္စကြောင့်ပဲ နောက်ကျနောက်ကျ သူတို့ကို ရှင်းပြပြီး နားလည်အောင် တောင်းပန်သင့်တယ်။ နောက်ပြီး သူတို့ရဲ့ Lunch Break ကို ၁၅ မိနစ်လောက်သုံးခွင့် ပေးဖို့လည်း ငါ သူတို့ကို Request လုပ်သင့်တယ်။ ဘာလို့ဆို ငါက သူတို့ရဲ့ စာသင်ပိုင်ခွင့် ၂နာရီကို ဖျက်ဆီးခဲ့သလို သူတို့ရဲ့ နားချိန်ကိုလည်း ဘာမပြော ညာမပြော ယူသုံးခဲ့တယ်။

(ဒါမှမဟုတ်) ဒီမိန်းကလေးက ရိုင်းလှချည်လား။ ငါ့ကို ကျောတာလား။ ဂရုမစိုက်တာလား။ ငါ့ကို ဘာမှတ်နေလို့လဲ။ ငါ စေတနာနဲ့ သင်ပေးတာကို လူပါးဝလို့။ ငါ နောက်ကျတာလည်း သူဘာမှ ပြောစရာ အကြောင်းမရှိဘူး။ ကိစ္စရှိလို့ မလာနိုင်တာပေါ့။ နင်တို့ကို စေတနာမေတ္တာအပြည့်နဲ့ လခနည်းနည်းပဲ ယူပြီး စာသင်ပေးနေတာ ကိစ္စရှိလို့ တစ်ရက်နောက်ကျပါတယ်။ စော်ကားမော်ကား သိပ်ပြောတယ်။ Lunch Break ကို ယူတော့လည်း ဘာဖြစ်တုန်း။ နင်တို့ကမှ အခုပြီးရင် စားရဦးမယ်။ ငါ့မှာ လုပ်စရာတွေ အများကြီး။

ကဲ… ဘယ်လို တွေးနေကြလဲ။ ဘယ်လို တွေးရင် မှန်သလဲ။

မှတ်ချက်။ ။ဒီစာကို ရန်ကုန်မှာ ရေးပြီးတင်တယ်။

Relativity Theory

Einstein ကိုယ်တိုင် ရှင်းပြခဲ့တဲ့ Relativity Theory ရဲ့ ဥပမာလေးပါ။

မိန်းမချောလေး တစ်ယောက်ကို ခင်ဗျားပေါင်ပေါ်မှာ တစ်နာရီလောက်ကြာအောင် တင်ထားပေမယ့် တစ်မိနစ်လောက်ပဲ ကြာတယ်လို့ ခင်ဗျားထင်မယ်။ ဒါပေမယ့် ခင်ဗျားကိုယ်တိုင် မီးဖိုပေါ် တစ်မိနစ်လောက် တက်ထိုင်ရင်တော့ တစ်နာရီလောက်ကြာတယ်လို့ ခင်ဗျား ထင်လိမ့်မယ်။ အဲ့ဒါ Relativity Theory ရဲ့ သဘောပဲ။

ဒါလေးတွေကတော့ နောက်ဆက်တွဲ တင်စားချက်လေးတွေပါ။

ဆံပင်သုံးချောင်းနော်။ ခေါင်းပေါ်မှာဆို သိပ်နည်းတယ်။ အယ်.. ဟင်းချိုထဲမှာဆိုရင်တော့ သိပ်များသွားပြီ။ အဲ့တာ Relativity Theory။

နောက်တစ်မျိုးက…

ကုန်ဆုံးသွားတဲ့ အချိန်တစ်ခုတည်းက အိ်မ်သာတံခါးရဲ့ ဘယ်ဘက်မှာ သင်ရှိနေသလဲဆိုတာပေါ် မူတည်ပြီး မတူညီနိုင်ပါဘူး။ တဲ့။ အဲ့တာလည်း Relativity Theory ပါပဲ။

ဒီဟာသတွေအားလုံးကို မောင်ကောင်းထိုက်ရဲ့ ဟာသပဒေသာ အမှတ်(၁၇)ကနေ ကူးထားပါတယ်။

ဟောခြင်း၊ ပြောခြင်း

ပရိသတ်ကို အောင်မြင်စွာ စကားပြောနိုင်ဖို့အတွက် အချက်(၁၀)ချက်

၁။ ကိုယ်စကားပြောမယ့် အခန်းနဲ့ ရင်းနှီးအောင် လုပ်ပါ။ ကြိုရောက်လာပြီး အခန်းထဲ လှည့်လျှောက်ကြည့်ပါ။ Microphone နဲ့ တခြားအသုံးပြုမယ့် ကိရိယာတွေကို စမ်းသပ်ထားပါ။

