နှလုံးရည်

EQ ကို မြန်မာလို သပ်သပ်ရပ်ရပ် ပြန်မယ်ဆိုရင် နှလုံးရည်လို့ ခေါ်ရမလားပဲ။ Daniel Goleman ဆိုတဲ့ စိတ်ပညာရှင်ကြီးကတော့ EQ ဆိုတာဟာ ထက်မြက်တဲ့ ခေါင်းဆောင်တွေမှာ ရှိသင့်တဲ့ ဝိသေသအစုအစည်းလို့ ဆိုပါတယ်။ ဘာတွေပါလဲဆိုတော့

မိမိကိုယ်ကိုဆန်းစစ်နိုင်ခြင်း

ကိုယ့်ရဲ့စိတ်ခံစားမှုနဲ့ စိတ်လှုပ်ရှားမှုတွေဟာ တခြားသူတွေကို ဘယ်လို အကျိုးသက်ရောက်နိုင်တယ် ဆိုတာ ကောင်းကောင်း နားလည်နိုင်စွမ်းရှိရပါမယ်။

မိမိကိုယ်ကိုထိန်းညှိခြင်း

ကိုယ့်ရဲ့ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်စွမ်းလည်း ရှိရမယ်။ (တစ်ခုခုကို မလုပ်ခင် အရင် စဉ်းစားရပါမယ်။)

စိတ်အားထက်သန်မှု ရှိခြင်း

ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို ကိုယ်စွမ်းဉာဏ်စွမ်းအပြည့် ဇွဲရှိရှိနဲ့ အောင်မြင်ပေါက်မြောက်အောင် စွမ်းဆောင်နိုင်ရမယ်။

ငဲ့ညှာတတ်ခြင်း

ဆုံးဖြတ်ချက်တစ်ခုချတဲ့ နေရာမှာ တခြားသူတွေရဲ့ စိတ်ခံစားမှုနဲ့ ကိုယ်ပိုင်အမြင်တွေကို အလေးအနက်ထား ထည့်သွင်းစဉ်းစားပေးရမယ်။

လူမှုရေးစွမ်းရည်

လူတိုင်းနဲ့ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး နေနိုင်ရမယ်။ တရည်တရွယ်ကို ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံနိုင်စွမ်းရှိရမယ်။ (ဒီလိုပြောလို့ မရိုးမသားတဲ့ သဘောသက်ရောက်နေပါလိမ့်မယ်။ ခင်ရင် ခင်တယ်ပေါ့။ တရည်တရွယ်ဆိုတော့…. ခေါင်းရှုပ်စရာပါပဲ။ ဒါပေမယ့် ဆိုလိုရင်းကိုက လူအများနဲ့ သင့်တင့်အောင် ပေါင်းတတ်ရမယ်လို့ ဆိုချင်တာပါ။)

ရင်ခုန်သံ (၃) မျိုး

ဆေးပညာအရ ရင်ခုန်သံ (၃) မျိုး ရှိတယ်လို့ မှတ်သားရဖူးပါတယ်။

Regular: ပုံမှန် နှလုံးခုန်သံပါ။ ဒုတ်ဒုတ်… ဒုတ်ဒုတ် ပေါ့။

Regularly Irregular: ပုံမှန်ခုန်နေတာ မဟုတ်ပေမယ့် စည်းချက်တော့ ကျနေပါတယ်။ ဥပမာ။ ။ ဒုတ်ဒုတ်ဒုတ်… ဒုတ်ဒုတ်ဒုတ် ဆိုတာမျိုး ဖြစ်ပါလိမ့်မယ်။

Irregularly Irregular: ပုံမှန်မဟုတ် စည်းချက် မကျနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ နှလုံးခုန်သံပါ။ ဥပမာ မပေးတော့ပါဘူး။

Irregularly Regular ဆိုတာတော့ မရှိဘူးလို့ မှတ်သားဖူးပါတယ်။

လူ နဲ့ ပြဿနာ

လူတွေ တစ်ယောက် နဲ့ တစ်ယောက် (တစ်ဖွဲ့ နဲ့ တစ်ဖွဲ့) အဆင်မပြေဖြစ်ပြီဆိုရင် အကြောင်းရင်း နှစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။

အချက်အလက်ပေါ်မှာ ကွဲလွဲခြင်း (Fact)

ဒါက ရှင်းပါတယ်… နေသည် အရှေ့အရပ်ကထွက်သည်ဆိုတာကို ငြင်းတာမျိုးပေါ့။ Jury အဖွဲ့က ဖြစ်စေ၊ တတ်ကျွမ်းသူတစ်ယောက်ကဖြစ်စေ၊ လူအများက ဖြစ်စေ ရှင်းပြရင် ကိစ္စပြတ်ပါတယ်။

