ဆာယိုနာရာ

ပြန်မလာတော့ဘူးပေါ့… သေချာဆုံးဖြတ်ပြီးခဲ့ရင်…
မကျေနပ်ဘူးပေါ့… ပြန်လည် မုန်းလည်း မမုန်းရက်ပါ…
နင်မရှိတဲ့ဘဝမှာ ရှင်သန်စရာ မရှိတော့ဘူး….
ကြေကွဲပြီးနေ့စဉ် လူတကာအလယ် အသက်မရှင်ဘူး…

ပျော်ပါစေ… ချစ်သူ… ငါဟာ လမ်းပျောက်ခဲ့သူပါ…
သံသရာမှာ နောက်တစ်ခေါက်… မကြုံခင် ရှုံးနိမ့်ခဲ့သူပါ…

ပြန်လာပါ ချစ်သူ… ငါဟာ မင်းမရှိ မဖြစ်သူ ပါ….
အရင်အချိန်လို တို့တွေ… ကြင်နာနွေးထွေးရအောင်ပါ။

သူတို့ ပြောခဲ့တဲ့ စကားများ

တစ်နေ့၊ ခင်ဗျားမှာ ဘယ်လို ပြဿနာမှ မကြုံတွေ့ရဘူးဆိုရင်… ခင်ဗျား လမ်းမှားတစ်ခုကို လျှောက်နေတယ်ဆိုတာ သေချာသွားပြီ…
-Swami Vivekananda

ခင်ဗျားရဲ့ အောင်နိုင်မှုအတွက် ဘာမှ ရှင်းပြနေစရာ မလိုပါဘူး။ အယ်.. ခင်ဗျားရဲ့ ရှုံးနိမ့်မှုအတွက်ဆိုရင် ခင်ဗျား ရှင်းလင်းချက်ပေးဖို့ ရှိမနေသင့်တော့ဘူး။
-Adolf Hitler

ကျွန်တော်ဟာ အကြိမ် ၁၀ဝ၀ ရှုံးနိမ့်ခဲ့တယ်လို့ ပြောမယ့် လူစားမျိုး မဟုတ်ပါဘူး။ အဲ့လိုပြောမယ့်အစား ရှုံးနိမ့်မှုကို ဖြစ်စေနိုင်တဲ့ နည်းပေါင်း ၁၀ဝ၀ ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ပဲ တွေးမိမှာပါ။
-Thomas Edison

လူတိုင်းက ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့ပဲ ကြံစည်စိတ်ကူးနေကြတယ်။ ဘယ်သူကမှ ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့ မစဉ်းစားကြဘူး။
-Leo Tolstoy

တစ်ယောက်ယောက်ကများ သူ့ ဘဝတလျှောက် အမှားတစ်ခုမှ မကျူးလွန်ခဲ့ဘူးလို့ ခံစားနေရရင် သေချာတယ်… သူတို့ ဘယ်လို အသစ်အဆန်းမျိုး ကိုမှ ကြိုးစားကြံဆောင်ခြင်း မရှိခဲ့လို့ပဲ။
-Einstein

လောကမှာ မချိုးဖျက်သင့်တဲ့ အရာ ၄ ခု ရှိတယ်။ ယုံကြည်မှု၊ ကတိ၊ ရင်းနှီးမှု နဲ့ နှလုံးသား ပါ။ ဘာလို့ဆို သူတို့လေးတွေ မတော်တဆ ကျိုးပဲ့သွားရင် သွယ်ဝိုက်ပြီးတောင် ပြောမပြပေမယ့် နာကျင်စရာ ကောင်းလွန်းလှပါတယ်…
-Charles

သူငယ်ချင်းချစ်သူ

ကျွန်တော်ပြောတယ်။

“မိန်းကလေး တစ်ယောက်ကို အရမ်းခင်သွားပြီး သူ့အကြောင်းကို ခရေစေ့တွင်းကျ သိသွားရင် သူ့ကို ချစ်ဖို့ထက် ခင်တာပဲ ပိုသွားလိမ့်မယ်နော်” ဆိုတော့….

သူငယ်ချင်းက ကျွန်တော့်စကားကို ထောက်ပြီး “အေး အဲ့ဒီလို သိပြီးတာကိုမှ ဆက်ပြီး နားလည်မှုကြီးစွာနဲ့ ချစ်နေရင်တော့ တကယ်ချစ်တာပဲ ဆရာရေ” တဲ့။

ကျွန်တော် ဘာမှ ပြန်မပြောမိပါဘူး။

နယ်စပ်ဒေသ

ဆရာ မင်းလူရေးတဲ့ ဦးမင်းလူကောင်းမှု ဆိုတဲ့ ကဗျာစု စာအုပ်ကလေးကို သူငယ်ချင်း တစ်ယောက်ဆီက ဖတ်ခွင့်ရပါတယ်။ ဖတ်ကြည့်တော့ တချို့ကဗျာလေးတွေကို တော်တော်လေး သဘောကျပါတယ်။ အောက်က ကဗျာလေးကို ဖတ်ကြည့်ပါဦး။