၂။ ပရိသတ်ကို သိပါ။ ဝင်လာတဲ့ ပရိသတ်အချို့ကို နှုတ်ဆက်ပါ။ သူငယ်ချင်းတွေနဲ့ စကားပြောရတာဟာ သူစိမ်းတွေနဲ့ ပြောရတာထက် ပိုလွယ်ပါတယ်။

၃။ ပြောရမယ့် အကြောင်းအရာကို သိပါ။ ကိုယ်ကိုယ်တိုင်က ပြောရမယ့် Topic နဲ့ မရင်းနှီးတာပဲဖြစ်ဖြစ်၊ အဲ့ဒီ Topic နဲ့ သက်တောင့်သက်သာ မရှိတာပဲဖြစ်ဖြစ်၊ ကြောက်ရွံ့စိတ်တွေ များလာပါလိမ့်မယ်။ ကိုယ်ပြောမယ့် စကား(မိန့်ခွန်း)ကို လေကျင့်ပါ။ လိုအပ်ရင် ထပ်လေ့ကျင့်ပါ။

၄။ စိတ်ကို လျှော့ထားပါ။ စိတ်တင်းကျပ်နေရင် ကိုယ်လက်လှုပ်ရှားလုပ်ပြီး စိတ်ကို လျှော့ပါ။

၅။ ကိုယ့်ကိုယ်ကို ပရိသတ်ကို စကားပြောနေတယ်လို့ မြင်ယောင်ကြည့်ပါ။ ကိုယ့်အနေနဲ့ အသံ ပီပီသသ၊ ကျယ်ကျယ်လောင်လောင်နဲ့ စိတ်ချလက်ချ စကားပြောနေတယ်လို့ တွေးကြည့်စမ်းပါ။ ကိုယ့်ကိုယ်ကို အောင်မြင်တယ်လို့ ပုံဖော်နိုင်မယ်ဆိုရင် ကိုယ်လည်း အောင်မြင်မှာပဲ။

၆။ ပရိသတ်က ကိုယ့်ကို အောင်မြင်စေချင်တယ်ဆိုတာ နားလည်ပါ။ ပရိသတ်က ကိုယ့်ကို စိတ်ဝင်စားစရာ ကောင်းမယ်လို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် နှိုးဆွနိုင်တဲ့၊ သတင်းအချက်အလက်တွေ ပေးနိုင်တဲ့၊ ဧည့်ခံပေးနိုင်တဲ့ လူတစ်ယောက်ရယ်လို့ မျှော်လင့်ပါတယ်။ ပရိသတ်က ကိုယ်ကျရှုံးသွားမှာကို မလိုလားဘူးဆိုတာလည်း သိထားဖို့ လိုပါတယ်။

၇။ မတောင်းပန်ပါနဲ့။ ကိုယ်စကားပြောဖို့ ခက်နေတဲ့ ဒုကကို တောင်းပန်တာပဲ ဖြစ်ဖြစ်၊ ကိုယ်ရဲ့ ကြောက်ရွံ့နေမှုကို ဖော်ပြတာပဲ ဖြစ်ဖြစ် ပြုမယ်ဆိုရင် ပရိသတ်အနေနဲ့ သတိမထားမိတဲ့ ကိစကို သိအောင် ပြောသလို ဖြစ်သွားနိုင်ပါတယ်။ တိတ်တိတ်နေပါ။

၈။ ကိုယ်ပေးချင်တဲ့ Message ပေါ်မှာပဲ အာရုံထားပါ။ ကြားခံပေါ်မှာ မထားပါနဲ့။ ကိုယ့်ရဲ့ စိုးရိမ်သောကတွေကို မေ့လိုက်ပြီး ကိုယ်ပြောချင်တဲ့ အကြောင်းအရာနဲ့ ကိုယ်ပြောပြနေတဲ့ ပရိသတ်ကိုပဲ ဂရုစိုက်ပါ။ ကြောက်ရွံ့မှုတွေ တဖြည်းဖြည်း ပျောက်သွားလိမ့်မယ်။

၉။ ကြောက်ရွံ့မှုကို အပြုသဘောဆောင်တဲ့ စွမ်းအင်အဖြစ် ပြောင်းလိုက်ပါ။ ကြောက်ရွံ့မှုကို တက်ကြွနေတဲ့ စိတ်အားထက်သန်မှုအဖြစ် ပြောင်းလဲပါ။

၁၀။ အတွေ့အကြုံယူပါ။ အတွေ့အကြုံက ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တည်ဆောက်ပေးတယ်။ အဲ့ဒီယုံကြည်မှုဆိုတာကလည်း ထိရောက်တဲ့ ဟောပြောမှုတစ်ခုအတွက် အဓိကသော့ချက်ပါ။*