ခံယူချက်ပေါ်မှာ ကွဲလွဲခြင်း (Perception)

ဒါကတော့ ပိုလည်းလေးနက်ပြီး ပိုလည်း အန္တရာယ်ကြီးတဲ့ အမျိုးအစားပါ။ အခြေအနေတစ်ခုကိုပဲ သုံးသပ်တဲ့ ရှုထောင့်ကွာတဲ့အခါမှာ ထိပ်တိုက်ရင်ဆိုင်ရတဲ့ အနေအထား။ ပိုအန္တရာယ်ကြီးတယ်ဆိုတာက ကိုယ်လက်ခံထားတဲ့ အမှန်တရား (perceived truth) ကို ပွန်းပဲ့မခံနိုင်တဲ့ လူတွေရဲ့ မာနကြောင့် ပြဿနာကို ပြေလည်ဖို့ အလှမ်းဝေးနေတတ်ပါတယ်။ ပြေလည်အောင် ယတိပြတ်ဆုံးဖြတ်ဖို့ ဘယ်ဘက်ကမှလည်း သက်သေအလုံအလောက် မပြနိုင်လို့ နှစ်ယောက်လုံး သဘောထားမပြည့်ဝနိုင်သရွေ့ အခြေအနေက ဆိုးသထက်ဆိုးရုံပဲ ရှိပါတော့မယ်။

V for Vendetta | ကလဲ့စား

V for Vendetta | ကလဲ့စား

In view, a humble vaudevillian veteran cast vicariously as both victim and villain by the vicissitudes of fate. This visage, no mere veneer of vanity is a vestige of the vox populi, now vacant, vanished. However, this valorous visitation of a bygone vexation stands vivified and has vowed to vanquish these venal and virulent vermin vanguarding vice and vouchsafing the violently vicious and voracious violation of volition. The only verdict is vengeance, a vendetta held as a votive not in vain, for the value and veracity of such shall one day vindicate the vigilant and the virtuous. Verily, this vichyssoise of verbiage veers most verbose.

– V for Vendetta

“ကံကြမ္မာရဲ့ စိတ်မချမ်းမြေ့ဖွယ် အလှည့်အပြောင်းတွေက ရိုးသားနှိမ့်ချနေတတ်တဲ့ ဝါရင့် ပြဇာတ်မင်းသားကြီးတစ်ယောက်ကို သားကောင်အနေနဲ့ရော မုဆိုးအနေနဲ့ပါ မျက်နှာလွှဲခဲပစ် ပုံသွင်းခဲ့လေရဲ့။ ငါ့ရဲ့ ဒီရုပ်သွင်ဟာ ငါ့အတွက်တော့ ဘာမှ ဝင့်ဝါစရာမရှိတဲ့ အပေါ်ယံလွှာတစ်ခု။ ဒါပေမယ့် အခုတော့ တိတ်ဆိတ်ခန်းခြောက်နေပြီ ဖြစ်တဲ့ လူတွေရဲ့ ရင်ထဲကအော်သံတွေရဲ့ နောက်ဆုံးအကြွင်းအကျန် တစ်ခုပေါ့။ ကာလရှည်ကြာ စိတ်ညစ်ညူးခဲ့ရမှုတွေအပြီး အခုလို သတ္တိရှိရှိ ပေါ်ထွက်လာမှုဟာ ပိုပြီး သက်ဝင်ပြင်းထန်လာလိမ့်မယ်။ ကိုယ့် စီရင်ပိုင်ခွင့်ကို အလွန်အမင်း ရက်ရက်စက်စက်၊ လောဘတကြီး ချိုးဖောက်နေကြတဲ့၊ ရာဇဝတ်မှုတွေ ကျူးလွန်နေကြတဲ့ ဒီ လူယုတ်မာတွေနဲ့ သောင်းကျန်းလွန်းတဲ့ ဒီကြွက်တွေကို အပြီးသတ်ခြေမှုန်းဖို့လည်း ငါ သစ္စာဆိုတယ်။ တစ်ခုတည်းသော စီရင်ချက်ကတော့ လက်တုန့်ပြန်မှုတစ်ခုပေါ့။ သစ္စာတရားရဲ့ တန်ဖိုးအတွက် အချည်းအနှီးမဖြစ်မယ့် ဒီ ကလဲ့စားဟာ တစ်နေ့မှာတော့ နိုးကြားဖျတ်လတ်သူတွေနဲ့ ဖြောင့်မှန်သူတွေအတွက်တော့ ကိုယ့်ရဲ့ လုပ်ရပ်တွေမှန်ကြောင်း သက်သေထွက်ဆိုပေးလိမ့်မယ်။ လေးလေးနက်နက်ပြောရရင်တော့ ငါအခုပြောတဲ့ နားလည်ရခက်တဲ့စကားတွေဟာ လိုတာထက်ပိုပြီး ရှုပ်ထွေးနေပါပြီ။”

