ကျောင်းကပွဲအတွက် အိတ်ဖွင့်ပေးစာ

SP Myanmar Traditional Show ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကျောင်းကပွဲကြီးတော့ ပြီးသွားပါပြီ။ ပုံတွေတော့ မနက်ဖြန်လောက်မှ လက်ထဲရောက်မယ်.. ထင်တယ်။ အကတွေတော့ တော်တော်များပါတယ်။ မြန်မာစံတော်ချိန် မင်သားအက၊ ရခိုင်ရိုးရာ ဆီမီးခွက်အက၊ ကရင်ဒုံးယိမ်း စသဖြင့် စသဖြင့် ပေါ့နော်။ (ပြဇာတ် နဲ့ အငြိမ့်လည်း မဖြစ်မနေ ပါပါတယ်။)

ကျွန်တော်တို့ အားလုံးရဲ့ ဝိုင်းဝန်းအားထုတ်မှုပါ။ စီစဉ်သူ၊ အားဖြည့်ကူညီသူ၊ အကသမားတွေနဲ့ လာအားပေးတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

ဒါပေမယ့်လည်းပေါ့လေ… သင်္ကြန်ပွဲရယ်လို့တောင် နာမည်မတတ်ထားတဲ့ မြန်မာရိုးရာ ယဉ်ကျေးမှု ပြပွဲမှာ မြန်မာတချို့ရဲ့ ပွဲကြည့်နေရင်း ဝေဖန်ထောက်ပြနေပုံ (ရှင်းရှင်းပြောရရင်တော့ လှောင်ခြင်းပေါ့ဗျာ) ကတော့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို စိန်ခေါ်နေသလိုပါပဲ။ လှောင်စရာ ဘာပါလဲ ဆိုတာ ကျွန်တော်ဖြင့် စဉ်းစားလို့ မရဘူး။ အကမညီလို့လား… မညီရုံနဲ့ လှောင်မယ်ဆိုရင်တော့ လှောင်ပေါ့။ လူပဲ… ကိုယ့်သမိုင်းကိုယ်ရေးကြတာချည်းပဲ။ လူကြီးလူကောင်း ဆန်ဆန် “ညီရေ… မင်းတို့ အကလေးတွေ နည်းနည်းတော့ လိုတယ်ကွာ” ဆိုရင် ကျွန်တော်တို့ ကျေးဇူးအရမ်းတင်မှာပဲ။

အခုတော့…. မဟုတ်ပါဘူး။ လိုက်ကာဖွင့် ပထမဆုံးအက ဆီမီးခွက် မစခင်မှာတင် ဟေလားဝါးလားနဲ့ စလုပ်တော့… တော်တော် စဉ်းစားရကြပ်သွားတယ်… ပွဲလာကြည့်တာလား ပွဲလာဖျက်တာလားလို့…။ မဟုတ်ဘူးတော့ မငြင်းနဲ့နော်… ကိုယ့်လုပ်ခဲ့တာ ကိုယ်အသိဆုံးပဲ… (ကိုယ့်စိတ်ကိုယ် ပြန်ဆန်းစစ်ကြည့်စေချင်တယ်…။)

“အကမညီပဲနဲ့တော့ ပွဲမလုပ်နဲ့”ဆိုရင်တော့ ပွင့်ပွင့်လင်းလင်းပဲ ပြန်တုံ့ပြန်ပါရစေ… “လာမကြည့်ချင် လာမကြည့်နဲ့” ဘယ်သူမှ အတင်းမခေါ်ဘူး။ Pro တွေ စင်ပေါ်တင်ကနေတာ မဟုတ်ဘူး။ မြန်မာကျောင်းသား၊ ကျောင်းသူလေးတွေ “မြန်မာ” ဆိုတဲ့ ကိုယ့်လူမျိုး ကိုယ့်ဇာတိကို ကြိုးစားပြီး ကိုယ်စားပြုပေးနေကြတာ ဂုဏ်ယူဖို့ကောင်းတယ်။ ကိုယ့်ကျောင်းက ကလို့ ပြောတာ မဟုတ်ဘူး။ သူများ ကျောင်းတွေဆိုလည်း ကျွန်တော် အကတစ်ခုပြီးတိုင်း လက်ခုပ်တီးတယ်။ (ဘာလို့လဲဆို ကျွန်တော်နားလည်ပေးလို့ရတယ်… အကတစ်ခုကို စင်ပေါ်တင်တယ်ဆိုတာ ဘယ်လောက်ခက်တယ်ဆိုတာ…။ အကတစ်ဖွဲ့လုံး ယဉ်ကျေးမှုကျောင်းဆင်းမှ မဖြစ်နိုင်တာ)… ဘယ်ကျောင်းမဆိုပါ…။ ပွဲစီစဉ်တဲ့ Organizer တွေရော၊ စင်ပေါ်တက်ပြီး ပရိသတ်ကို ဧည့်ခံပေးတဲ့ Performer တွေကိုပါ… လေးစားတယ်… ဂုဏ်လည်း ယူတယ်…။ စင်ပေါ်တက်ဖို့အတွက် အားလုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားတာချည်းပဲ။ ပရိသတ်ကို အကောင်းဆုံး ပေးချင်တဲ့ သူချည်းပဲ။ ဘယ်သူကမှ ဖြစ်သလို လုပ်လိုက်မယ်ဆိုတဲ့ စိတ် ထားမှာ မဟုတ်ဘူး… ထားရဲမှာလည်း မဟုတ်ဘူး။ ဘာလို့ဆို ဒီလိုပွဲတွေဟာ ကျောင်းသိက္ခာပဲလေ…

ဒါပေမယ့်လည်း ကျွန်တော်တို့ကျောင်းကို လာဒုက္ခပေးတဲ့ ထိုပုဂ္ဂိုလ်တစ်ချို့တွေကိုတော့ ကျွန်တော် အရမ်းမေးချင်ပါတယ်… ဘာလို့ အသံအဲ့လောက် ထွက်ချင်နေတာလဲ… လို့… ရှေ့ဆုံးတန်းမှာ မြန်မာမဟုတ်တဲ့ ကျောင်းပေါင်းစုံက Lecturer တွေနဲ့ အထူးဧည့်သည်တွေ ရှိနေပါတယ်… (ဘယ်ကျောင်းမှာ မဆို အမြဲတမ်း ရှိနေတတ်ပါတယ်။) သူတို့ကတော့ တွေးကောင်းတွေးပါလိမ့်မယ်… မြန်မာဆိုတာဟာ Civilization ခပ်နိမ့်နိမ့် လူ့အဖွဲ့အစည်းလို့။

နိုင်ငံခြားသားတစ်ယောက်ဆီ အဲ့လို အတွေးဝင်သွားမှာ အဲ့ဒီ အော်လံလေးတွေ မကြောက်ဘူးလားလို့ မေးချင်တယ်… မင်းက သူများ အော်တာပဲ ပြောနေတယ်… မင်း တစ်ခါမှ မအော်ဘူးလား… အော်ဖူးပါတယ်… တစ်ခေါက်ပါ… ပြောပြပါရစေ…

တခြားကျောင်းသင်္ကြန်ပွဲ တစ်ခုပါ။ အငြိမ့်ပြနေတုန်းပေါ့…. လူရွှင်တော်ပြောလိုက်တဲ့ စကားပါ။ (ဟာသပျက်တာ မဟုတ်ဘူး ထင်ပါတယ်… ဘာလို့ဆို သူပြောလိ်ုက်တာ ဟာသမှ မဟုတ်တာ…) သူပြောလိုက်တာက….

“မင်းသမီးကို ပိုင်ချင်ရင် ငါ စင်နောက်ခေါ်သွားမှာပေါ့” တဲ့။

သူပြောသွားတာ “ပိုင်” ဆိုတဲ့ စကားလုံးထက် ဘန်းစကားပိုဆန်တဲ့ ခပ်ရိုင်းရိုင်း စကားလုံးတစ်လုံးပါ…. (ကျွန်တော် ရေးပြချင်စိတ် မရှိပါ။) စဉ်းစားကြည့်ပါ။ ကိုယ်နဲ့ အတူ စင်ပေါ်မှာ ဖျော်ဖြေနေတဲ့ ကိုယ့်အစ်မ၊ ကိုယ့်နှမလို မြန်မာမိန်းကလေးတစ်ယောက်ကို စင်ပေါ်တင်ပြီး စော်ကားလိုက်တာလို့ပဲ ကျွန်တော်မြင်ပါတယ်… အငြိမ့်မင်းသမီးတော့ ဘယ်လို နေလဲ မသိဘူး… ကျွန်တော်တော့ ဖြန်းကနဲ ဖြစ်သွားပါတယ်…. ဘယ့်နှယ်ဗျာ… သားနဲ့ အမိ အတူထိုင်ကြည့်လို့မှ ကြားလို့ မသင့်တော်တဲ့ စကား….