*ဒီနေရာမှာ ကျွန်တော် နားလည်တဲ့ အတွေ့အကြုံဆိုတာ ဟောတဲ့ပြောတဲ့ အတွေ့အကြုံရော၊ ဟောမယ့်ပြောမယ့် အကြောင်းအရာနဲ့ ပတ်သက်တဲ့ အတွေ့အကြုံကိုပါ ဆိုလိုတယ်လို့ နားလည်တယ်။

ပေသီး

မောင်သန့်ဇင် ကို အေး၏၊ လိမ္မာ၏။ လို့ မထင်ပါနဲ့။ (ဘယ်သူမှလည်း မထင်လောက်ပါဘူး။) မထင်နဲ့ လို့ ပြောရတာက ၈ တန်းတုန်းက တခြား ဘယ်အတန်းမှာမှ မဖြစ်ဖူးတဲ့ ကျောင်းတက်ခွင့် ၂ ပတ် ပိတ်ခြင်း တည်းဟူသော အပြစ်ဒဏ်အား (S)တန်းမှ မောင်သန့်ဇင် ဆွတ်ခူးဖူးသောကြောင့်ပါ။

ဆရာမကိုလည်း ဆံပင်မဆွဲပါဘူး။ မုန့်ဈေးတန်းကိုလည်း မီးမရှို့ပါဘူး။ 😥 ကိစ္စကတော့ ပေသီးပါ။ ကျွန်တော့်သူငယ်ချင်းကို ကျူရှင်မှာ ကျွန်တော်က ပေသီးဝယ်ခိုင်းတယ်။ သူက ဆော့လို့ကောင်းတယ် ပြောတာကိုး။ ဒါနဲ့ ကျွန်တော့်သူငယ်ချင်း နောက်တစ်ယောက် (သူကို့ မောင်ခကွေးလို့ နာမည်ပေးမယ်။ ဟို… ကျွန်တော်ဝယ်ခိုင်းတဲ့ သူငယ်ချင်းကိုတော့ မောင်ကကြီးပေါ့။) အင်း.. အဲ့ဒီ မောင်ခကွေးကလည်း မောင်ကကြီးကို တစ်ထုပ် ဝယ်ခဲ့ပါတဲ့။

မောင်ကကြီးက ဝယ်လာပါတယ်။ ကျောင်းကို ဝယ်လာတာ။ အဲ့တာကို မောင်ခကွေးက တစ်ထုပ်ကို ဖောက်လိုက်ပါတယ်။ (ချက်ချင်းဆော့ချင်လို့ နေမှာ။) မောင်ခကွေးက ဖောက်ပြီး ကောင်းကောင်း မဆော့ပါဘူး။ ဆရာမ စာရေးနေတဲ့ WhiteBoard ကို လှမ်းပေါက်ပါတယ်။ စာအုပ်တွေထဲကလို ပြောရင်တော့ ရာဇဝတ်အိုးကို ဒုတ်နဲ့ထိုးမိခြင်းပေါ့။

တစ်တန်းလုံး (မိန်းကလေးတွေရော) ခုံပေါ်တက်ရပြီး တစ်ခန်းလုံးကို (ပိုက်စိပ်တိုက်) ရှာပါတယ်။ မမိ, ရှိမလား။ မိတော့ ဘယ်သူတွေလဲတဲ့။ ကကြီးနဲ့ ခကွေးက ဝန်ခံရတော့တာပေါ့။ ကျွန်တော်လည်း ဖြောင့်ချက်ပေးလိုက်ရပါတယ်။ ဒါနဲ့ ဆရာကြီးရဲ့ ရုံးခန်းထဲ မရောက်ခင် ဆယ်တန်းအတန်းမှူး (လို့ထင်ရတဲ့) ဆရာတစ်ယောက်က စစ်ပါတယ်။ (ကျွန်တော်တို့ ဝန်ခံပြီးမှကို စစ်သေးတာ။)

ဘာလို့ ယူလာတာလဲဆိုတော့ ဆော့မလို့လို့ ဖြေရင်လည်း ရွဲ့ရာကျတော့မယ်။ ဒီဆရာနဲ့တော့ ခက်ပါတယ်။ ဘေးကဆရာမက ဘေးမှာရပ်ပြီး ဘေးတီးပါတယ်။ ဒါက ပေသီးတဲ့။ ရှင်းသွားတာပဲ သူပြောမှ။ သူဆိုလိုချင်တာက ဒါ အထိတ်တလန့် ဖြစ်အောင်လုပ်တယ်ပေါ့။ ကျွန်တော်လည်း ဝင်ပြောရတော့တယ်။ ဆရာမ ကိုယ်တိုင်ဖောက်ကြည့်ပါလို့။ အသံမကျယ်ဘူးလို့။ ဆိုတော့ ဆရာမက ဒေါသနဲ့ “အောင်မယ်၊ ငါ့ကို မလေးမစား။” တဲ့။ ကြည့်ရတာ ဆော့ချင်ရက် လက်တို့ ဖြစ်သွားတယ် ထင်ပါတယ်။ ဆရာရှိနေတော့ ယူဖောက်ကြည့်လို့လဲ မကောင်းဘူးလေ။