စကားလုံးတချို့ရဲ့ အဓိပ္ပါယ်ကို ကျွန်တော်သုံးတဲ့ Dictionary မှာတောင် မတွေ့ဘူး။ Online မှာရှာရတယ်။ ပြီးတော့ ဆရာသမားက စာစကားလိုတွေ ပြောနေတော့ ဘာသာပြန်ရတာ အတော်ထောက်တယ်။

၄၅ မိနစ် အိပ်စက်ခြင်း

ကျွန်တော်တို့ဟာ အိပ်ပျော်သွားပြီး ၄၅ မိနစ်ကြာတဲ့ အချိန်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ အဆင့်ကို ရောက်ပါတယ်။ (Deep Sleep ပေါ့။) ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ သူ့ကိုသူ နည်းနည်း အနားပေးလိုက်တဲ့ သဘောမျိုးဖြစ်မယ် ထင်တယ်။

အဲ့ဒီအချိန် ကနေ နောက်ထပ် ၄၅ မိနစ် (အိပ်ပျော်တဲ့ အချိန်ကနေ မိနစ် ၉၀) မှာ ဦးနှောက်က ပြန်ပြီး အလုပ် ဖြေးဖြေး ပြန်စလုပ်လာပါတယ်။ အဲ့ဒီ Cycle နဲ့ ကျွန်တော်တို့ တညလုံး အိပ်ပါတယ်။ အဲ့ဒီတော့ နည်းနည်း တွက်ကြည့်လိုက်ရင် every ၁ နာရီခွဲ တိုင်းမှာ ကျွန်တော်တို့ အိပ်ရာကနေ သက်တောင့်သက်သာ ထ, နိုင်တယ်လို့ ဆိုရပါမယ်။ ၁ နာရီခွဲက scale စိတ်လွန်းတယ်။ ၃ နာရီ၊ ၆ နာရီ၊ ၇နာရီခွဲ၊ ၉ နာရီ???? စာဖတ်သူ သဘောပါ။

ဟုတ်ပါ့မလား မေးရင်တော့ ကျွန်တော်လည်း အာမမခံနိုင်ပါ။ ကြားဖူးတာ ပြန်ပြောပြတာလောက်ပဲရှိပါတယ်။ ၇ နာရီထရလေ့ ရှိတဲ့ ကျွန်တော် ည ၁ နာရီအိပ်ရင် သန်းခေါင် ၁၂ အိပ်တာထက် ထရတာ ပိုလွယ်တယ်။ ၁၂ အိပ်ရင် ၇ နာရီအိပ်ဖြစ်ထားလို့… နိုးရင် မလန်းဘူး။

စမ်းကြည့်ပေါ့။ မလွန်ပါဘူး။

မှတ်ချက်။ ဒီစာရဲ့ အချက်အလက်ပိုင်း မှန်ကန်မှုကို တာဝန်မယူပါ။

အစိမ်းရောင် Computer

၁။ လူသုံးကုန်တွေက ထွက်တဲ့ အမှိုက်ရဲ့ သုံးပုံတစ်ပုံဟာ ကုန်ပစ္စည်းထုတ်ပိုးမှုက ထွက်လာတာပါ။

၂။ အမေရိကန်တွေသာ Handphone အလုံးပေါင်း သန်း ၁၀ဝ လောက်ကို ပြန် Recycle လုပ်နိုင်မယ်ဆိုရင် အိမ်ခြေ ၁ သိန်း ၉ သောင်း ၄ ထောင်ကို တစ်နှစ် မီးပေးနိုင်ပါတယ်။

၃။ Computer တွေမှာလည်း ရွှေပါပါတယ်။ Computer ပစ္စည်း အပိုင်းအစလေး ၁.၁ တန်မှာ ပါတဲ့ ရွှေဟာ မသန့်စင်ရသေးတဲ့ ရွှေရိုင်း ၁၇ တန်မှာ ပါတဲ့ ရွှေထက် ပိုပါတယ်။

၄။ Windows XP ကို Sleep လုပ်ဖို့ ရေးတဲ့ Code မှာပါတဲ့ အမှားအယွင်းတွေကြောင့် XP ထွက်ကတည်းက အခုအချိန်အထိ တစ်နှစ်ကို လျှပ်စစ်မီတာခ ဒေါ်လာ သန်း ၅၀ဝ၀ နီးပါး… ပိုကျသင့်နေပါတယ်။