နယ်စပ်ဒေသ

နေ့နဲ့ ညကြားမှာ
တစ်စက္ကန့်ပဲ ခြားတယ်။

တစ် ဒီဂရီနဲ့
သုံးရာ့ခြောက်ဆယ် ဒီဂရီကြားမှာ
တစ် ဒီဂရီပဲ ခြားတယ်။

ဆောင်းနဲ့ နွေကြားမှာ
လေတစ်ဝှေ့ပဲ ခြားတယ်။

အပြာနဲ့ အစိမ်းကြားမှာ
အဝါတစ်စက်ပဲ ခြားတယ်။*

ရှင်ခြင်းနဲ့ သေခြင်းကြားမှာ
မျက်တောင်တစ်ခတ်ပဲ ခြားတယ်။

အချစ်နဲ့ အမုန်းကြားမှာ
မျဉ်းတစ်ကြောင်းပဲ ခြားတယ်။

ဟိုဘက်ကို ကူးဖို့ဆိုတာ
လွယ်လွယ်ကလေးပါ။

– ဆရာမင်းလူ ရေးသည့် ဦးမင်းလူကောင်းမှု မှ

* ကျွန်တော် သိသလောက်တော့ အစိမ်းက အဝါနဲ့ အပြာ ကြားထဲမှာပါ။ ဆရာမင်းလူ ဘာကို ဆိုလိုချင်သလဲတော့ မသိပါဘူးဗျာ။

ရေခဲတုံး ကြည်ကြည်လေးများ

ရေခဲလိုက်ရင် အလယ်မှာ နောက်ကျိကျိနဲ့ လေတွေ ဝင်နေတတ်ပါတယ်။ Crystal Clear မဖြစ်ပါဘူး။ Crystal Clear လိုချင်ရင်

၁။ သေသေချာချာ စစ်ထားတဲ့ ရေကို ဆူအောင် တည်ပါ။
၂။ ဆူသွားပြီဆိုရင် အအေးခံပါ။
၃။ ဒုတိယအကြိမ် ဆူအောင် ပြန်တည်ပါ။
၄။ ပြီးရင် ပြန်အအေးခံပါ။
၅။ နောက်ဆုံးအဆင့် အနေနဲ့ နှစ်ခေါက် ဆူအောင် တည်ထားတဲ့ ရေကို ပုံစံခွက်လေးထဲ ထည့်ပြီး ခဲလိုက်ပါ။ ကြည်လင်နေတာကို တွေ့ရလိမ့်မယ်။

တဲ့။ အထင်ကရ Blog ကြီး တစ်ခုမှာ ရေးထားတာပဲ။ စမ်းတော့ မကြည့်ရသေးဘူး။ ရေကို နှစ်ခေါက် ဆူအောင် လုပ်ရင် ရေထဲက လေတွေ အငွေ့ပြန်သွားတယ် ဆိုလားပဲ။ သိပ်တော့ နားမလည်ဘူး။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ မလိုအပ်ပဲ မလုပ်သင့်ဘူးလို့ ထင်တယ်။ စွမ်းအင် အရမ်းကုန်မယ့် ကိစ္စကြီးမို့ပါ။

Connection ကောင်းတယ်ဆိုရင်တော့ ဒီမှာ Video Clip လေးရှိတယ်။ ကြည့်ပါ။

Blogs I like to read

These blogs are the blogs I’ve subscribed. Of course, there are a lot more but I focus on these 9. They are alphabetically sorted.

  1. Digital Inspiration : Software, Technology, Web 2.0, Downloads, Screencasting, e-learning, Internet, Tutorials and Productivity Tips (RSS)
  2. Download Squad (RSS)
  3. Google Operating System : Unofficial news and tips about Google. A blog that watches Google’s latest developments and the attempts to move your operating system online. (RSS)
  4. hongkiat.com : Tech, Web Tips Tricks Hacks, Reviews, Make Money Online, Design, HTML/CSS, Photoshop Tutorials (RSS)
  5. insideTonic : get more from software (RSS)
  6. Lifehacker : Computers make us more productive. Yeah, right. Lifehacker recommends the software downloads and web sites that actually save time. Don’t live to geek; geek to live. (RSS)
  7. MakeUseOf.com : Cool Websites, Software and Internet Tips (RSS)
  8. Mashable! : Social software and social networking 2.0. (RSS)
  9. Read/WriteWeb : Web Technology news, reviews and analysis (RSS)

လက်မထပ်ပဲ အတူနေထိုင်ခြင်း

ဒီအကြောင်းကို Singapore က အစ်ကိုတစ်ယောက် ကပဲ ထင်တယ်။ သူ့ Blog မှာ အရင် ရေးဖူးသေးတယ်။ အခု ကျွန်တော်က ထပ်ပြောပြန်ပြီဆိုတော့… =)

အဲ့ဒီအစ်ကို ဘာရေးထားလဲတော့ သေချာ မမှတ်မိတော့ပါဘူး။ ကျွန်တော် ဟိုတလောက နေမကောင်းဖြစ်တော့ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ယောက်ထဲ တောင်တွေး၊ မြောက်တွေး စဉ်းစားမိတာလေးတွေ ချရေးမလို့ပါ။