ကျွန်တော်.. “တောက်” တချက် ခေါက်မိပြီး “ရိုင်းလိုက်တာကွာ” လို့ ပါးစပ်ကထွက်သွားပါတယ်… ကျွန်တော် ပုံမှန်စကားပြောနေကျထက်တော့ အများကြီးပိုကျယ်ပါတယ်… ဒါပေမယ့်လည်း ပွဲပျက်ရအောင်… တရည်တရွယ် ပြောတာမျိုးတော့ မဟုတ်ပါဘူး… ပါးစပ်ကကို လွှတ်ကနဲ ထွက်သွားတာပါ… ကျွန်တော် အဲ့ဒီလို ပြောလိုက်မိတာကို… ကြားပြီး ကျွန်တော့်ရှေ့ထိုင်နေတဲ့ သူတို့ကျောင်းခံ ဧည့်ကြိုမိန်းကလေးခင်ဗျာ… ခေါင်းလေးငုံ့သွားရှာတယ်… (ကျောင်း သိက္ခာ ကျတာပေါ့ဗျာ…) ပြောတဲ့လူလည်း နောင်တလေးလောက်တော့ ရစေချင်ပါတယ်… =(

ဒါပေမယ့်လည်း ကျွန်တော် အဲ့လိုပြောခဲ့(အော်ခဲ့) မိတဲ့စကားကြောင့် ဆိုးကျိုးတစ်စုံတစ်ရာ ရှိခဲ့မယ်ဆိုရင်တော့ ကျွန်တော်လည်း သိပ်အဆင့်ရှိတဲ့ ကောင် မဟုတ်တော့ပါဘူး… (ပွဲထဲမှာ အပျက်သဘော လျှောက်အော်တာကိုး…. )

ကျွန်တော်ပြောတဲ့ “အော်တယ်”ဆိုတဲ့အထဲမှာ လေချွန်တာ… တခြားသော ခပ်ဆူဆူနဲ့ Vibrant ပုံစံအားပေးတာတွေ မပါပါဘူး။ လှောင်တာက လှောင်တာ အရှင်းပါပဲ….

ကဲ… ထားတော့ Post လည်း ရှည်နေပြီ။ ဒီလောက်ဆို ဒီစာဖတ်နေသူတွေလည်း ကျွန်တော်တို့ ကျောင်းကို ရောက်လာတဲ့ ဧည့်သည်သန့်သန့်ထဲမှာ ဘယ်လို အရောအနှောတွေ ပါသွားလဲဆိုတာ သဘောပေါက်လောက်ပါပြီ။ ဒီစာကို ဦးတည်ချက်မဲ့ရေးတာ မဟုတ်လို့ ကာယကံရှင်တွေ ဆင်ခြင်နိုင်ပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်…

(မှတ်ချက်။ ။ကျောင်းကပွဲ ဖြစ်တဲ့ အဆင်မပြေမှုတွေ၊ စိတ်ကသိကအောင့် ဖြစ်ခဲ့ရမှုတွေကို အပြုသဘောထောက်ပြတာပဲ ဖြစ်စေ၊ ဒေါသနဲ့ ဝေဖန်တာပဲဖြစ်စေ သိချင်ကြားချင်ပါသေးတယ် ခင်ဗျာ… Feedback များအတွက် ကျေးဇူးတင်ပါတယ်…)

လိပ်ပြာလုံစွာဖြင့်
မောင်သန့်ဇင်

လူတိုင်း စိတ်၏ ချမ်းသာ ရပါစေ။=)

နှစ်(၆၀)ပြည့် အာဇာနည်နေ့

ဒီနေ့ လူကိုခွေးသတ်တဲ့ နှစ်(၆၀)ပြည့်ပေါ့ဗျာ။ ဒေါသတွေ၊ မောဟတွေ၊ အာဃာတတွေနဲ့ ပြောနေတာ မဟုတ်ပါဘူး။ အမှန်တရားတစ်ခုကို ဝမ်းနည်းမှုတွေနဲ့ အချိုးကျရောပြီး ပြောနေတာ…

အာဇာနည်ဆိုတာ လူသေရင်တောင် ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်က ကိုယ့်ပြည်သူကို အကျိုးရှိစေတာမို့ သေတာနှစ်ခြောက်ဆယ်ပေမယ့် ဘယ်မြန်မာကမှတော့ ဗိုလ်ချုပ်တို့ကို မေ့ပျောက်မှာ မဟုတ်ပါဘူး… လို့ လေးလေးနက်နက်ကို ယုံကြည်ပါတယ်။

ဗိုလ်ချုပ်နဲ့ အမျိုးသားခေါင်းဆောင်ကောင်း ဝန်ကြီးအပေါင်းတို့ကို ငြိမ်းချမ်းသော မေတ္တာပို့သပါတယ်… ကောင်းရာသုဂတိမှာ ပူပန်သောက ကင်းမဲ့စွာ အနားယူနိုင်ကြပါစေ…

ငြင်းခြင်းအမျိုးမျိုး

ငြင်းခြင်းဆိုလို့ ကောင်မလေးတွေ ငြင်းတာလို့ မထင်လိုက်ပါနဲ့။ ငြင်းခုန်ခြင်းလို့ ပြောတာပါ။ သေသေချာချာ ပြန်စမ်းစစ်လိုက်တော့ လူတွေ ငြင်းနေတဲ့ အကြောင်းအမျိုးမျိုး ရှိနေပါတယ်။

– ရိုးရိုးငြင်းခြင်း

မိမိမှန်သည် ထင်၍လည်းကောင်း၊ တဖက်စကား အနည်းငယ်(သို့မဟုတ် လုံးဝ) လွဲမှားနေသည်ဟု ယုံကြည်၍လည်းကောင်း ငြင်းခြင်းပါ။ ပုံမှန် တွေ့ရမြင်နေရတဲ့ ငြင်းခြင်းမျိုးတွေပါ။

– ဝါအရငြင်းခြင်း

နောက်လိုက်ငယ်သားစကားကို နားယောင်သည် ဖြစ်မှာ စိုး၍ မိမိစကား အတည်ဖြစ်ခြင်းငှာ သိက္ခာမကျအောင် ငြင်းဆိုခြင်းပါ။ (တခါတလေ ကိုယ့်ကိုယ်ကို အထင်ကြီးစိတ် အလိုလို ဝင်ပြီး အလိုလို ငြင်းနေတတ်သည်မျိုးလည်း ရှိသေးသည်။)

– စိတ်ဝင်စားမှုရလို၍ ငြင်းခြင်း

လူသာမန်များ စဉ်းစားခဲသည့် အမြင်ဖက်မှ စွဲကိုင်ငြင်းဆိုခြင်းဖြင့် လူအများ၏ စိတ်ဝင်စားမှုကို ရယူရန်ပြုခြင်း။

– လူရာဝင်ရုံငြင်းခြင်း

စကားဝိုင်းထဲ စကားမပြောပဲနေလျှင် “မိမိငတုံး”ဟု လူတွေထင်မည်စိုး၍ ငြင်းခြင်းမျိုး။

– တစ်ဖက်သား၏ တုံ့ပြန်မှုကို သိလို၍ ငြင်းခြင်း

အနိုင်အရှုံးဆိုသည်ထက် တစ်ဖက်သား မည်သို့ပြုမူမည်ကို လေ့လာရန် (သူလက်မခံနိုင်လောက်သည့်) အမြင်တစ်ခုဖြင့် Invoke လုပ်ခြင်းပါ။ (တခါတလေ မိမိ၏ သဘောထားအမှန်ပင် ဟုတ်ချင်မှ ဟုတ်မည်။)

– ပျင်း၍ ငြင်းခြင်း

ပျင်းပျင်းရှိ၍ စကားပြောရပြီးရော ငြင်းခြင်း။ (ငြင်းဖို့ Instinct ပါလာသူတွေမှာ တစ်ခါတစ်လေ တွေ့ဖူးတယ်။)

– ပျော်၍ ငြင်းခြင်း

တဖက်လူ မခံချင်အောင် စလို၍ သူလက်မခံနိုင်သည့် အမြင်အား စင်တင်ပြီး အပြန်အလှန် ငြင်းခြင်း။

လူတွေ မည်သို့ ငြင်းနေပါစေ

… … … … … … … … …

ကမ္ဘာ့အသက်အကြီးဆုံး စာရင်းဝင် အဖိုးကြီးကို သတင်းထောက်လူငယ်က တွေ့ဆုံခန်းလုပ်တော့ မေးတယ်။

လူငယ်။ ။အဖိုး ဒီလောက်အသက်ရှည်အောင် ဘယ်လိုနေထိုင်ခဲ့သလဲ။ ဘာတွေ စားသောက်ခဲ့သလဲ။
အဖိုး။ ။အဖိုး ဘာမှ ထွေထွေထူးထူး မလုပ်ပါဘူး။ တစ်ခုပဲ ရှိတယ်။ အဖိုးတသက်တာမှ ငြင်းတာခုန်တာ ဘယ်တော့မှ မလုပ်ဖူးဘူး။
လူငယ်။ ။(မယုံကြည်ဟန်ဖြင့်)အဖိုးရာ… ဘယ်လိုမှ မဖြစ်နိုင်တာ။
အဖိုး။ ။ဟုတ်တယ်… သား။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

တဲ့။ ကဲ ကျွန်တော်တို့ အသက်တိုချင်တိုပါစေ… ဆက်ငြင်းကြရအောင်ဗျာ… =)

ခင်မင်မှုကို အလွှဲသုံးစားလုပ်ခြင်း

ကောင်လေး။ ။ ကောင်မလေး၊ နင့်ကို ငါတစ်ခုမေးမယ်။ နင်တို့ မိန်းကလေးတွေရဲ့ လက်စွဲစကားတစ်ခုလေ.. ဘာတဲ့။ ဟို… “ခင်မင်မှုကို အလွှဲသုံးစားလုပ်တယ်” ဆိုတာ…

ကောင်မလေး။ အေး.. အဲ့တာ ဘာဖြစ်တုန်း…

ကောင်လေး။ အေး.. ငါတစ်ခုသိချင်တာက.. နင်တို့ကို ခင်အောင် မပေါင်းပဲ… တိုက်ရိုက်ကြီး လာဖွင့်ပြောတာမျိုးကို နင်ကြိုက်နိုင်ပါ့မလား… အဲ့တာမျိုးက မမိုက်တော့ပါဘူးဟာ..