၅။ Plug ကို ဖြုတ်ပစ်လိုက်ပါ။ အမေရိကန်မှာ ခလုပ်ပိတ်ထားပြီး ကြိုးမဖြုတ်တာကြောင့် တစ်နှစ်ကို ဒေါ်လာသန်း ၃ ထောင် ဖိုးလောက်ရှိတဲ့ လျှပ်စစ်တွေ ပြုန်းတီးနေပါတယ်။

၆။ အရင်တုန်းက (ခပ်ထူထူ) CRT Monitor တွေဟာ အဖြူရောင်ကို ပြဖို့ စွမ်းအင် ပိုလိုတယ်။ LCD Screen တွေကတော့ ပြောင်းပြန်ပါ။

၇။ လူသုံးကုန် ပစ္စည်း ၁ ကီလိုလောက် ထုတ်ဖို့… ထုတ်လုပ်သူတွေဟာ ၅ ကီလို လောက်ရှိတဲ့ အမှိုက်တွေကို ဖန်တီးလေ့ရှိတယ်။

၈။ HDTV ဝယ်ဖို့ စဉ်းစားနေပါသလား။ Plasma TV တွေဟာ LCD TV တွေထက် စွမ်းအင် ပိုစွဲပါတယ်။ အပူစွမ်းအင်အနေနဲ့ ဖြုန်းတီးပစ်ခြင်း တမျိုးပါ။

၉။ လူအများ ယုံကြည်ထင်မှတ်ထားသလို… Screen Saver တွေဟာ လျှပ်စစ်စွမ်းအားကို ချွေတာပေးတယ် ဆိုတာ မဟုတ်ပါဘူး။

၁၀။ Desktop PC နဲ့ Monitor တစ်လုံး လုပ်ဖို့အတွက် ရုပ်ကြွင်းလောင်စာ ပေါင် ၅၃၀၊ ဓာတုဗေဒပစ္စည်း ၅၈ ပေါင်နဲ့ ရေ ၁ တန်ခွဲ လိုပါတယ်။

၁၁။ တချို့ LCD တွေဟာ Glass မသုံးပဲ Plastic သုံးပါတယ်။ Glass က Recycling လုပ်ရတာ ပိုလွယ်ပါတယ်။

၁၂။ အမေရိကန် လုပ်သားပြည်သူအပေါင်းသာ တစ်ပတ်မှာ တစ်ရက် အိမ်ကနေ အလုပ်လုပ်မယ်ဆိုရင်… တစ်နှစ်ကို လောင်စာဆီ ဂါလံသန်းပေါင်း ၅၈၅၀ ချွေတာနိုင်ပါလိမ့်မယ်။

၁၃။ CRT Monitor တွေမှာ အဆိပ်သင့်စေနိုင်တဲ့ ခဲ ၄ ပေါင်ကနေ ၈ ပေါင် ပါဝင်တယ်။ Flat-panels တွေမှာတော့ ခဲ အဲ့ဒီလောက်မပါပေမယ့်… ပြဒါးတွေ ပိုပါနေပါတယ်။

၁၄။ ကိုယ့်ရဲ့ Computer အဟောင်းကို လှူချင်တယ်ဆိုရင် Recylces.org က ပစ္စည်းအဟောင်းတွေ သုံးတဲ့ ပရဟိတ လူမှုအဖွဲ့အစည်း တွေကို တဆင့် လှူပေးပါတယ်။

၁၅။ Plastic ရေဗူးတစ်ဗူးကို Recycle လုပ်ရင် Computer တစ်လုံးကို ၂၅ မိနစ်သုံးလို့ ရမယ်။

၁၆။ ကွန်ပျူတာကို ညဖက် ပိတ်အိပ်ရင်… တစ်နှစ်ကို ဒေါ်လာ ၉၀ လောက် မီတာခ ချွေတာလို့ ရတယ်။ (အမေရိကန် နှုန်းထား)

Source: PC World, April 2008

Critical Thinking

သူငယ်ချင်း ဝေဖြိုးကျော် ကျွန်တော်တို့ကို ရှင်းပြတဲ့ Critical Thinking အကြောင်းပေါ့။…

တစ်နေ့… တောတွင်းတစ်နေရာမှာ သူငယ်ချင်းနှစ်ယောက်ဟာ Cheetah တစ်ကောင်နဲ့ ပက်ပင်းတိုးပါသတဲ့။ အဲ့ဒီမှာ နှစ်ယောက်ထဲက တစ်ယောက်ဟာ ပြေးဖို့ ဖိနပ်ကြိုးကို သေသေချာချာ ပြင်စည်းပါရော။