ဘာလို့ ဒီယဉ်ကျေးမှုက မြန်မာ့အသိုင်းအဝိုင်းထဲ စိမ့်ဝင်လာရတာလဲ။ မြန်မာ မိန်းကလေးတွေက သိပ် လိုက်လျောချင် နေကြတာလား။ အားလုံးကတော့ အဲ့လောက် လွယ်လွယ်လိုက်လျော နေကြမယ် မထင်ပါဘူး။

ဘာလို့ မထင်တာလဲဆိုတော့… မြန်မာ့ဓလေ့ထုံးစံ ကြောင့်ပါပဲ။ စဉ်းစားကြည့်ပါ။ ဒီလိုနေတယ်ဆိုတာကို သိရင် မြန်မာပြည်က မိဘဆွေမျိုးအသိုင်းအဝိုင်းက ဘယ်လောက် အပြစ်တင်မလဲ။ ဒေါသထွက်မလဲ။ ပတ်ဝန်းကျင်က ဒီလို မိန်းကလေးမျိုးကို ဘယ်လို သတ်မှတ်မလဲ။

မြန်မာမိန်းကလေးသည် (မြန်မာမိန်းကလေး ဖြစ်သည့်အတွက်) ဒီလို အတူနေဖို့ ဆုံးဖြတ်ချက်မချခင် ပတ်ဝန်းကျင်က ဝေဖန်ကဲ့ရဲ့မယ့် ကိစ္စတွေကို အားလုံး ကြိုတွက်မှာပဲ။ ဒါတောင်မှ နောက်ဆုံး ဆုံးဖြတ်ချက်က ခေါင်းညိတ်ခြင်းဆိုတော့ ဘယ်လို “အရှိတရား” တွေက ထိုမိန်းကလေးအား ခေါင်းညိတ်စေသနည်း။
………………………
ကျွန်တော်သူငယ်ချင်း တစ်ယောက်က ပြောတဲ့ စကားပါ။

“ငါတို့ ကျောင်းပြီးလို့ အလုပ်လုပ်ရင် ငါးရက်ကနေ၊ ငါးရက်ခွဲနော်။ ငါနဲ့ ငါ့ကောင်မလေးနဲ့ အလုပ်လုပ်တဲ့ နေရာက ဝေးလို့ ဖြစ်စေ၊ ပြန်ရမယ့် အိမ်တွေက ဝေးလို့ ဖြစ်စေ၊ ငါတို့ကိုယ်တိုင်က ပင်ပန်းနေလို့ ဖြစ်စေ၊ အလုပ်လုပ်စရာ ကျန်နေလို့ ဖြစ်စေ၊ Overtime ကြောင့် ဖြစ်စေ၊ အလုပ်ပြီးတဲ့ ညနေပိုင်းတွေ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဖြစ်တော့မှာ မဟုတ်ဘူး။ စောစောလည်း အိပ်ရဦးမယ်လေ… နောက်နေ့မနက် အလုပ်ထသွားရဦးမှာကိုး။

ကဲ အဲ့လိုနေလာလိ်ုက်တာ… (နှစ်ယောက်လုံး စနေနေ့ အလုပ်နေ့တစ်ပိုင်း မရှိကြလို့) သောကြာညနေလေးမှာ လည်ကြပတ်ကြတယ်ပေါ့ကွာ… ညည့်နက်သန်းခေါင်အထိပေါ့။ ငါလည်း ငါ့ကောင်မလေးကို အိမ်ပြန်ပို့ပေးပြီး ပြန်လာ။ ကိုယ်လည်း အိမ်ရောက်တာနဲ့ အိပ်ရာတန်းဝင်ပေါ့။ (ဒါနှစ်ယောက်လုံး စနေမနက် အလုပ်မရှိမှနော်။ တစ်ယောက် အလုပ်ရှိရင် တာ့တာ….)

မနက်အိပ်ရာထတော့ အစောဆုံး ၁၀ နာရီပေါ့။ Weekdays တွေ မနက်အစောကြီး ထထားရတာ။ ရေမိုးချိုး ထမင်းစားပြီးရင် မွန်းလွှဲပေါ့။ အဲ့ဒီမှာ ဘာလုပ်ရတာတွေ ရှိလာမလဲဆိုရင်… “ကိုယ်စိတ်ပျော်လို့ မဟုတ်ပေမယ့်” မဖြစ်မနေ လုပ်ရတာတွေ ရှိမယ်။ အဝတ်လျှော်၊ မီးပူတိုက်စရာရှိတာတွေ တိုက်၊ အိမ်သန့်ရှင်းရေးလုပ်၊ စာအုပ်စင်ဘာညာရှင်း၊ တခြား လူမှုရေးအရ တာဝန်ယူထားတဲ့ ကိစ္စမျိုးတွေ လိုက်လုပ်၊ ဥပမာ ရန်ကုန်က ဧည့်သည်တွေလာလို့ Sentosa လိုက်ပေးရတာမျိုးတို့၊ ရန်ကုန်က ပစ္စည်း Peninsula သွားယူတာတို့၊ ကိုယ်က Guarantor ဖြစ်လာမှာဆိုတော့ သူများကို ကူညီရတာမျိုးတွေ ရှိလာမယ်ကွာ.. မြို့ထဲခဏသွားရင်ကို ညနေစောင်းပြီ။ ပြန်လာလို့ ငါအခုနက ပြောတဲ့ အဝတ်လျှော်၊ မီးပူတိုက်လုပ်ရင် အချိန်က ဟိုလုပ်ဒီလုပ်နဲ့ ကုန်တာပါပဲကွာ… စနေနေ့ အလုပ်ရှိရင်တော့ ပိုဆိုးပေါ့… နားချင်တာနဲ့ လုပ်ရမယ့် ကိစ္စတွေနဲ့….