ကောင်မလေး။ ဒီမှာ.. ကောင်လေး.. နင်တို့ ယောကျာ်းလေးတွေမှာ ၁၀ယောက်မှာ ၈ယောက်ခွဲလောက်က ခင်ချင်ပါတယ် ပြောပြီး ဖွင်ပြောမယ့် ကောင်တွေကြီးပဲ။ အဲ့တော့.. ငါတို့က ပြန်ခင်တာလည်း အတော်ဆင်ခြင်ရတယ်… ဒီလောက်ဆင်ခြင်တဲ့ ကြားထဲက တခါတလေ သုူတို့ကို… ပြန်ကြိုက်ပြီဆိုတာမျိုးက ထင်တတ်ကြသေးတယ်။ အဲ့လို ကောင်မျိုးတွေကြတော့ သူငယ်ချင်းသစ္စာ ပျက်လို့ အလွှဲသုံးစားလုပ်တယ်လို့ ငါတို့က ပြောတာပေါ့… ငါတော့ လွန်တယ် မထင်ပါဘူး။

ကောင်လေး။ အယ်… ဟုတ်ပါပြီ ကောင်မလေးရဲ့။ နင်ရဲ့ ၈၅ရာခိုင်နှုန်းဆိုတဲ့ သီအိုရီကို နင် သေချာတယ်ဆိုရင်… ချဉ်းကပ်လာတဲ့ ယောကျာ်းလေးတွေကို ပါးပါးနပ်နပ် မဆက်ဆံသင့်ဘူးလား… ငါဆိုလိုတဲ့ သဘောက နင့်အနေနဲ့ သူတို့တွေကိုလေ့လာခွင့် ရတာပေါ့ဟ..နောက်ပြီး… ဘယ်သူက ချဉ်းကပ်လာတာလဲ၊ ဘယ်သူက သူငယ်ချင်းအဖြစ် ရောက်လာလဲ ဆိုတာ.. နင်တို့ မိန်းကလေးတွေ သိမယ်လို့ ငါယုံတယ်… အဲ့တော့… ချဉ်းကပ်လာတဲ့သူတွေထဲက မဖြစ်နိုင်တဲ့သူတွေကို အစောကြီးထဲက ခပ်တန်းတန်း နေပြပေါ့။ ကိုယ့်အနေနဲ့လည်း စိတ်ဝင်စားတဲ့ လူမျိုးဆိုရင်တော့ အပြန်အလှန် အကဲခတ်ပေါ့ဟ.. ကိုယ်က သူငယ်ချင်းလို့ ယုံလို့ ပေါင်းတဲ့လူက… နင်ပြောသလို သစ္စာပျက်ပြီး သူ့အချစ်အကြောင်းကို ရင်ဖွင့်လာမယ်ဆိုလဲ “မဖြစ်နိုင်ဘူး၊ သူငယ်ချင်းလိုပဲ တချိန်လုံး သဘောထားခဲ့တာ” ဆိုတာကို အေးအေးဆေးဆေး ရှင်းပြလိုက်ပေါ့… “ခင်မင်မှုကို အလွှဲသုံးစားလုပ်တယ်” ဆိုတာကတော့ နည်းနည်း ပြင်းသလားလို့။ သူတို့ ဘာမှ ကြီးကြီးမားမား မမှားကြဘူး ထင်တာပဲ။

ကောင်မလေး။ ဘာမှ မမှားဘူးတော့ မဟုတ်ဘူး ကောင်လေး။ နင် ပြောတဲ့ အခြေနေသုံးခုမှာ.. ကိုယ်သိပ်စိတ်မဝင်စားတဲ့ ကောင်လေးမို့လို့ ခပ်တန်းတန်းနေရင် သူက ပြောလိ့မ်မယ်။ “အဲ့ဟာမလေးက မာနခပ်ကြီးကြီး၊ ဖနောင့်သံစူးလေး” လို့။ ကိုယ်က ကိုုယ်နဲ့ ဖြစ်နိုင်မယ်ထင်လို့ အကဲခတ်တာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းပေါင်း ပေါင်းတာပဲ ဖြစ်ဖြစ် လုပ်ပြန်တော့လည်း တချို့တချို့သော ယောကျာ်းတွေက ဒီကောင်မလေး ငါ့ကို ညွတ်နေသလားဆိုတဲ့ ယဉ်ကျေးမှုနိမ့်နဲ့ အတွေးနဲ့ အခွင့်အရေးတစ်ရပ်ကို မဖြစ်မနေယူဖို့ ကြိုးစားကြတယ်.. အဲ့တာ ကိုယ်က ပြန်ခင်လိုက်ယုံရှိသေးတာနော်.. ကိုယ့်ဘက်က စရင်ခုန်ရတဲ့ ကိစ္စဆို… ဆောရီးပဲ.. နည်းနည်းလေးတောင် မသိစေနဲ့တော့… ဒါပေမယ့် နင်ပြောတဲ့ တစ်ယောက်နဲ့ တစ်ယောက် လေ့လာတယ် ဆိုတာလေးတော့ ကောင်းပါတယ်။ ငါလည်း သဘောကျတယ်။ နားလည်မှုကို ဖလှယ်ကြည့်ပြီး အဆင်ပြေနိုင်မယ့် သဘောတူညီချက်တွေ ယူလို့ရတာပေါ့။ ဒါပေမယ့်ဟာ…

ကောင်လေး။ အေးပါဟာ.. နင်ပြောပြတာတချို့ကို ငါလည်း ငြင်းမရပါဘူး။ ဒါပေမယ့်လည်း နင်ပြောသလို “တချို့တချို့သော” တွေအတွက်နဲ့တော့ “အလွှဲသုံးစားလုပ်ခြင်း” ရယ်ဆိုတဲ့ ပြင်းထန်တဲ့ အသုံး မသုံးစေချင်လို့ပါ။ ကဲပါဟာ.. နင်လည်း လိမ္မော်ရည်ကုန်အောင် သောက်လိုက်ဦး။ နေလည်းစောင်းနေပြီ။ နောက်မှ ဆက်ပြောကြတာပေါ့… နော်။

(အတတ်နိုင်ဆုံး သဘာဝကျအောင် ရေးထားပါတယ်။ အနိုင်အရှုံးအတွက် ငြင်းတာမျိုး မဟုတ်ပဲ လက်ရှိလူ့ဘောင်မှာ ဖြစ်နေတာကို ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်က သုံးသပ်ထားတာမျိုးပါ။ ဖတ်ရတာ ထောင့်နေရင် ပြောပါခင်ဗျာ။)

လေးစားလျက်
mgthantzin

စကားမစပ်၊ နန္ဒသိန်းဇံရေးတဲ့ ပြောရင်းပြောနေဦးမည့် အချစ်အကြောင်း ဆိုတဲ့စာအုပ်လေး… အနော့်ကို ခင်ရင် လက်ဆောင်ဝယ်ပေးကြပါလား။ သူငယ်ချင်း တစ်ယောက်ကို လက်ဆောင်ပြန်ပေးချင်လို့။ =)

အိမ်ထောင်ပြုတယ်ဆိုတာ

ကျွန်တော့်အဖေ ကျွန်တော် စင်္ကာပူလာခါနီးမှာ “မင်းဖတ်ဖို့” ဆိုပြီး စာအုပ်တစ်အုပ် ပေးပါတယ်။ အဖေ အဲ့လို ပေးတာ ရှားပါတယ်။ စာအုပ်က G. Kingsley Ward ရေးတဲ့ Letters of a Businessman to His Son ကို ဆရာဖေမြင့်က “ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမယ့် ပုဂ္ဂိုလ်” ဆိုတဲ့ နာမည်တဲ့ ဘာသာပြန်ထားတဲ့ စာအုပ်ပါ။
စာအုပ်ရဲ့ ရှေ့မှာ အဖေက သူ့လက်မှတ်ထိုးပြီး ပေးတာပါ။ ကျွန်တော် အဲ့ဒီစာအုပ်ကို တော်တော်ကြိုက်ပါတယ်။ စာအုပ်ထဲမှာက… စီးပွားရေးသမား အဖေတစ်ယောက်က သူ့သားကို Letter ပုံစံရေးပြီး လူ့ဘဝအကြောင်း အမျိုးမျိုးကို သွန်သင်ထားတာပါ။