အဲ့တာနဲ့ပဲ ကျောင်း(၂)ပတ် အနားခံလိုက်ရပါတယ်။ ပေသီးထုပ်လည်း Confiscate လိုက်ကြပါတယ်။ ကျွန်တော် အဲ့ဒီအထုပ်ကို လက်နဲ့တောင် မထိလိုက်ရပါဘူး။

(ကျွန်တော်ရေးတဲ့ ဒီစာမှာ ဆရာ၊ဆရာမတွေကို အဂါရဝသင့်စေမယ်ဆိုရင်တော့ ခွင့်လွှတ်စေချင်ပါတယ်။ မခံချင်လို့ပါ။ မှန်ပါတယ်။ WhiteBoard ကို ပေသီးနဲ့ ပစ်တာ အင်မတန် ရိုင်းတဲ့ အပြုအမူပါ။ ကျွန်တော်တို့က ဒီကိစမှာ ပတ်သက်နေရုံနဲ့ ဒီလိုအပြုအမူကို အားပေးအားမြောက် လုပ်မယ်လို့ ယူဆတာတော့ မကောင်းဘူးလို့ ထင်ပါတယ်။ ၃ ယောက်လုံး ၂ ပတ်နားလိုက်ရပါတယ်။

ဒီလိုပြောတော့ ကျွန်တော်တို့က လူပေလူတေလေးတွေ ကျနေတာပဲ။ ပြောရမယ်ဆိုရင်၊ မောင်ကကြီးက English စာအရမ်းကောင်းတဲ့ အတန်းထဲ Top Student တစ်ယောက်ပါ။ သူ့ကို ဝယ်ခိုင်းတော့တောင် သူက ပြောသေးတယ်။ “ငါ့အမေက ငါ့ကို နေ့တိုင်း တစ်ထုပ်ဝယ်ပေးတယ်” တဲ့။

ကျွန်တော်တွေးမိတာက ဆရာမတွေ ဒီကိစ္စကို သေသေချာချာ သုံးသပ်ရဲ့လား ဆိုတာပါ။ “ငါတို့ကို ရိုသေနေရမယ်” နဲ့ “ငါတို့ကို ကြောက်နေရမယ်” ဆိုတဲ့ မတူတဲ့ အယူအဆ နှစ်ခုကို ရောပစ်လိုက်ကြတယ်။ ဆရာမက “နည်းနည်းမှ မလှုပ်နဲ့” ဆိုလို့ ဒူးအောက်မှာ ကျောက်ခဲလေး ဝင်နေတာကိုတောင် နေရမရွှေ့ရဲတဲ့၊ ဒူးထောက်အပြစ်ပေးတာကို ချွေးဒီးဒီးကျခံနေရတဲ့၊ မူလတန်း ကျောင်းသူလေး အကြောင်း ကို ဆရာမောင်သစ်ဆင်းရဲ့ ကြောက်စိတ် ဆိုတဲ့ စာအုပ်မှာ ဖတ်နိုင်ပါတယ်။)

ဆရာ၊ ဆရာမများအား ချစ်ကြောက်ရိုသေလျက်၊ သတိရလျက်
mgthantzin

တရုတ်နိုင်ငံက လူပျိုကြီးများ

ရန်ကုန်မှာ ထုတ်တဲ့ ဂျာနယ်တချို့ဖတ်ခွင့်ရလို့ ဟိုလှန်ဒီလှန် လုပ်တော့ ဓာတ်ပုံလေးတစ်ပုံတွေ့တယ်။ တရုတ်နိုင်ငံက မူလတန်း ကျောင်းသူလေး တစ်ယောက် ကျောင်းသားလေးတွေ ကြားထဲမှာ ထိုင်နေတာကို ရိုက်ထားတာပါ။ အတန်းထဲမှာ ယောကျာ်းလေး ၃၉ ယောက်ရှိပြီး မိန်းကလေး ၈ ယောက်သာ ရှိပါသတဲ့။ နောက်ပြီး အဲ့ဒီ ရှားရှားပါးပါး မိန်းကလေးတွေကလည်း ယောကျာ်းလေးတွေကို အတုယူပြီး ရန်လိုစိတ်လေးတွေ ဝင်နေကြပါတယ်တဲ့။