ကဲ တနင်္ဂနွေနေ့ကို ရောက်ပါပြီတဲ့။ ငါကိုယ်ပိုင်အချိန်လေး တကယ်လိုချင်ပါပြီကွာ။ ငါ အတ္တမကြီးဘူး ထင်တာပဲ။ တကယ်ပါ။ တစ်ယောက်ထဲ နားအေးပါးအေး ဆေးလိပ်လေး သောက်လို့၊ စာအုပ်လေး ဖတ်၊ ကိုယ်ချက်စားချင်တာလေး စား၊ ရုပ်ရှင်လေး ဘာလေး ကြည့်၊ အယ် ငါ့ကောင်မလေးနဲ့တော့ တွေ့ချင်သေးတယ်လေ။ အဲ့တော့ ညနေပိုင်း တဖျက်လေးတွေ့ (ဒါကလည်း သူကပူဆာရင်တော့ ညမိုုးချုပ်မှာပဲ။) စောစောတော့ ပြန်မှ ဖြစ်မယ်… တနင်္လာနေ့ ရုံးတက်ရဦးမယ်လေ။

အဲ့တော့ တစ်ပတ်မှာ ငါသူနဲ့တွေ့တဲ့အချိန်က ၅ နာရီလောက်ပေါ့ကွာ… တစ်လ နာရီ ၂၀ ဆိုမှတော့ ငါတို့ ချစ်သူဖြစ်ရတာလည်း သိပ်မကောင်းတော့ဘူး.. ကြာရင် စိတ်ကုန်လာကြတော့မယ်။ အဲ့တော့ ဘယ်လိုလုပ်မလဲ။ လွယ်ပါတယ်။ အတူတူနေလိုက်ကြပေါ့။ မျက်လုံးပြူးမသွားနဲ့ သူငယ်ချင်း။ ကိုယ့်ဟာကိုယ် ဖြူဖြူစင်စင် နေဖို့ပဲ လိုတယ်။ ဒါပေမယ့်လည်းကွာ…”

ဆိုပြီး သူလည်း စကားမစပ်တော့ပါဘူး။ တစ်ခုတော့ ရှိပါတယ်။ အဆိုတော်တွေ ဆေးစားသလိုပေါ့။ ဆိုရတာ ပိုကောင်းအောင်လို့ပါ။ မဟုတ်ရင် Mood သွင်း မရလို့ပါ။ လက်ခံတဲ့ လူကလည်း လက်ခံပါတယ်။ သဘောတရားချင်း တူသလိုပါပဲ။ လက်ညှိုး ငေါက်ငေါက်ထိုးပြီး ဒါတော့ လုံးဝ လက်မခံနိုင်ဘူးဆိုတာ ကိုတော့ တထစ် လျှော့ရတော့မယ် ထင်ပါတယ်။

ကျွန်တော် လူငယ်တစ်ယောက်မို့လို့ အားလုံးလက်ခံချင်အောင် ပြောနေတာ မဟုတ်ဘူး။ ကျွန်တော် ကိုယ်တိုင်လည်းပဲ အဲ့ဒီကိစ္စကို အားမပေးပါဘူး။ ဒါပေမယ့် ဝေဖန်တာမျိုးလည်း မလုပ်ပါဘူး။ တစ်ယောက်ယောက် ကများ တိုင်ပင်လာမယ် ဆိုရင် ကျွန်တော် “အားတော့ မပေးဘူး။ နားလည်ပေးလို့တော့ ရမယ်။” ဆိုတဲ့ အကြောင်းပဲ ပြောဖြစ်ပါလိမ့်မယ်။

စာဖတ်သူများအား လေးစားလျက်
mgthantzin

If everyone cared…

ဖြစ်စဉ် (၁)

၁၉၈၄ ခုနှစ်၊ Ireland နိုင်ငံသား အဆိုတော်၊ သီချင်းရေးဆရာ၊ ဇာတ်ဆောင်၊ နဲ့ နိုင်ငံရေး တက်ကြွသူ Bob Geldof ဟာ Ethiopia နိုင်ငံရဲ့ ငတ်မွတ် ခေါင်းပါးမှုဒဏ် ကို အပြင်းအထန် ခံစားနေရတဲ့ ကလေးငယ်တွေ အကြောင်း ရေးသားထားတဲ့ အစီရင်ခံစာ တစ်စောင်ကို ဖတ်မိပါတယ်။ အဲ့လို ဖတ်မိတယ် ဆိုရင်ပဲ… အရမ်းကို စိတ်ထိခိုက် ခံစားရပြီး သူ့ Phone Book ထဲမှာ ရှိတဲ့ သူ့ရဲ့ အပေါင်းအသင်း အဆိုတော်တွေ အားလုံးကို ဖုန်းဆက် ခေါ်ပြီးတော့ ဒီကလေးတွေအတွက် ဂီတကမ္ဘာက တစ်စုံတစ်ရာ လှုပ်ရှား ဆောင်ရွက်ကြဖို့ တိုက်တွန်းပါတော့တယ်။