ရင်ဆိုင်ယှဉ်ပြိုင်ရဲတဲ့ စိတ်
အောင်မြင်မှု
လက်တွေ့ဘဝထဲက ပထမနေ့ရက်များ
ဖြောင့်မတ်တည်ကြည်မှု
လက်အောက်လုပ်သားများ
တာဝန်ခွဲဝေခိုင်းစေတတ်ခြင်း
တေ့ဆိုင်စေ့စပ်ညှိနှိုင်းခြင်း အတတ်
အိမ်ထောင်ပြုတယ်ဆိုတာ
လုပ်ငန်းချဲ့ထွင်တဲ့ နေရာမှာ
ငွေ
ပရိသတ်အရှေ့မှာ စကားပြောခြင်း
ဘဏ်မန်နေဂျာများနဲ့ ဆက်ဆံရတဲ့ နေရာမှာ
စာဖတ်ခြင်းရဲ့ ကျေးဇူး
ချမ်းသာသုခဆိုတာ
ငွေရေးကြေးရေး စိတ်အေးရဖို့
စိတ်ဖိစီးမှုနှင့် သင့်ကျန်းမာရေး
ခေါင်းဆောင်ဆိုတာ
ဘက်စုံပြည့်စုံတဲ့ ဘဝ
လုံးလုံးလျားလျား ကိုယ့်ခြေထောက်ပေါ်မှာ

ဆိုတာတွေဟာ… စာအုပ်ထဲမှာပါတဲ့ Chapter ၃၁ ခုထဲက တချို့ပါ။ ဒါဆိုရင် စာအုပ်ရဲ့ Content အမျိုးအစားကို ခန့်မှန်းလို့ ရနိုင်ပါပြီ။

ကျွန်တော်အခု Highlight လုပ်မှာကတော့ “အိမ်ထောင်ပြုတယ်ဆိုတာ” ဆိုတဲ့ Chapter ပါ။ တိုက်ရိုက်ကူးတယ် ပြောပြော၊ ကောက်နှုတ်တယ် ပြောပြောပါ။ စာဖတ်နေတဲ့လူတွေကို ဒီအကြောင်းလေး ဖတ်ဖူးစေချင်လို့ပါ။ ရှည်မျောမျောပုံစံ ရှိတဲ့ သူ့စာအုပ်ဆိုဒ်နဲ့ ၇ မျက်နှာကို ချုံ့ပြုပြီး ကိုယ့်စကားလုံးနဲ့ ပြန်ရေးထားပါတယ်။ (ဖြုတ်လိုက်တဲ့ စာပိုဒ်တွေလည်း ရှိပါတယ်။) တချို့စာပိုဒ်တွေကိုတော့ တစ်လုံးမကျန် ကူးထားတာပါ။ ပြင်လိုက်ရင် ဖတ်လို့ မကောင်းတော့လို့ပါ။ ကဲ… ဖတ်ပြီး နှစ်သက်နိုင်ကြပါစေ… ဗျာ။ ထပ်ပြောပါရစေ။ ကူးရေးထားတာပါ… နော်…

သားရေ…
မာတင်လူသာက ပြောဖူးတယ်။ “အဆင်ပြေတဲ့ အိမ်ထောင်တစ်ခုထက် ပိုပြီး နှစ်သက်ခင်တွယ်စရာ၊ ရင်းနှီးကျွမ်းဝင်စရာ ဆက်ဆံမှု ဆုံစည်းပေါင်းဖွဲ့မှုမျိုး မရှိ” တဲ့။ နှစ်သက်ခင်တွယ်စရာ ဆိုပေမယ့်… သားရေ… အလွယ်တကူ သွားလုပ်လို့တော့ မဖြစ်ဘူး။ အင်မတန်ကို အလေးအနက် ထားရလိ့မ်မယ်… သား။

သားရေ… အိမ်ထောင်မှုဆိုတာ သဘာဝဆွဲအားချင်း တွေ့ကြုံဆုံစည်းမှုလို့ အခြေခံကျကျ ပြောနိုင်ပေမယ့် ဦးနှောက်နဲ့ နှလုံးသား နှစ်ခုပေါင်းပြီးမှ ဖြစ်ရမှာပါ။

အိမ်ထောင်မှုဆိုတာ ဘဝမှာ နေရာအကြီးကြီး ယူတတ်တာမျိုးပါ။ ခပ်ပေါ့ပေါ့လုပ်လိုက်မိလို့ ကွာရှင်းပြတ်စဲ ထိခိုက်ခံစားရုံမကလို့ ဘဏ်မှာရှိတဲ့ ငွေလေး ပြောင်သွားတာမျိုးပါ ခံစားရလိမ့်မယ်။ မစဉ်းစားခဲ့လို့ ပေးဆောင်ရတဲ့ ဒဏ်ကြေးပေါ့ကွာ။

အိမ်ထောင်တစ်ခုပြိုကွဲပြီဆိုရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်ယွင်းမှုတွေလည်း ခံစားရတာ ဓမ္မတာပဲ သား။ ကလေးတွေ ရှိရင်တော့ ပိုဆိုးပေါ့ကွာ။

ဒီနေ့လူငယ်တွေ ကြားထဲမှာ လွှမ်းမိုးနေတဲ့ “အဆင်မပြေလည်း ကွာလိုက်ကြတာပေါ့ကွာ” ဆိုတဲ့ အယူအဆကတော့… ပေါ့ပေါ့တန်တန် နိုင်လွန်းပါတယ် သားရယ်။ ဘဝအတွက် သိပ်အရေးကြီးတဲ့ အရာတစ်ခုကို ပစ်စလက်ခက် လုပ်နေကြတာ တကယ် စိတ်မကောင်းစရာ။ နောက်ပိုင်းကျတော့မှာ ပြဿနာတွေ မဖြစ်သင့်ပဲ ဖြစ်ကြ၊ ဒုက္ခတွေ မရောက်သင့်ပဲ ရောက်ကြရမှာပဲ။

သေချာလေ့လာကြည့်မယ်ဆိုရင် တကယ်အောင်မြင်နေတဲ့ အကောင်းဆုံး အိမ်ထောင်တော်တော်များများဟာ တစ်ဦးအပေါ်တစ်ဦး ထားရှိတဲ့ မေတ္တာအပြင် ဒီအိမ်ထောင်ကို အောင်အောင်မြင်မြင် တည်ဆောက်မယ်ဆိုတဲ့ စိတ်ဓာတ်တစ်ခုကလည်း မယိမ်းမယိုင် ခိုင်ခိုင်မာမာရှိကြလို့ဆိုတာ သားမှတ်ထားပါ။

ဘယ်လိုမိန်းကလေးမျိုးကို သားရွေးမလဲ။
ဇနီးကောင်းဆိုတာ ဘာလဲ သား။ သားသိချင်ရင် အဖေ အကြံပေးမယ်။ ပထမဆုံးအနေနဲ့ *အပြောအဆို ပြေပြစ်ချေငံသူ၊ လှိုက်လှဲနွေးထွေးမှုရှိသူ၊ စိတ်သဘောထားကောင်းသူ* မျိုးကို စဉ်းစားသင့်တယ်လို့ အဖေ ပြောချင်တယ်။

သဘောထားသေးတဲ့၊ စိတ်ဆိုးစိတ်ကောက်လွယ်တဲ့၊ မနာလို ဝန်တိုစိတ်များတဲ့ မိန်းကလေးမျိုးဆို သတိထားပါ။ ယူမိရင် နောင်ကျတော့ အကြီးအကျယ် ဒုက္ခရောက်မှာပဲ။ သိပ်အတင်းပြောတတ်တဲ့ မိန်းကလေးကိုလည်း ရှောင်ဖို့လိုတယ်။ လောဘကြီးတဲ့ မိန်းကလေးမျိုးဆိုတာကတော့ ကြောက်ဖို့ အကောင်းဆုံး။ လုံးဝဝေးစွာ ရှောင်ပေတော့။

ဇနီးမယားဆိုတာ ကိုယ်တစ်သက်လုံး ကြည့်နေမြင်နေရမယ့်ဟာမျိုးဆိုတော့ မျက်နှာလေးက ကြည့်ချင်မြင်ချင်စရာလေး ဖြစ်နေဖို့တော့ လိုလိမ့်မယ်။ သားအကျိုးအတွက် ပြောတာပါ။ လှတယ်ဆိုတာ အပေါ်ယံ အရေပြားလေးတင်ပါဆိုတာ မမှားပါဘူး။ ဒါပေမယ့်လည်း တကယ့်လက်တွေ့ကျတော့ အဲ့ဒီအပေါ်ယံအလှလေးသည်ပဲ ကြည့်ရတာ နှစ်သက်စရာ မဟုတ်လား။ အတွင်း စိတ်အလှလေးနဲ့သာ ပေါင်းစပ်ပေးလိုက်နိုင်မယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့။

အဲ့ဒီ စိတ်အလှ၊ ရုပ်အလှတွေထက် ပိုအရေးကြီတာ ဆိုရင်တော့ ဉာဏ်ပညာရှိဖို့ပဲ ဖြစ်မယ်။ ဇနီးသည်ကောင်းတစ်ယောက်ဟာ ဉာဏ်ပညာ ရှိဖို့လိုတယ်။ စိတ်ဓာတ်ကြံ့ခိုင်ဖို့လည်း လိုတယ်။ ပြီးတော့ သစ္စာ ရှိဖို့လည်း လိုတယ်။ ခင်ပွန်းသည်ကို ကြင်နာတတ်သူ၊ ဂရုစိုက်တတ်သူမျိုးလည်း ဖြစ်သင့်တယ်။ လူတွေရဲ့ အရည်အသွေးကို သိတတ် အကဲဖြတ်တတ်ပြီး ယဉ်ကျေးလိမ္မာစွာ ပြုမူဆက်ဆံတတ်သူမျိုး၊ စကားပြောဖော်ကောင်း တစ်ယောက် ဖြစ်နိုင်မယ့်သူမျိုး၊ သဘာဝလောကရဲ့ အလှအပတွေ၊ ပတ်ဝန်းကျင်မှာ ရှိတဲ့ ဝမ်းသာစရာ အားတက်စရာ အပြုံးနဲ့ တုံ့ပြန်ချင်စရာတွေ မှန်သမျှကို မလစ်မလပ် သိမြင်တတ်တဲ့ မိန်းမမျိုးလည်း ဖြစ်စေချင်တယ်။