ဒီလိုဖြစ်ရတာက တရုတ်နိုင်ငံရဲ့ ကလေးတစ်ယောက်ပဲ မွေးခွင့်ပြုမှုကြောင့် ဖြစ်ပါတယ်။ တရုတ်လူမျိုး မိသားစုတွေကလည်း ယောကျာ်းလေးကိုပဲ ဦးစားပေးယူပြီး မိန်းကလေးဆိုရင် ကိုယ်ဝန်ဖျက်ချတာမျိုးလုပ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်ဖတ်တဲ့ ဂျာနယ်က ဒါဟာ တရုတ်လူမျိုးတွေရဲ့ လူမျိုး(မိသားစု)ထိန်းသိမ်းရေးကြောင့်လို့ မယူဆပဲ ယောကျာ်းလေးမွေးရင် မိဘတွေ အသက်ကြီးလာရင် ပိုအားကိုးရလို့ပါတဲ့။

အကျိုးဆက်အားဖြစ် ၂၀၂၀ ခုနှစ်ကျရင် လူပျိုကြီးပေါင်း သန်း ၃၀ ဖြစ်လာနိုင်တယ်တဲ့။ တရုတ်အစိုးရလည်း သနားဖို့ကောင်းပါတယ်။ အဲ့ဒီလိုမှ မလုပ်လဲ လူဦးရေထိန်းသိမ်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ရှေ့တိုးမရ၊ နောက်ဆုတ်မရကြီးပါ။

တဆက်ထဲ စဉ်းစားမိတာက စင်္ကာပူပါ။ ကလေးမွေးတာ နည်းနေလို့ ကလေး ၃ ယောက်မွေးရင်ဖြင့် မိဘတွေမှာ အကျိုးခံစားခွင့်တွေ ပေးမယ်ဆိုတာမျိုး လုပ်လာပါတယ်။ ကျွန်တော်စဉ်းစားနေတာက အဲ့ဒီ့ ဟိုလူပျိုကြီးတွေကို ဒီကို လာခိုင်းလိ်ုက်မယ်၊ စင်္ကာပူနိုင်ငံသူ (ကျွန်တော်တို့အခေါ် စလုံးမ) တွေနဲ့ ယူကြမယ်ဆိုရင်..

သူများသားသမီးကို ပိုင်စိုးပိုင်နင်း ပြောတာမဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့ ကျောင်းရဲ့ Director ကိုယ်တိုင်က ကျွန်တော်တို့ကို ပြောခဲ့တဲ့ စကားရှိပါတယ်။

ဒီနှစ် ငါ နိုင်ငံခြားကျောင်းသားတွေကို အရင်နှစ်တွေထက် ပိုခေါ်ခဲ့တယ်။ ဘာလို့ဆို မင်းတို့က တော်လို့။ မင်းတို့ ကျောင်းပြီးရင် ဒီမှာပဲ အလုပ်လုပ်ကြပါ။ ဒီက မိန်းကလေးတွေနဲ့ပဲ လက်ထပ်ကြပါ။

တဲ့။ ကျွန်တော် လိမ်လည်း မပြောဘူး။ ပိုလည်း မပြောဘူး။ အဲ့ဒီအတိုင်းကို ပြောသွားတာပါ။ ဒီမှာ အပြီး အခြေချပါဆိုတဲ့ သဘောပေါ့ဗျာ။ ဆက်သာ တွေးကြည့်ကြပါတော့…

ပန်းဝေ

အလွမ်းတွေ ရှိထားကြောင်း
“ပန်းဝေ” သိလား မေးချင်တယ်။
လမ်းတွေ့ရင် ခေါ်ခွင့်မပိုင်ပါဘူး။
ကျွမ်းမြေ့ရှင် မျှော်လင့်နိုင်မှာလားရယ်လို့
ခိုးဝှက်ကာ အကြည့်ပုန်းတွေနဲ့
တိုးရှက်ရာ မချိဆုံးပါပဲ
ငြိထုံးလာ အလွမ်းတွေဝေတော့
“ပန်းဝေ” သိမယ်။

ကိုယ့်မျက်ရည် ကိုယ်မတွေ့ရှာဘူးတဲ့။
ညှိုးချက်တွေ အငိုဝေ့ပါရင်
ကမ္ဘာချဉ်းအောင် ပန်းတော်ပွင့်မယ်။
သခင့်အတွက် ပန်းတွေရယ်
နွမ်းလေတယ် ကျွန်တော်မျက်ဖြေဘူး။
(အော်… တို့ဘဝက)
တမ်းပြေတယ်နော် မျက်ရည်ဦး။

နှောင်တွယ်တာ ခက်တာပဲ ပန်းရယ်လို့
ရှောင်ဖယ်ကာ မျက်နှာလွှဲစမ်းချင်တာပေါ့။
ကျောင်းခန်းဆီ ခြေလှမ်းတွေ အရောက်ယူဆဲမှာပဲ။
တစ်ယောက်သူ နောက်လူတွေ့နေနှင့်ပြီမို့
ရင်နင့်စွာ ကျွန်တော်ချစ်ပေမယ့်
မြင်ခွင့်မှာ အဖော်သစ်တွေနဲ့
“ပန်းဝေရယ်” (တို့လေ…) မခေါ်ဖြစ်ပါဘူး။