အဆိုတော်ပေါင်း ၃၀ ကျော်ဟာ “Do They Know It’s Christmas?” ဆိုတဲ့ သီချင်းကို ပရဟိတအဖြစ် ဆိုပေးခဲ့ကြပါတယ်။ သီချင်းထွက်ပြီး တစ်ပတ်အတွင်းမှာပဲ UK ရဲ့ အရောင်းရဆုံး အဖြစ် Chart ရဲ့ နံပါတ် ၁ နေရာကို ရရှိခဲ့ပါတယ်။ အခွေ Copy ပေါင်း ၃ သန်းကျော်ရောင်းခဲ့ရပြီး ရောင်းအားအကောင်းဆုံး ခွေတစ်ခွေ အဖြစ် UK ရဲ့ ဂီတသမိုင်းမှာ ၁၃နှစ်ကျော်ကြာအောင် ရပ်တည်နိုင်ခဲ့ပါတယ်။ အလှူငွေ စတာလင်ပေါင် ၈ သန်း ရရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီငွေပမာဏဟာ မလုံလောက်ဘူးဆိုတာကို Bob Geldof သိလာခဲ့တယ်။ သူလေ့လာခဲ့ရသလောက် Africa နိုင်ငံတွေ ဆင်းရဲတွင်းက မလွတ်နိုင်တာဟာ… အနောက်တိုင်း ဘဏ်တွေက ချေးထားတဲ့ ငွေတွေကို ပြန်မဆပ်နိုင် ဖြစ်နေတာပါ။ ဒါနဲ့ပဲ Bob Geldof တစ်ယောက် နောက်နှစ် နွေဦးမှာ ကမ္ဘာ့အကြီးမားဆုံး တေးဂီတပွဲတော်ကြီးတစ်ခုဖြစ်တဲ့ “Live Aid” ကို ငတ်မွတ်မှု တိုက်ဖျက်ရေးအတွက် စီစဉ်ခဲ့ပြန်ပါတယ်။

ပွဲတော်ကို UK မှာရော US မှာပါ တပြိုင်တည်း တင်ဆက်ခဲ့တာပါ။ BBC ရုပ်သံလွှင့်ဌာနက သူ့ရဲ့ သတင်းတင်ဆက်မှုကို ၁၆ နာရီကြာအောင် ရပ်ဆိုင်းပေးခဲ့ပြီး ဒီတေးဂီတပွဲတော်ကို တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့ပါတယ်။ ဒီဂီတပွဲကြီးမှာ အနုပညာရှင် ၁၀ဝ ကျော် တက်ရောက် ဖျော်ဖြေခဲ့ကြြ့ပီး လူပေါင်း သန်း ၁၅၀ဝ ကြည့်ရှုအားပေးခဲ့ကြတယ်။ တစ်ရက်ထဲနဲ့ အလှူငွေ စတာလင်ပေါင် သန်း ၁၅၀ ရခဲ့တယ်။

ဖြစ်စဉ် (၂)

၁၉၇၆ခုနှစ်၊ မြောက်ပိုင်း Ireland က Receptionist တစ်ဦးဖြစ်တဲ့ ကလေးနှစ်ယောက်ရဲ့ မိခင် Betty Williams ဆိုတဲ့ အမျိုးသမီးဟာ မြောက်ပိုင်း Ireland ရဲ့ အထွေထွေ နိုင်ငံရေး မငြိမ်သက်မှုတွေကြောင့် ကလေးငယ် ၃ ယောက် သူမရှေ့မှာတင်… ဖိတ်စင်ခဲ့တာကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရသူပါ။

သူမဟာ Shock ဖြစ်ပြီး ဒါတွေကို ဟန့်တားမယ်ဆိုတဲ့ အသိစိတ်ဓာတ်နဲ့ ဒီလိုဖြစ်ရပ်တွေကို မလိုလားတဲ့ ဆန္ဒတူ ပြည်သူတွေရဲ့ လက်မှတ်တွေကို လိုက်ပြီး စုဆောင်းပါတော့တယ်။ ၂ ရက်အတွင်းမှာပဲ လက်မှတ်ပေါင်း ၆၀ဝ၀ ကျော် ရရှိခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ Ms Williams ဟာ လူတစ်သောင်းလောက်ကို ဦးဆောင်ပြီး ကလေးငယ်တွေရဲ့ အုတ်ဂူတွေဆီကို ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက် ပါတော့တယ်။ ဒါပေမယ့်… သူတို့ရဲ့ ငြိမ်းငြိမ်းချမ်းချမ်း လမ်းလျှောက်မှုကို မလိုလားတဲ့ သူတွေက သူတို့ကို ရှေ့ဆက်မတိုးနိုင်အောင် အတင်းအကြပ် ဖြိုခွင်းခဲ့ပါတယ်။