အချုပ်အနေနဲ့ဆိုရရင်တော့ သားရဲ့ ဇနီးလောင်းဟာ သစ္စာရှိ အဖော်မွန် ပီသစွာ သားနဲ့ အပေးအယူမျှမျှ ပေါင်းသင်းနေထိုင်သွားနိုင်စွမ်း ရှိဖို့ပါပဲ။

ဇနီးကောင်းတစ်ယောက်အတွက် တခြား နောက်ထပ် စဉ်းစားစရာတွေ အများကြီး ရှိသေးတာပေါ့။ ဝီရိယ ရှိလား၊ လက်ကြောမတင်းဘူးလား၊ သန့်ရှင်းသူလား၊ သူရှုပ်ထားတာတွေ ကိုယ်က လိုက်ရှင်းနေရတာမျိုး ဆိုလည်း မဟန်ဘူးလေ။ ပြီးတော့ ရယ်ရွှင်တတ်သူလား၊ ဟာသဉာဏ်ရှိသူလား။ ဟာသဉာဏ်ရှိတဲ့ မိန်းကလေးဆိုရင်တော့ အဲ့ဒါ အပိုဆုရတာပဲ။

ဒါပေမယ့်လည်း…
ဒါပေမယ့်လည်း အရည်အချင်းအားလုံး ပြည့်စုံနေတာမျိုးတော့ ရဖို့မလွယ်ဖူးပေါ့။ ဉာဏ်ပညာရှိတယ်၊ ရုပ်ဆင်းအင်္ဂါတင့်တယ်တယ်၊ အလွယ်တကူ သိတတ် ခံစားနားလည်တတ်သူ ဖြစ်တယ်ဆိုရင်တော့ ကျန်တဲ့ အားနည်းချက်တစ်ခုတစ်လေက လက်ခံရမှာပေါ့။ အဲ့ဒီသုံးခုကတော့ ပိုအရေးကြီးတာ အမှန်ပဲ။

သားရဲ့ ဘဝတစ်သက်တာ ကြင်ဖော်အဖြစ်ရွေးမယ့် သား အမြတ်တနိုး တန်ဖိုးထားတဲ့ မိန်းကလေးမှာ ဘယ်လိုအရည်အချင်းတွေ ရှိရမယ်ဆိုတာ သား စဉ်းစားဆုံးဖြစ်ပါ။ ပြီးရင် အဲ့ဒီအရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ သားရဲ့ စံပြအမျိုးသမီးကို လိုက်ရှာပါ။ တွေ့ပြီဆိုရင်တော့ ဦးနှောက်စွမ်းရည်ကို နှလုံးသားအင်းအားပါ အပြည့်အဝ စိုက်ထုတ်ပြီး မရမနေ ကြိုးပမ်းပါတော့။ “*ဇွဲမကောင်းပဲနဲ့တော့ မိန်းမချောတစ်ယောက်ရဲ့ မေတ္တာကို ရမလာနိုင်ဘူး။*” ဆိုတဲ့ စကားကို သား မမေ့ပါနဲ့။

လက်ထပ်ပြီးရင်…
သား စိတ်တိုင်းကျတဲ့ အိမ်ထောင်ဘက်ကို ရှာတွေ့လို့ လက်ထပ်ထိမ်းမြားဖြစ်ခဲ့ပြီ ဆိုပါတော့။ အဖေ ကြိုသတိပေးပါရစေ။ သားခေါင်းထဲမှာ လုပ်ငန်းအတွက် သုံးစွဲမယ့် အချိန်ရယ်၊ မိသားစုအတွက် အချိန်ရယ်ကို မျှမျှတတ ခန့်ခွဲထားပါ။ တစ်ဖက်ဖက်ကို အချိန်ပေးတာ မမျှတတာနဲ့ ရေရှည်မှာ အဆင်မပြေတာတွေ ဖြစ်လာလိမ့်မယ်။ အထူးသဖြင့် Honeymoon ကာလ ပြီးတာနဲ့ အလုပ်ထဲ အချိန်တအား ပစ်ပေးတာမျိုး မလုပ်မိစေနဲ့။ ငွေဆိုတာ ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းမို့ ဒီငွေနောက်ကို တကောက်ကောက်လိုက်ကြရတာ အဖေတိုအလုပ်ပါ။ ဒါပေမဲ့လည်း မိသားစု စားဝတ်နေရေးအတွက် ဆိုပြီး မနက် ၈နာရီကနေ ညနေ ၆ နာရီအထိ သွားနေရမယ်ဆိုရင်တော့ အဖေတို့ ရွေးချယ်လိုက်တဲ့ အလုပ်ဟာ မှားနေပြီလို့ ဆိုရလိမ့်မယ်။

အဲ့ဒီအချက်ကို အလေးအနက် သတိထားပါ။
အဖေရဲ့ အခုအကြံပေးချက်တွေထဲက တော်တော်များများကို သား ဂရုတစိုက် လိုက်နာမယ် ဆိုရင်တော့ သား အိမ်ထောင်မှုသုခချမ်းသာကို သား ခံစားရနိုင်ပါလိမ့်မယ်။

သားရဲ့ဖူးစာရေးနတ်
အဖေ

ဆိုပြီး စာကို အဆုံးသတ်ထားပါတယ်။ ဒီစာကို ဖတ်ပြီး အတွေးတစ်ခုမက ကျန်နိုင်ကြပါစေဗျာ။

လူတိုင်း စိတ်၏ ချမ်းသာ ရကြပါစေ။

လေးစားလျက်
မောင်သန့်ဇင်

စပ်ဆက်စဉ်းစားလျှင်

ယောကျာ်းတစ်ယောက်ကို “မိန်းမဆန်လိုက်တာ” လို့ ပြောရင် ခါးခါးသီးသီးကို ကြိုက်မှာ မဟုတ်ဘူး။

ဒါပေမယ့် မိန်းမတစ်ယောက်ကို “ယောကျာ်းဆန်လိုက်တာ” လို့ ပြောရင်တော့ ဘာမှ သိပ်ခံစားရမှာ မဟုတ်ဘူး။

ဘာလို့လဲ။ ဒီစာကြောင်းနှစ်ကြောင်းကနေပြီးတော့ ယောကျာ်းဖြစ်ခြင်းက မိန်းမဖြစ်ခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ ကောက်ချက်ချမယ်ဆို မှန်ပါ့မလားဗျာ။

ဤစာကြောင်းများအား ဒဿနိကဗေဒဆန်ဆန်၊ (လူတို့၏ စိတ်အစဉ်က သဘာဝကျကျ တုံ့ပြန်မှုကို အခြေခံထားတဲ့) စိတ်ပညာအမြင်ဘက်ကနေ ချဉ်းကပ်ခြင်းသာဖြစ်ပါသည်။ ကျွန်တော်၏ “ခွဲခြားလိုသော” သဘောထား လုံးဝမဟုတ်ရပါကြောင်း… ကျွန်တော်၏ အမေ၊ အစ်မ၊ အဘွား၊ အဒေါ်တို့အား ဦးထိပ်ထားလျက် သိစေအပ်ပါသည်။

မိတ္တဗလဋီကာ

Dale Carnegie ရေးတဲ့ ဒီ Bestseller စာအုပ်ကို မြန်မာ့ဝန်ကြီးချုပ်ဟောင်း ဦးနုက “မိတ္တဗလဋီကာ” ဆိုတဲ့ နာမည်နဲ့ ဘာသာပြန်ခဲ့ပါတယ်။ အခုထိတော့ ဖတ်လို့မပြီးသေးပါဘူး။ ဒီစာကြောင်းလေးတွေကတော့ ကြိုက်လို့ အားလုံးနဲ့ ပြန် Share တာပါ။

– မည်သူမဆို ဒေါသထွက်လာလျှင် စကားပြောကောင်း ဖြစ်နိုင်သည် ဟု Dale Carnegie က အတိအကျ ဆို၏။

– US မှ Professor John Dewey က လူတို့တွင် အပြင်းပြဆုံးသော စိတ်သည် မိမိကိုယ်ကို အထင်ကြီးသောစိတ်ပင် ဖြစ်သည်ဟု ပြောလေသည်။

– အခြားလူတစ်ဦးကို ကိုယ့်ဘက်ပါအောင် ဆွဲရန်အတွက် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော နည်းလမ်းသည် ထိုလူ အလိုရှိသော အရာကို ပြော၍ ထိုအရာကို ရအောင် ဘယ်လိုလုပ်ရမည်ကို ပြခြင်းပင် ဖြစ်သည်။

– တွင်ကျယ်ချင်သောစိ်တ်သည် လူတို့တွင် ရှိသည့် အခြားသောစိတ်များကို လွှမ်းမိုးနေသောစိတ် ဖြစ်သည်။

– ကျွန်ုပ်တို့၌ အလွန်ကောင်းသော အကြံတစ်ခုရရှိလျှင် တစ်ဖက်သားအား ထိုအကြံသည် ကျွန်ုပ်တို့၏ အကြံဖြစ်သည်ဟု သိစေမည့်အစား ထိုအကြံကို သူ့ထံမှရသည် ဟူသော အနေမျိုးရောက်အောင် အဘယ်ကြောင့် မလုပ်ရမည်နည်း။