(သူငယ်ချင်း ဖြိုးသီဟအောင် ရဲ့ မှတ်စုစာအုပ်ကနေ ကူးယူတာပါ။ ဘယ်သူရေးတာလဲ မသိတော့သလို၊ ကဗျာရဲ့ ခေါင်းစဉ်လဲ မသိတော့လို့ သင့်တော်တာလေး ပေးထားပါတယ်။)

သင်

စိမ်းစိမ်းမြမြ
ဒေါသလက်ရွှန်း
မျက်ဝန်းကလေး… သင်။

မုန်းမုန်းမေ့မေ့
အပြုံးသွေ့နွမ်း
နှုတ်ခမ်းကလေး… သင်။

ခိုးခိုးခစ်ခစ်
အပြစ်ဖွဲ့ဟန်
မဲ့သံကလေး… သင်။

ဆူဆူလောင်လောင်
ရန်ထောင်ခြေဆောင့်
ဖနောင့်ကလေး… သင်။

တွေးတွေးတိတ်တိတ်
စိတ်ကောက်ကျောပေး
နောက်ကျောကလေး… သင်။

ဒေါသမျက်လုံး
အမုန်းနှုတ်ခမ်း
ရယ်သွမ်းမယ့်ဟန်
ရန်ထောင်ခြေထောက်
စိတ်ကောက်ကျောပြင်
မိစ္ဆာ… သင်။

ချစ်ခင်သူတို့ ထမင်းပွဲ
ချစ်ခင်သူတို့ အသင်းထဲကို
သင်းကွဲမှောက်လှန်
ခလောက်ဆန်ဖို့
(သင်ဘယ်သူ့ထံက…)
ထောက်ခံစာ ယူခဲ့ပါသလဲ။

မောင်ခိုင်မာ

(သူငယ်ချင်း ဖြိုးသီဟအောင် ဆီကပဲ ကူးတာပါ။ ကဗျာနာမည်ကိုတော့ ကဗျာထဲက “သင်” ဆိုတဲ့ စာလုံးလေးကိုပဲ ပြန်ယူပြီး ပေးထားပါတယ်။)

လူတွေ ပျော်အောင်

လူတွေပျော်အောင် (စိတ်ချမ်းသာအောင်) ဒါလေးတွေ လုပ်ပေးပါတဲ့။

၁။ မွေးနေ့တွေကို သတိရပါ။

အရေးကြီးတဲ့ မွေးနေ့တွေကို တစ်နေရာထဲမှာ စုစည်းထားပါ။ မွေးနေ့ရောက်လာရင် မွေးနေ့ဆုတောင်း email လေးတွေ ပို့ပေးပါ။ HappyBirthday.com ကို သုံးနိုင်ပါတယ်။

၂။ မင်းကို သတိရနေတယ်။

အကြောင်းကိစ္စ တိုက်ဆိုင်လို့ လူတစ်ယောက်ကို သတိရမိတိုင်း သတိရကြောင်း email ပို့ပေးပါ။ သူသိပါစေ။ ကိုယ့်ကို လူတွေ သတိရနေတယ်ဆိုတာကို သိရတာ အရမ်းပျော်ဖို့ ကောင်းပါတယ်။

၃။ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား အတွေးတွေ ပေးပါ။

သူငယ်ချင်းကို အားပေးချင်တယ်ဆိုရင် ခပ်မြင့်မြင့် စိတ်ကူးတစ်ခု ပေးပြီး သူ့အနေနဲ့ အဲ့ဒီစိတ်ကူးကို အကောင်အထည်ဖော်သင့်တယ်လို့ တိုက်တွန်းပါ။ မင်း စာအုပ်တစ်အုပ် ရေးပါ။ (ဒါမှမဟုတ်) မင်း ကိုယ်ပိုင်လုပ်ငန်း ထူထောင်ပါ ဆိုတာမျိုးပေါ့။ လူတစ်ယောက်ရဲ့ ဘဝမှာ အဲ့ဒီလို အားပေးစကားတွေက သဘာဝလွန် အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါတယ်။

၄။ ထောက်ခံအကြံပေးမှုများ (Recommendations)

ကောင်းနိုးရာရာ တွေ့ထားတာရှိရင် သူငယ်ချင်း သိပါစေ။ သူသိချင်လို့ ထပ်မေးလာရင်လဲ ပြည့်ပြည့်စုံစုံသာ ဖြေပေးလိုက်ပါ။