နောက်တစ်ပတ်ထဲမှာ Ms Williams ဟာ နောက်တကြိမ် လမ်းလျှောက်ချီတက် ဆန္ဒပြဖို့ ထပ်ပြီးဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ လူအင်အားဟာ ၃၅၀ဝ၀ အထိ ဖြစ်လာခဲ့ပါတော့တယ်။

ကလေးငယ်တွေရဲ့ ဘဝ လုံခြုံငြိမ်းချမ်းဖို့အတွက် Ms Williams ရဲ့ ဒီလို ရဲဝံ့တဲ့ ဆောင်ရွက်ချက်တွေကြောင့် ၁၉၇၆ ခုနှစ်မှာ ငြိမ်းချမ်းရေး Nobel ဆို ချီးမြှင့် ခံခဲ့ရပါတယ်။

ဖြစ်စဉ် (၃)

၁၉၆၁ ခုနှစ်၊ Portugal နိုင်ငံက ကျောင်းသားနှစ်ယောက်ဟာ “လွတ်မြောက်မှုဆီသို့” ဆိုပြီး သူတို့ရဲ့ ဖန်ခွက်တွေကို Toast လုပ်ကြပါတယ်။ အဲ့ဒီအပြုအမူအတွက် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံခဲ့ရပါတယ်။ (ဒီလိုဖြစ်ခဲ့တာဟာ Portugal အာဏာရှင် António de Oliveira Salazar ရဲ့ လက်ထက်မှာပါ။)

ဗြိတိသျှ နိုင်ငံသား ရှေ့နေ တစ်ယောက်ဖြစ်တဲ့ Peter Benenson ဟာ အဲ့ဒီသတင်းကို ကြားရတဲ့နောက် အရမ်းကို မခံမရပ်နိုင်ဖြစ်ပြီး မတရား ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို စာရေးသား ထောက်ခံပေးကြဖို့ ဗြိတိသျှ သတင်းစာ The Observer မှာ စာတစ်စောင် ရေးသား တိုက်တွန်းခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံတွေက လူပုဂ္ဂိုလ်ပေါင်း မြောက်မြားစွာဟာ စာရေးသားထောက်ခံ ခဲ့ကြပါတယ်။

စာရေးသားထောက်ခံကြသူတွေရဲ့ တုံ့ပြန်မှုဟာ ကြီးမားပြင်းထန်လွန်းလို့… ကော်မတီဖွဲ့ပြီး သပိတ်တစ်ခုလုံးကို ထိန်းသိမ်းခဲ့ကြရတယ်။ သိပ်မကြာလှတဲ့ အချိန်အတောအတွင်းမှာပဲ ဒီလှုပ်ရှားမှုဟာ ကမ္ဘာတစ်ခုလုံးကို ပျံ့နှံ့ခဲ့တယ်။ အဲ့ဒီလှုပ်ရှားမှုဟာ ဒီနေ့ဆိုရင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့(Amnesty International – AI) ဆိုတဲ့ နာမည်နဲ့ လူသိများလာပါတော့တယ်။

ဖြစ်စဉ် (၄)

၁၉၂၀ ပြည့်လွန်နှစ်ပိုင်း၊ လူမျိုးရေးခွဲခြားမှု (လူဖြူ၊လူမည်း) ကြီးမားလွန်းတဲ့ တောင်အာဖရိကနိုင်ငံရဲ့ Nelson Rolihlahla Mandela ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ… သူတို့နိုင်ငံမှာ သာတူညီမျှမှု (လောကပါလတရား) ထွန်းကားလာမဲ့ နေ့တစ်နေ့ကို အမြဲ စိတ်ကူးယဉ် မျှော်လင့်ခဲ့တယ်။

နှစ်ပေါင်းများစွာ အစိုးရကို တော်လှန်ခဲ့ပြီး… နောက်မှာ Nelson Mandela ဟာ နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်ဒဏ် တစ်သက် ချမှတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ သာတူညီမျှခြင်းဆိုတဲ့ မျှော်လင့်ချက် ရောင်ခြည်ကတော့ အရောင်ဖျော့ မသွားခဲ့ပါဘူး။

၂၇ နှစ်ကျော် အကျဉ်းကျခံရပြီး ၁၉၉၀ ပြည့်နှစ်မှာ Nelson Mandela ပြန်လွတ်လာခဲ့ပါတယ်။ ပြန်လွတ်လာပြီး နောက်ပိုင်းမှာ Democracy နည်းလမ်းကျ သမ္မတ ရွေးကောက်ပွဲ တစ်ခုကို ဦးဆောင် ခဲ့ပါတယ်။ ပြည်သူပေါင်း ၁၉ သန်းနီးပါး ရွေးကောက်ပွဲမှာ မဲထည့်ခဲ့ကြပါတယ်။

Nelson Mandela ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ လူမျိုးရေး ခွဲခြားမှုကို ၄၆ နှစ်ကြာအောင် တရားဝင် ကျူးလွန်ခဲ့တဲ့ အစိုးရတစ်ရပ်ရဲ့ နိဂုံးကို အပြီးသတ် ချုပ်ငြိမ်းပေးခဲ့ပါတော့တယ်။