စင်္ကာပူရဲ

ဟိုနေ့ညက သူငယ်ချင်းတွေဆီ သွားပြီး သုူတို့ အိမ်အောက်မှာ ညဘက်ကြီး စကားဝိုင်းထိုင်ပြောကြတယ်။ ဘဝအကြောင်း၊ ဘာအကြောင်း၊ ညာအကြောင်း တွေပေါ့ဗျာ။ အစုံပါပဲ။ အဲ့လိုပြောနေတုန်း ည ၂ နာရီ လောက်ကြတော့ မလေး ပုံစံနဲ့ ကောင်လေး ၈ ယောက်လောက် ကျွန်တော့်တို့ ဘေးက စားပွဲမှာ လာထိုင်တယ်။ (အိမ်အောက်ဆုံးထပ်မှာ အခန်းတွေ မရှိပဲ ထိုင်ခုံတွေ၊ စားပွဲတွေ ထားထားပေးတယ်။)

သူတို့ဆီမှာ ဂစ်တာတစ်လုံးလဲ ပါတော့ ကျွန်တော်က သီချင်းဆိုမယ် ထင်တာ။ ကိုယ်တော်တွေက ဖဲရိုက်ရော။ ရိုက်ပေါ့။ ရှိုးရိုက်တာထင်တယ်။ နောက်တော့ ရန်ဖြစ်တာလဲ မဟုတ်ပဲ အော်ကြီးဟစ်ကျယ်နဲ့ ဘာတွေလျှောက်ပြောနေကြမှန်း မသိဘူး။ (ကိုယ် နားမလည်တာလဲ ပါပါတယ်။) သူတို့ ထိုင်ပြီး ၁ နာရီလောက်မှာ သူတို့ဘက်က တော်တော်လေး ဆူလာတယ်။

၃နာရီထိုးလောက်လည်း ကြရော၊ ဝတ်စုံပြည့်နဲ့ ရဲနှစ်ယောက် ရောက်လာတယ်။ ရောက်လာပြီး အားလုံးကို ခြုံမေးတယ်။ ကျွန်တော်တို့ သုံးယောက်က အဲ့ဒီ ၈ ယောက်နဲ့ တစ်ဖွဲ့ထဲလား တဲ့။ ဟင့်အင်း ဟင့်အင်း ပေါ့။ ဟိုကောင်တွေကလည်း “သပ်သပ်ပါ။ မဆိုင်ဘူး” လို့ ပြောတယ်။

အဲ့ဒီတော့မှ ရဲက အဲ့ဒီကောင် ၈ ကောင်ကို “မင်းတို့ ဆူလို့ ငါတို့လာတာ၊ မင်းတို့ အခုလူစုခွဲပါ။ မခွဲဘူးဆိုရင် မင်းတို့ကို တရားမဝင်စုရုံးမှုနဲ့ အရေးယူမယ်တဲ့။” အကျိုးကို နည်းတာပဲ။ ကိုယ်နဲ့တော့ ဘာမှ မဆိုင်ဘူး။ ဒါပေမယ့် မြန်မာတွေး၊ တွေးပြီး ရင်တော့ပူတယ်။ ကျွန်တော့်သူငယ်ချင်းတွေကတော့ မဆိုင်သလိုပဲ။ စကားအေးဆေးပြောနေတယ်။

အဲ့တော့ ကောင်လေးတွေလည်း မခွဲချင် ခွဲချင်နဲ့ လူစုခွဲလိုက်ရတယ်။ ကျွန်တော့်သူငယ်ချင်းတွေ ပြောတာတော့ “ဒီနားက အိမ်တစ်အိမ်က ဆူလို့ တိုင်လိုက်တယ်နဲ့ တူတယ်။” တဲ့။ အဲ့လိုပါပဲ။ တိုင်လို့ရတယ်။ တိုင်လိုက်ရင်လည်း ချက်ချင်းရောက်ရောက် လာတတ်တယ်။

ကျွန်တော်တို့က စားပွဲနဲ့ ထိုင်ခုံလေးလုံး အသေစိုက်ထားတဲ့ နေရာမှာ သုံးယောက်ပဲ ထိုင်နေတာပါ။ ရဲတွေက ဟိုကောင်တွေလည်း ထွက်သွားရော ရဲနှစ်ယောက်မှာ ရာထူးကြီးဟန် ရှိတဲ့ တစ်ယောက်က ကျွန်တော်တို့ဆီလာပြီး စတုတ္ထခုံမှာ ထိုင်ပါရစေတဲ့။ ခွင့်တောင်းတယ်။ ထိုင်ပါပေါ့…

ရဲ ။ မင်းတို့က စင်္ကာပူနိုင်ငံသားလား။

ကျွန်တော်တို့ ။ ဟုတ်ဝူး။ မြန်မာနိုင်ငံကပါ။ ကျောင်းသားတွေပါ။

ရဲ ။ ဘယ်မှာနေတာလဲ။

ကျွန်တော်တို့ ။ (အပေါ်ကို လက်ညှိုုးထိုးပြပြီး) ဒီတိုက်မှာပဲ။

ရဲ ။ သြော်.. အခုနက ကောင်တွေ ဒီနားမှာ ဘယ်လောက်ကြာပြီလဲ။

ကျွန်တော်တို့ ။ ၁ နာရီလောက်တော့ ရှိပြီထင်တယ်။

ရဲ ။ ဒီကောင်တွေ အရမ်းဆူလား။

ကျွန်တော်တို့ ။ နည်းနည်းတော့ ဆူတယ်။

ရဲ ။ အေး၊ အနှောင့်အယှက် ရှိရင်ပြောနော်။ ငါတို့ ဖုန်းနံပါတ် သိတယ် မဟုတ်လား။

သူငယ်ချင်း ။ ၉၉၉…

ရဲ ။ အင်း ဟုတ်တယ်။ Triple 9။ လိုအပ်ရင် ဆက်သွယ်ပါ။ သွားလိုက်ပါဦးမယ်။

လို့ ယဉ်ယဉ်ကျေးကျေး ပြောပြီး ထွက်သွားလေရဲ့။ ကျေနပ်မှု၊ အားမလိုအားမရမှုတွေနဲ့ ကျွန်တော်တို့ ကျန်ရစ်ခဲ့တယ်။ သူငယ်ချင်းတွေက နောက်မှရှင်းပြတယ်။ သူတို့လည်း ရဲကို ကြုံဖူးကြောင်း။ ရိုးနေပြီဖြစ်ကြောင်း…

ကျွန်တော်ကတော့ အတွေ့အကြုံသစ် တစ်ခု ရလိုက်တာပေါ့ဗျာ။

ဒုတိယအမြင် နဲ့ နားလည်မှု (၂)

အပိုင်း(၁) ကို ဒီနေရာ မှာ ဖတ်နိုင်ပါတယ်။

အသံတိုးတိုး နဲ့ ခပ်အေးအေး စကားပြော တတ်တဲ့ ယောကျာ်းလေး တစ်ယောက်ကို-

ပထမမိန်းကလေးက

ဘယ်လိုကောင်မှန်းမသိဘူး။ အိညောင် အိညောင် နဲ့ ဘာတွေ ပြောနေမှန်းမသိဘူး။ စိတ်ညစ်ဖို့ ကောင်းတယ်။

တဲ့။

ဒုတိယမိန်းကလေးကတော့

သူပုံက သိမ်သိမ်မွေ့မွေ့ဟ။ စကားပြောရင်လည်း နူးနူးညံ့ညံ့နဲ့။ ကြင်နာမယ့် ပုံပဲ။

တဲ့။

သူတို့ နှစ်ယောက်ရဲ့ ဆန့်ကျင်နေတဲ့ ဒီအပြောနှစ်ခုရဲ့ အခြေခံ အကြောင်းတရားတွေကတော့

၁) Perception (စိတ်ထဲမှာ ကြိုရှိနေတဲ့ [အမှန်တရားလို့လက်ခံထားတဲ့] သတ်မှတ်ချက်)

စိတ်ထဲမှာ ယောကျာ်းလေးဆိုတာ အသံကျယ်ကျယ်လောင်လောင် နဲ့ ကိုယ်ပြောချင်တာကို ယုံကြည်မှုရှိရှိ ရဲရဲဝံ့ဝံ့ တင်ပြရဲမှ အားကိုးလောက်တဲ့ ယောကျာ်းဆိုတာနဲ့ ညင်ညင်သာသာ ပြောဆိုမှ ကြင်နာတတ်တဲ့၊ ခင်မင်တွယ်တာစရာ ကောင်းတဲ့ ယောကျာ်းရယ်လို့ အမြင်ကွဲတာဟာ မသိစိတ်က ကြိုသတ်မှတ်ထားတဲ့ အချက်တွေ ကြောင့်ဖြစ်ပါတယ်။