၅။ မိတ်ဆက်ခြင်းများ

စီးပွားရေးပဲ လုပ်လုပ်၊ အိမ်ပြောင်းလာတဲ့ မိသားစုအသစ်နဲ့ပဲ ဖြစ်ဖြစ်၊ ကနဦးမိတ်ဆက်ခြင်းက လူတစ်ယောက်ကို အများကြီး သက်တောင့်သက်သာ ဖြစ်စေပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ထိတွေ့ဆက်ဆံတယ်ဆိုတာ အင်မတန်မှ ကောင်းပါတယ်။

သိပ္ပံပညာရှင်တွေ နည်းနည်းစိတ်ပူနေတဲ့ ကိစ္စတစ်ခု ရှိပါတယ်။ ဒီနေ့ကမ္ဘာမှာ လူတွေ Computer နဲ့ပဲ အထိအတွေ့ များလာတာကြောင့် လူသားချင်း ထိတွေ့ဆက်ဆံမှု ပိုနည်းလာပြီး ပေါင်းသင်းဆက်ဆံမှု စွမ်းရည် (Interpersonal Skill) ကျဆင်းလာနိုင်တယ်တဲ့။ ကျွန်တော်တို့ သတိထားရမယ့် ကိစ္စပဲ။

(၉၂) နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့

သက်ရှိထင်ရှားဆိုရင်တော့ ကျွန်တော်တို့ ဗိုလ်ချုပ် ဒီနေ့အသက် (၉၂)နှစ်ပြည့်ပါပြီ။ ကျွန်တော်တို့ လူငယ်တွေ ဗိုလ်ချုပ်လို အမျိုးသားရေးဦးသျှောင်ကို မလေးစားပဲ မနေနိုင်တဲ့ အကြောင်းရင်းတွေကတော့ ဗိုလ်ချုပ်ရဲ့ အနေရိုးမှု နဲ့ ဘယ်သူမှ ယှဉ်ရဲစရာမရှိတဲ့ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်တွေဟာ အဓိက ဖြစ်နေပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့ ဗိုလ်အောင်ဆန်းဆိုတဲ့ သီချင်းရယ်၊ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတချို့ရယ်ကို ပြန်တင်ပြချင်ပါတယ်။ ဒီမိန့်ခွန်းအားလုံးကို ယုံကြည်မှုဂျာနယ် အတွဲ (၇) ၊ အမှတ် (၁) ကနေ ကူးယူဖော်ပြပါတယ်။
http://mgthantzin.com/links/mmitlad/player.swf

ဗမာနိုင်ငံတော်ရဲ့ အကျိုးကို ရှေးရှုပြီး မညှာတမ်း ကျွန်တော်တို့ အလုပ်လုပ်ကြရလိမ့်မယ်။ ကျွန်တော့်အတွက် ပြောရမယ်ဆိုရင် ဗမာနိုင်ငံတော်ကြီးရဲ့ ကျေးဇူးသစ္စာကို မှန်ကန်စွာ စောင့်ထိန်းပြီး ကျွန်တော့်အပေါ်မှာ ကျရောက်တဲ့ တာဝန်ဝတ္တရားအရပ်ရပ်ကို ဦးလည်မသုန် မညှာတာ လာဘ်လာဘမမျှော်ဘဲ ဆောင်ရွက်ဖို့ အသင့်ပါပဲ။ ဆိုင်ရာ လူတိုင်းလူတိုင်းကလဲ ရွက်ဆောင်ကြိုးစားရမှာပဲ။ ကျွန်တော်အသုံးမကျရင်လဲ ကျွန်တော့်အား မညှာတမ်းပဲ လုပ်ကြဖို့ဆိုတာကို လေးလေးနက်နက် နောက်ဆုံးစကား ပြောခဲ့ပါတယ်။

အခု တိုင်းပြည်မှာ အမှန်လိုနေတာက လူတွေကြိုက်ချင်ကြိုက်၊ မကြိုက်ချင်နေ တိုင်းပြည်ကြီးပွားမယ့်နည်းလမ်း ဟူသမျှ လူတွေမလိုက်နာမနေရမယ့် ဥပဒေ ထုတ်ဖို့လိုတယ်။