စိတ်ရောကိုယ်ပါ တက်ကြွနေတဲ့ ဆုံးဖြတ်ချက်ခိုင်မာတဲ့ လူတစ်စုက ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တယ်ဆိုတာကို သံသယ မဖြစ်ပါနဲ့။

တကယ်တော့ အဲ့လို လူတွေကပဲ ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့ကြတာပါ။

– Margaret Mead – အမေရိကန်နိုင်ငံသူ ယဉ်ကျေးမှု မနုဿဗေဒ ပညာရှင်

*** ဒီပုဂ္ဂိုလ်တွေကို Wikipedia က လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သူများလို့… သုံးနှုန်းပါတယ်။

သူတို့တွေကို ဂုဏ်ပြုတဲ့အနေနဲ့ Nickelback ဆိုတဲ့ Canadian Rock Band တစ်ခုက If Everyone Cared ဆိုတဲ့ သီချင်းကို စပ်ဆိုခဲ့ပါတယ်။ ဒီသီချင်းလေးကို ကြည့်ပြီး ဒီ Post ကို ရေးဖို့ (မှီငြမ်းဘာသာပြန်ဖို့) စိတ်ကူးရခဲ့ပါတယ်။ ကြည့်ပြီးတဲ့ အချိန်မှာ ကိုယ်ကိုယ်တိုင်လည်း အရမ်း Inspired ဖြစ်လို့… ရေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

Link: If Everyone Cared on Youtube

ရည်းစားထားခြင်း

ကျွန်တော်နဲ့ တော်တော်ခင်တဲ့ အစ်မကြီးတစ်ယောက်ကို… မေးခွန်းတစ်ခု မေးဖြစ်ပါတယ်။ “ရည်းစားထားတာ ကောင်းလား၊ မကောင်းဘူးလား။” ဆိုတဲ့မေးခွန်းပါ။ သူဖြေသွားတာလေး ကောင်းပါတယ်။ ဖတ်ကြည့်ပါဦး။ (ဒီစာကို သူ့ခွင့်ပြုချက်နဲ့ ဘာသာပြန်ပါတယ်။)

အင်း… နင်မေးတဲ့ မေးခွန်းက အရမ်း General ကျလွန်းတော့ ငါလည်း General ကျကျပဲ ဖြေမယ်။ ရည်းစားထားတာကို ကောင်းတယ်၊ မကောင်းဘူး ပြောလို့မရဘူး။ ကောင်းတယ်ဆိုတာက တစ်ဖက်ကကြည့်ရင် အခြေအနေတစ်ခုကို အတူတူ တိုင်တိုင်ပင်ပင် ဖေးဖေးမမ ညှိနှိုင်းပြီး ရှင်းလို့ရတယ်။ ဥပမာဆိုရင်… ငွေရေးကြေးရေးနဲ့ပတ်သက်တဲ့ ကိစ္စမျိုးတွေမှာဆို နင်နဲ့ အရမ်းနီးကပ်နေတဲ့ သူငယ်ချင်းတွေကိုတောင် မတိုင်ပင်တာမျိုး နင်တိုင်ပင်လို့ ရတယ်။ နှစ်ကိုယ်တစ်စိတ် ဆိုတာမျိုးပေါ့ဟာ။ ဒါပေမယ့် သေသေချာချာ ပြန်စဉ်းစားကြည့်တော့ အရမ်းကြီး မကောင်းပြန်ဘူး။ ဘာလို့ဆို… နင်တို့ရဲ့ တစ်ကိုယ်ရေဘဝကို အပြန်အလှန် မျှဝေနေကြတာကိုး။

နောက်ပြီး အချိန်တော်တော်များများ၊ နင့်မှာ သူနဲ့ ပတ်သက်တဲ့အတွေးတွေ စိုးမိုးနေပြီး သူ့နဲ့ ချိန်းတွေ့ စကားတွေပြော… ပြီး အချိန်တွေ အများကြီး ပေးဆပ်ရမှာမို့… နင်ရဲ့ သူငယ်ချင်းတွေနဲ့တော့ နင် အချိန်သိပ်ဖြုန်းလို့ ရမှာမဟုတ်ဘူး။ အယ်.. တစ်ဖက်ကပြန်ပြောရင် ရည်းစားတစ်ယောက်ရှိရင်… ဘယ်တော့မှ အထီးကျန်တာမျိုး မခံစားရသလို… ဘက်ပဲ့နေတာမျိုးလည်း ရှိမှာမဟုတ်ဘူး။

နင်ဟာ သူ့ရဲ့ ယုံကြည်ရတဲ့သူ တစ်ယောက်ဖြစ်လာပြီး သူဟာလည်းပဲ နင့်ရဲ့ ယုံကြည်ရတဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာလိမ့်မယ်… နင်တို့ နှစ်ယောက်ရဲ့ သီးခြား ကမ္ဘာလေးပေါ့။ ငါပြောသလိုပါပဲ.. အကောင်းရော၊ အဆိုးရော ဒွန်တွဲနေတာပါ…