ဥပမာ။ ရှေ့သိပ်ထွက်လွန်းတဲ့ မိန်းကလေးကို မြန်မာယဉ်ကျေးမှု ပေတံဆိုတဲ့ ကြိုတင်လက်ခံထားတဲ့ Perception တွေနဲ့ ယှဉ်ထိုးကြည့်ပြီး ဒီမိန်းကလေးက လက်လွတ်စပယ်လေး လို့ ဝေဖန်သတ်မှတ်လိုက်တာမျိုးပါ။ သူဘာကြောင့် ကိုယ့်ဘဝကိုယ် ဦးဆောင်နေရတယ်ဆိုတဲ့ အချက်ကို နားမလည်ပေးခင်မှာပဲ တစ်ဖက်သက် သတ်မှတ်လိုက်တာပါ။ ကြောက်ဖို့ကောင်းပါတယ်။ Perception က ကိုယ့်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ပေးနိုင်ရင်တော့ ကောင်းပါတယ်။ မပေးနိုင်ရင် ကိုယ့်ဆုံးဖြတ်ချက်ရဲ့ မကောင်းတဲ့ အကျိုးဆက်တွေကို ခံစားရနိုင်ပါတယ်။ ကားလမ်းပေါ် ဆင်းပြီး ဘောလုံးကန်ရင် ကားတိုက်ဖို့ အခွင့်အလမ်း ကြီးတယ်ဆိုတဲ့ ကိုယ့်ယုံကြည်ချက်ကြောင့် ကိုယ့်သားတစ်ယောက် ထူးချွန်တဲ့ အားကစားသမားတစ်ယောက် ဖြစ်လာနိုင်ခွင့် မရှိတော့တာဟာ နိုင်ငံအနေနဲ့ပါ ဆုံးရှုံးမှုရှိပါတယ်။ Perception ရဲ့ မကောင်းတဲ့ အစိတ်အပိုင်းတွေပါ။

၂) Criteria (စိတ်ထဲက သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်)

အပေါ်မှာ ပြောခဲ့တဲ့ Perception က မွေးဖွားလာတဲ့ စံသတ်မှတ်ချက်တွေပါ။ Criteria ကို ရုပ်သဘော ရှင်းပြရရင်-

ဆိုပါစို့။ အိမ်တစ်အိမ်က ဟင်းချက်ရင် ဆားအထည့် များတယ်။ ဒုတိယတစ်အိမ်က ပြောတယ်။ နင်တို့ အရမ်း အလေးစား တာပဲတဲ့။ ပထမအိမ်က ပြန်ပြောတယ်။ နင်တို့ချက်တာတွေလည်း ငါတို့ မစားတတ်ပါဘူး။ ပေါ့ပျက်ပျက်နဲ့ တဲ့။

နောက်ဥပမာတစ်ခု။ ကပ်စေးတယ်လို့ လူအများက သတ်မှတ်ခံထားရတဲ့ လူတစ်ယောက်ကတော့ “မပြုန်းတီးရအောင်လို့ ချွေတာ တာပါ” လို့ ပြန်ဖြေရှင်းမှာပဲ။ ဘာလို့ဆို သူက သူများတွေဟာ ပိုင်ဆိုင်မှုတွေကို ဖြုန်းတီးနေကြတယ် လို့ (တကယ်ကို) မြင်နေလို့ပါ။ ဘယ်လောက်သုံးသင့်တယ် ဆိုတဲ့ စံသတ်မှတ်ချက်က တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။

ငယ်ငယ်လေးထဲက စည်းကမ်းရှိမှ တိုးတက်မယ် ဆိုတဲ့ အယူအဆကို မိဘတွေဆီက ရခဲ့တဲ့ ကလေးက ကိုယ့်ကိုယ်ကို စည်းကမ်းအရမ်းကြီးတယ်သူလို့ ထင်နေတာ မမှားပါဘူး။ ဒါပေမယ့်လည်း သူ့ထက် စနစ်ပိုကျတဲ့ စည်းကမ်းပိုကြီးတဲ့ လူတစ်ယောက်က “ဟာ… မင်းစည်းကမ်း မရှိလိုက်တာကွာ” လို့ပြောရင် အဲ့ဒီကလေး ခံနိုင်ပါ့မလား။ စဉ်းစားစရာ ပါပဲ။ လူတွေက ကိုယ်ပိုင်သံစဉ်တွေနဲ့တော့ အသံကောင်း နေကြတာချည်းပဲ။ ကိုယ့်စံသတ်မှတ်ချက် တွေနဲ့ ကိုယ်ဟာ လူတော်လူကောင်းလို့ ထင်ထင်နေတတ်ကြပါတယ်။ လောကကြီးက အမှန်တကယ် ကိုယ့်ကို ဘယ်လို သတ်မှတ်နေသလဲ။…

၃) Life Style (လူနေမှု ဟန်ပုံစံ)

Life Style က Perception နဲ့အတူ Criteria ကိုပါ ပြောင်းလဲစေပါတယ်။ ပတ်ဝန်းကျင်၊ မိဘဆွေမျိုးအသိုင်းအဝိုင်း၊ ပညာရေး၊ ဓနပိုင်ဆိုင်မှု၊ ငွေကြေးသုံးစွဲမှု ပုံစံ၊ ကြီးပြင်းခဲ့တဲ့ ပုံစံ စတဲ့ စတဲ့ စတဲ့ အရာတွေပေါ်လိုက်ပြီး Life Style က ပြောင်းလဲပါတယ်။

ဥပမာပေးပါရစေ။ အနောက်တိုင်းယဉ်ကျေးမှုမှာ ကြီးပြင်းလာတဲ့ မြန်မာမိန်းကလေး တစ်ယောက်အတွက် ညည့်နက်သန်းခေါင် ယောကျာ်းလေးမိတ်ဆွေနဲ့ Night Club တက်တာကို သူ့ရဲ့ အုပ်ထိန်းသူတွေက ဘာမှမပြောပေမယ့် မြန်မာပြည်မှာဆိုရင်တော့ အဲ့ဒီမိန်းကလေး သွားပါပြီ။ ရစရာတောင် မကျန်လောက်ပါဘူး။ ဒါကတော့ ယဉ်ကျေးမှုတွန်းတိုက်ခြင်းလဲ တစိတ်တဒေသပါသွားပါပြီ။

မြန်မာပြည်က မိဘအုပ်ထိန်းသူက ပြောပါလိမ့်မယ်။ ဒီမိန်းကလေး ပျက်စီးမှာပေါ့တဲ့။ ဒါဆို ကျွန်တော်တို့ စဉ်းစားရပါလိ့မ်မယ်။ ဟုတ်ကောင်းဟုတ်လိမ့်မယ်။ မိန်းကလေးဆိုတာ အားနွဲ့သူလို့ လက်ခံထားကြတာကိုး။

ဟုတ်ပါပြီ။ ဒါဆို အနောက်တိုင်းရောက်နေတဲ့ မြန်မာလူမျိုး မိဘအုပ်ထိန်းသူတွေက ဘာလို့ ခွင့်ပြုတာလဲ။ အနောက်တိုင်းယဉ်ကျေးမှုကို အထင်ကြီးလို့လား။ အဲ့လို ပြောရင်တော့ ရန်တွေ ထဖြစ်ကုန်ကြပါလိ့မ်မယ်။ သူတို့မှာလည်း ခိုင်လုံတဲ့အကျိုးအကြောင်းရှိလို့ပါ။ ဒါကြောင့်မို့ ခွင့်ပြုတာပါ။

ဥပမာ။ ၁၈ နှစ် (သို့) ၂၁ နှစ်ပြည့်ပြီးလို့ ကိုယ့်ကြမ®ာကိုယ် ဖန်တီးခိုင်းတာမျိုးပါ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချ။ ကိုယ့်ဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲကိုလည်း ကိုယ်ပဲခံ ဆိုတဲ့ ဘဝသင်ရိုးညွှန်းတမ်းအတိုင်း သင်ပေးတာပါဆိုရင် မြန်မာပြည်က မိဘ အုပ်ထိန်းသူတွေအနေနဲ့ ဘာပြောကြပါမလဲ။

ကျွန်မတို့ကတော့ ကိုယ့်သားသမီး လွှတ်မထားနိုင်ပါဘူးပဲ ပြောကြမှာပါပဲ။ အမြင်နှစ်ခုက အရမ်းကို ဆန့်ကျင်နေလို့ပါ။ တစ်ထစ်လျှော့ပြီး အပြန်အလှန် စဉ်းစားပေးကြရင်တော့ နှစ်ဖက်အကျိုးရှိပါလိမ့်မယ်။

“မောင်သန့်ဇင် မင်းကရော ဘယ်ယဉ်ကျေးမှုဘက်က ရပ်မှာလဲ” လို့ မေးကြမလားဟင်။ နှစ်ဖက်လုံးဘက်က နားလည်ပေးနိုင်မယ်ဆုရင် ဘယ်ဘက်ကမှ ရပ်ပြီး “ငါတို့မှန်တယ်” အော်နေစရာ မလိုတော့ပါဘူး လို့ပဲ ပြောပါရစေတော့… ခင်ဗျာ။

ဒုတိယအမြင် နဲ့ နားလည်မှု (၁)

လောကကြီးမှာ ကိစ္စတစ်ခုကို အမြင်တစ်ဖက်ကထက် ပိုစဉ်းစားစမ်းပါဟာ တဲ့။ ကျွန်တော် ၆ တန်းလောက်က မြန်မာပြည်အထက်ပိုင်း *မြို့လေးတစ်မြို့ကို ခရီးထွက်တော့ အဲ့ဒီမြို့လေးရဲ့ ဘောလုံးကွင်းထဲမှာ ကျွန်တော့်အစ်မက ကျွန်တော့်ကို ဆုံးမတဲ့ စကားပါ။ ကျွန်တော်ကြောင့် ပြဿနာတစ်ခု တတ်လို့ပါ။