လူမျိုးတစ်မျိုး၏ တိုးတက်ခြင်း၊ လျော့ကျခြင်းတို့သည် ထိုလူမျိုး၏ ပစ္စည်းအင်အားပေါ်မှာသာ တည်ရှိနေသည် မဟုတ်။ စိတ်ဓာတ်အင်အား အပေါ်သာ တည်ရှိနေသည်။ ဗမာ့သမိုင်းကို ပြန်လည်၍ ကြည့်ရှုလျှင် ဗမာတို့သည် စိတ်ဓာတ်အင်အား ကြီးမားကြောင်းကို ထင်ရှားစွာတွေ့မြင်ရလိမ့်မည်။ အသင်တို့သည် ဗမာတို့သတ္တိကို ပြန်လှန်၍ ဖော်ပါလော့။ ပေါ့ပေါ့ဆဆ မနေစေဘဲ၊ ပျင်းရိစွာ မနေစေဘဲ။ အကျိုးဆောင်လိုသောစိတ်ဓာတ်၊ အလုပ်လုပ်လိုသော စိတ်ဓာတ်တို့ကို ထိန်းပေးသင့်လေသည်။ ယင်းသို့ စိတ်ဓာတ်သစ် သွင်းပေးနိုင်လျှင် ဗမာနိုင်ငံသည် အမှန်မုချ ကြီးပွားတိုးတက်မည် ဖြစ်သည်။

ကျွန်တော်တို့၏ လက်သုံးဝါဒက ကျွန်တော်တို့ တိုင်းပြည်ရှိလူထု၏ တိုးတက်ကြီးပွားရေးဝါဒသာ ဖြစ်တယ်။ ကမ္ဘာ့ခေတ်မီ အုပ်ချုပ်ရေးစည်းကမ်းများ အသုံးပြုသည့် နေရာများတွင်လည်း ဗမာ့ဉာဏ်၊ ဗမာ့လိုလားချက်များနဲ့ ဆီလျော်တိုက်ညီအောင် သတိကြီးစွာထား၍ ရေးဆွဲခြင်းပြုခဲ့တယ်။

မိမိမှာ နိုင်ငံခြားငွေ ရင်းတည်လာသူများကို ဗမာပြည်ဥပဒေလက်အောက်တွင် တည်ရှိနေမည်ဆိုက ကန့်ကွက်စရာ အကြောင်းမရှိ။

မိမိတို့သည် ပထမဆုံး လယ်ယာစိုက်ပျိုးရေးကို အားပြည့်စေရမယ်၊ ယခုအချိန်တွင် ဗမာပြည် ပြန်လည်ထူထောင်ရေး အတွက် ပြင်ဆင်ရဦးမယ်။ မိမိတို့သည် ဗမာပြည်ကို ခေတ်မီတိုင်းပြည်ဖြစ်စေရန်၊ အခွင့်အလမ်းသာသမျှ စက်မှုလက်မှုလုပ်ငန်းများ ထူထောင်မယ်။

ခေါင်းဆောင်ဟာ နောက်လိုက်တဲ့လူထက် အမြော်အမြင် ရှိရမယ်။ ခေါင်းဆောင်တတ်ရမယ်။ ဟိုလူပြော ဟုတ်နိုးနိုး၊ ဒီလူပြော ဟုတ်နိုးနိုး။ သူ့မှာ ဘယ်တော့မှ ခေါင်းဆောင် မဖြစ်နိုင်ဘူး။ နိုင်ငံရေးမှာ အသက်စွန့်တဲ့ နေရာမှာ စွန့်ရမယ်။ သူများယောင်လို့ ယောင်၊ အမောင်တောင်မှန်း မြောက်မှန်းမသိ သူမှာ ဘယ်တော့မှ ခေါင်းဆောင် မဖြစ်နိုင်။

နိုင်ငံရေးနဲ့ စည်းကမ်းကို ခွဲခြားနားလည်ပါ။ စည်းကမ်းမရှိရင် အလုပ်လုပ် မဖြစ်ဘူး။ ဒီစည်းကမ်းတွေ အင်္ဂလိပ်လုပ်ခဲ့တာလို့ ပြောချင်ပြော၊ စည်းကမ်းဟာ စည်းကမ်းပဲ။ အထက်အရာရှိက အမိန့်တစ်ခု ပေးတယ် ဆိုပါတော့။ ဆိုးဝါးနေရင် အမိန့်မချခင်အထိ ပြုပြင်အောင် ပြောပါ။ မရရင် ဆိုင်ရာကို တိုင်ပါ။ အချိန်တော့ ကြာမှာပဲ။ ဒီလို စည်းကမ်းအတိုင်းသွားရမယ်။ စည်းကမ်းတစ်ခု ဖောက်ဖျက်ချင်တယ်ဆိုရင် ဒီစည်းကမ်း ဖောက်ဖျက်လို့ ခံရမယ့် အပြစ်ဒဏ်ကို နားလည်စေရမယ်။ မတရားတာကို တိုင်ဖျက်ချင်ရင် ပေးသမျှ အပြစ်ဒဏ်ကို ဘာဖြစ်ဖြစ် ခံရမယ်ဆိုတာ နားလည်ရမယ်။ အမိန့်ပြင်အောင် စည်းကမ်းနဲ့ ကြိုးစားပါ။ မပြီးခင် ဒီအမိန့်အတိုင်းလိုက်နာနေပါ။