နင်သူ့ကို.. ယုံကြည်သလောက် နင့်ဘဝရဲ့ အစိတ်အပိုင်းတော်တော်များများကို နင်သူနဲ့ မျှဝေနိုင်တော့ ကောင်းတာပေါ့ဟယ်။ ဒါပေမယ့် ဘဝဆိုတာမျိုးက အမြဲတမ်း ဖဲမွေ့ယာ ရွှေကော်ဇောတော့ မဟုတ်ဘူးလေ။ နင့်ကို သူတစ်ခါတစ်လေ စိတ်ဆိုး၊ စိတ်ကောက်လိမ့်မယ်။ တစ်ခါတစ်လေကျတော့လည်း နင်တို့ ပြဿနာ အကြီးအကျယ် တက်ကြလိမ့်မယ်။ အဲ့ဒီအခါမှာ အဆိုးဝါးဆုံးက နင့်ဘဝရဲ့ တခြားထောင့်ချိုးတွေကိုပါ ရိုက်ခတ်သွားလိမ့်မယ်… ကျောင်းသားတစ်ယောက်အတွက် စာမှာ ထိခိုက်သွားနိုင်တယ်။

နင်ဘက်က တောင့်တမှုတွေ သိပ်များနေရင်တော့ မကောင်းဘူးနော်… နင်တို့ရဲ့ ရည်းစားသက်တမ်းမှာ… နင် အပြန်အလှန် ယုံကြည်မှုနဲ့ နားလည်မှုတွေ တည်ဆောက်ရမယ်။ နောက်ဆုံး ငါကိုယ်တိုင် ခံစားနားလည်လိုက်ရတာက… စချစ်သွားဖို့ လုံးဝမခက်ပေမယ့် ဆက်ချစ်သွားဖို့ကတော့ ခက်တယ်.. ငါ့မောင်။ အဲ့ဒီတော့… နင် ရည်းစားတစ်ယောက် ထားမယ်ဆိုရင်… နင့်ကိုနင် ပြန်မေး… နင် တကယ်ကို… ဒီနှောင်ကြိုးရဲ့ အဆုံးသတ်ဖြစ်တဲ့ အိမ်ထောင်ပြုခြင်းဆိုတဲ့ ပန်းတိုင်ကို သွားဖို့ တကယ် စိတ်ရောကိုယ်ပါ တာဝန်ယူချင်ရဲ့လားလို့ ကိုယ့်ကိုယ်ကို ပြန်မေးပါ။

နင်အနေနဲ့ ကြိုးစားကြည့်မယ်လို့ ပြောမယ်.. ဆိုရင်လည်း.. လက်ခံရမှာပါပဲ… အေးပေါ့လေ… စမ်းမှ မကြည့်ရင် နင်လည်း ဘယ်လိုမှ မသိနိုင်ဘူးကို… အချစ်က ဆန်းကြယ်ပါတယ်ဟာ.. တခြားဟာတွေနဲ့ကို မတူဘူး။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း အချစ်ကိုမြင်ပုံချင်း ကွဲပြားကြတယ်….

နင် နှလုံးသားနဲ့ ချစ်လို့ရတယ်… အေး.. ဒါပေမယ့် ဒီအချစ်ကို ရေရှည်ခိုင်မြဲအောင် လုပ်နိုင်ဖို့က နှလုံးသားနဲ့ တင်မရတော့ဘူး။ ဦးနှောက်ပါလိုတယ်… နှလုံးသားနောက် စိတ်ခံစားချက်နောက်ကိုပဲ လိုက်တာမျိုး မလုပ်ပါနဲ့။ ရင်ခုန်လာလို့… ချစ်တယ်လို့ ပြောချင်ရင်… ဦးနှောက်ကိုလည်း ဆုံးဖြတ်ခိုင်းပါ။

ငါယုံပါတယ်.. နင် သိလာပါလိမ့်မယ်… (ငါက စိတ်ခံစားချက်ကို လျစ်လျူရှုခိုင်းနေတာ မဟုတ်ဘူးနော်။ နှလုံးသားက ခံစားတိုင်း ဦးနှောက်ကိုလည်း ထိန်းသိမ်းခိုင်းတာ။)

ငါဖြေချင်တာတွေတော့ ဖြေထားတယ်။ မေးခွန်းနဲ့လွဲနေရင်တော့ Sorry ပါ။ နင်ဆန္ဒရှိရင် ငါနဲ့ ဆက်ဆွေးနွေးနိုင်ပါသေးတယ်

တဲ့။ အစ်မရေ… ကျေးဇူးတင်ပါတယ်။ အားလုံးပဲ ဖတ်ပြီး ဆင်ခြင်နိုင်ကြပါစေ။ (စကားမစပ်… ဒီအစ်မကြီးမှာလည်း နှောင်ကြိုးလေးတစ်မျှင် ရှိနေပါကြောင်း… :P)

လူတိုင်း စိတ်၏ ချမ်းသာ ရကြပါစေ။
mgthantzin

(ဒီစာကို အဲ့ဒီအစ်မပြောတဲ့ အတိုင်းပဲ… ဖတ်ရ အဆင်ပြေအောင် ဘာသာပြန်ပါတယ်။ သူက English လို ပြောသွားတာပါ။ မည်သူ တစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ပြောဆိုခြင်း မရှိပါ။)