ဦးနှောက်ကပဲ အရာရာကို မှတ်နေတဲ့ အချိန်မို့လား မသိဘူး။ ကျွန်တော့် ခေါင်းထဲစွဲသွားပါတယ်။

ဒုတိယအကြောင်းအရာ… ကျွန်တော့်တို့ ငယ်ငယ်တုန်းက (၈တန်းလောက်က စပြီး) ရေးပေးပါ စာအုပ်လေးတွေ ခေတ်စားလာပါတယ်။ ကျွန်တော်တို့ အချင်းချင်း လှည့်ပတ်ရေးခိုင်းကြတာပေါ့ဗျာ။ အဲ့ဒီမှာ ပါတဲ့ ကွက်လပ်တစ်ခုက “ဘဝမှာ အရေးကြီးဆုံးက” ဘာလဲတဲ့။ ကျွန်တော် နောက်တီးနောက်တောက်မလုပ်ပဲ တည်တည်တံ့တံ့ ရေးမယ်ဆိုရင် “နားလည်မှု” လို့ ကျွန်တော် ရေးပေးလေ့ရှိပါတယ်။

ဒုတိယအမြင် နဲ့ နားလည်မှုက ကျွန်တော့်ကို ဘယ်လို စိုးမိုးစေခဲ့လဲ။ ကျွန်တော်က အရမ်းအစသန်ပါတယ်။ ခင်တဲ့ သူငယ်ချင်းဆို ပိုနောက်တယ်။ ဒါပေမယ့် တချို့က နည်းနည်းပြောရင် များများစိတ်ဆိုး တတ်ပါတယ်။ နားမလည်ပေးကြပါဘူး။ ချစ်လို့၊ ခင်လို့ စတာကို။ ကျွန်တော် လွန်တယ်လို့ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်သုူတို့ရဲ့ အကျိုးစီးပွား မထိခိုက်ဘူး။ စိတ်အနှောင့်အယှက်ဆိုတာလဲ အကြာကြီးပေးထားတာ မဟုတ်ဘူး။ ပြီးတော့ လေးလေးနက်နက် ပြန်တောင်းပန်တာပဲ။ ဒါပေမယ့် ခွင့်မလွှတ်ချင်ကြဘူး။ ကလေးတုန်းက ကိစ္စတွေပါ။ အခုတော့လည်း ပြုံးစရာလေးတွေပေါ့။

ဒါပေမယ့် အဲ့ဒီတုန်းကတော့ သူငယ်ချင်းတစ်ယောက် စိတ်ဆိုးရင် ကျွန်တော် ဂနာမငြိမ်တော့ဘူး။ စိတ်လုံးဝမကောင်းဘူး။ စိတ်ကျေနပ်တဲ့အထိ ပြန်တောင်းပန်တတ်တယ်။ (အခုတော့ အဲ့တာတွေ ရှိတော့ဘူး။) ဆယ်တန်းပြီးတဲ့အချိန်မှာ အဲ့တာတွေ ပြန်စဉ်းစားတော့ ကလေးအရမ်းဆန်သလို ခံစားခဲ့ရတယ်။ ဘာကြောင့် ဒီပြဿနာတွေ ဖြစ်တာလဲ။ အရင်းခံကို စဉ်းစားကြည့်တော့ အပြန်အလှန်နားလည်မှု(Mutual Understanding) မရှိတာကို သွားတွေ့ရတယ်။ ကျွန်တော်က ငါကပဲ နားလည်ပေးနေရတယ်။ သူတို့က ပြန်နားမလည် ပေးကြဘူးလို့ စွပ်စွဲနေတာ မဟုတ်ပါဘူး။ အပြန်အလှန်ပွင့်လင်းမှု(Mutual Transparency) မရှိပါပဲနဲ့ ကျွန်တော်က သွားသွား ကလိတာလဲ ကျွန်တော့်အမှား တစ်ခုပါပဲ။

စကားလုံးကြီးကြီးတွေနဲ့ ပိမသွားပါနဲ့ဗျာ… အဲ့ဒီစကားလုံးတွေက စားဝတ်နေရေးလိုပဲ ဘဝအတွက် မရှိမဖြစ်ပါ။ လူမှုဝန်းကျင်အတွက် လူတွေနဲ့အတူ လက်တွဲအလုပ်လုပ်တဲ့ ကိစ္စတွေမှာ အဲ့တာတွေက အရမ်းအရေးကြီးပါတယ်။ အဲ့တာတွေကို ဘယ်လို တည်ဆောက်မလဲ။ ဆရာကြီးလုပ်တာတော့ မဟုတ်ပါဘူး။ ကျွန်တော်လက်ခံထားတဲ့ ခံယူချက်ကို ပြောပြချင်လို့ပါ။

အဲ့တာတွေကို တည်ဆောက်ဖို့အတွက်… ကျွန်တော်တို့မှာ ဒုတိယအမြင်ကို မြင်တတ်ဖို့၊ အဲ့ဒီအမြင်ကို လက်ခံတတ်ဖို့၊ လိုအပ်ပါတယ်။

ကိုယ်နဲ့ နောက်လူတစ်ယောက် ပဋိပက္ခဖြစ်လာပြီဆိုရင် (ကျွန်တော့်သဘောက) ကိုယ့်ရဲ့ အထင်အမြင်အယူအဆတွေ တစ်ဖက်လူ အတင်း လက်ခံလာအောင် မလုပ်ပါနဲ့။ အယူအဆ ဆန့်ကျင်နေလို့ကို သဘောထားချင်းမတိုက်ဆိုင်ကြတာ။ အတင်းလက်ခံခိုင်းလို့ကတော့ အလကားပဲ။ ကျွန်တော်လုပ်သင့်တာက သူဘာကြောင့် ဒီလိုအယူအဆတွေ တင်ပြနေတာလဲ။ သေချာမေးရပါမယ်။ သူလည်း သူမှန်တယ်ထင်လို့ ပြောနေတာပဲ ဖြစ်မှာပါ။ သူက ဘာကြောင့် မှန်တယ်ထင်တာလဲ။ ကိုယ်နဲ့ ဘာတွေ ကွဲလွဲနေတာလဲ။ *သေချာ အလယ်အလတ်ကျကျ၊ ဓမ္မဓိဌာန်မှန်မှန် သုံးသပ်ရပါမယ်။* အဲ့ဒီလို သုံးသပ်ပြီးတဲ့ အချိန်မှာ တစ်ဖက်လူအမြင်ကို လက်ခံလို့ ရလာတာမျိုးဖြစ်တတ်ပါတယ်။ အဲ့တာ “ဒုတိယအမြင်” ကို လက်ခံခြင်းပါ။

ဒါမှမဟုတ် အဲ့ဒီလို သုံးသပ်ပြီးမှ ကိုယ့်အမြင်က ပိုယုတ္တိရှိတယ်။ ပိုသဘာဝကျတယ်။ ပိုဖြစ်သင့်တယ် ဆိုရင်တော့… ကိုယ့်အမြင်ကိုု ကိုယ်ဘာကြောင့် ဒီလိုတွေးရတယ်။ ဆိုတာကို အေးအေးဆေးဆေး ရှင်းပြပြီး ကိုယ့်အမြင်ရဲ့ အားသာချက်တွေ၊ လူအများလက်ခံမှုတွေကို ချပြပါ။ အဲ့ဒီလို ပြောပြီး တစ်ဖက်လူရဲ့ အတွေးမှာ ရှိနေတဲ့ အားနည်းချက်တွေ၊ မဖြစ်နိင်မှုတွေကိုု စောင်းပါးရိပ်ချေ ထောက်ပြပါ။ မင်းမှားတယ် လို့ တိုက်ရိုက်ကြီး ပြောတာမျိုးထက် အများကြီး အဆင်ပြေတာကို တွေ့ရပါလိမ့်မယ်။ အဲ့တာက “ဒုတိယအမြင်” ကို သူ မြင်သာအောင် ဖန်တီးပေးတာပါ။

ဒီလိုလုပ်တာဟာ … ပညာတတ်ဆန်ဆန်၊ လူကြီးလူကောင်းပီပီ ပြဿနာတစ်ခုကို နှစ်ဦးသဘောတူ ဆွေးနွေးတဲ့သဘောလို့ပဲ ထင်ပါတယ်။ ကိုယ်အလျှော့ပေးဖို့လဲ ဝင်မလေးသင့်ပါဘူး။ တစ်ဖက်လူအမြင်က မှန်ကန်နေတယ်လို့ ထင်ရင်တော့ လက်ခံသုံးစွဲဖို့အတွက် ဆုံးဖြတ်ထားပြီးသား ဖြစ်ရပါမယ်။

၁၉ နှစ်ကျော်ကျော် (ခပ်အူအူ) ယောကျာ်းလေးတစ်ယောက်ရဲ့ တောင်တွေးမြောက်တွေး အိုင်ဒီယာများသာ ဖြစ်ပါကြောင်း။

ဒါပေမယ့်လည်း ဒီအယူအဆတွေကို နည်းနည်းလက်ခံနိုင်တယ်ဆိုရင် ဒုတိယအမြင် နဲ့ နားလည်မှု (၂) ကို ဆက်ဖတ်ပေးပါလို့ တောင်းဆိုပါရစေခင်ဗျာ။