အဲ့ဒီတော့ နောက်တစ်ယောက်က… “ဟေ့ကောင် Cheetah ဆိုတာမျိုး အပြေး အင်မတန် မြန်တဲ့ သတ္တဝါမျိုး ဆိုတာ မင်းမကြားဖူးဘူးလား” လို့ မေးတယ်။ ဖိနပ်စီးနေတဲ့ ပုဂ္ဂိုလ် ပြန်ဖြေပုံလေးဟာ အင်မတန် အတွေးပွားစရာပါပဲ။

“ငါ ကျားသစ်လက်က လွတ်အောင် ပြေးဖို့ မလိုဘူး။ ငါ မင်းကို Outrun လုပ်နိုင်ရင် ရပြီလေ။” ဟူ၍…

(အားလုံးပဲ နှစ်သစ်မှာ ငြိမ်းချမ်းနိုင်ကြပါစေဗျာ။)

Conversation ကောင်းတစ်ခုမှာ ဘာတွေပြောကြလဲ။ [ဘာသာပြန်]

၁။ ဖြူစင်တဲ့ ချီးကျူးမှုလေးတွေ ပြုလုပ်ပေးပါ။ “ဟာ ဖိနပ်လေး လှလိုက်တာ..”၊ “ဟေ့ကောင်… မင်း Presentation လုပ်သွားတာ တော်တော်ကောင်းတယ်။”၊ “နင် ဂစ်တာတီးတာ ငါ ကြိုက်တယ်။”၊ စသဖြင့် သူတို့ရဲ့ အပြုအမူ (သို့) လုပ်ရပ် ပေါ်မှာ ချီးကျူးပါ။ သူတို့ ဘာ(ကောင်)လဲဆိုတာကို သွားမချီးကျူးပါနဲ့။ သူတို့ရဲ့ လုပ်ရပ်ကို ချီးကျူးပြီးတာနဲ့ သူတို့ အဲ့ဒီကိစ္စကို ဘယ်လိုစွမ်းဆောင်နိုင်ခဲ့ကြောင်း မေးမြန်းပြီး Conversation ကို ဆက်သယ်သွားပါ။ “ဖိနပ်လေး ဘယ်မှာ ဝယ်တာလဲ။”… ဒါမှမဟုတ်.. “နင့်ကို ဂစ်တာတီး ဘယ်သူသင်ပေးတာတုန်း” စသဖြင့် ဆက်မေးလို့ ရသွားပါပြီ။ အကယ်၍ သင်က တစ်စုံတစ်ယောက်ကို “နင့်မျက်လုံးလေးတွေ လှတယ်။” လို့ သွားပြောရင်တော့ သူက “ကျေးဇူးပါ” လို့ ပြောပြီး Conversation လည်း ရပ်သွားပါလိမ့်မယ်။ မလုပ်မိပါစေနဲ့။

၂။ မိသားစုအကြောင်း နဲ့ စပါ။ မောင်နှမအကြောင်းမေးတာက စိတ်အချရဆုံး အနေအထားပါ။ မိဘအကြောင်း မေးတာက မိဘနဲ့ပတ်သက်ပြီး အကြောင်းအမျိုးမျိုးနဲ့ စိတ်ညစ်စရာရှိတဲ့ သူတွေအတွက် နည်းနည်းလေး အထစ်အငေါ့ရှိသွားနိုင်ပါတယ်။ သားသမီးအကြောင်း မေးတာမျိုးကလည်း (ဒီနေ့ခေတ်မှာ) ဇနီးမောင်နှံကြားမှာ ရှိနေတဲ့ ပြဿနာကို အစပြန် ဆွဲထုတ်သလို ဖြစ်သွားနိုင်ပါတယ်။ မောင်နှမအကြောင်းကိုပဲ အဓိကထားမေးပါ။

မွေးချင်း ဘယ်နှယောက် ရှိလဲ။… နာမည် ဘယ်လိုတွေ ခေါ်ကြလဲ။… ခင်ဗျားတို့ တစ်ယောက်နဲ့ တစ်ယောက် ရုပ်ချင်း ဆင်ကြလား။… စရိုက်တွေကော တူကြလား။… ခင်ဗျားက ဘယ်သူနဲ့ အတည့်ဆုံးလဲ။…

၂၀ဝ၇ က တွေ့ရှိချက် တစ်ခုအကြောင်းလဲ ပြောနိုင်ပါသေးတယ်။ မွေးချင်းတွေထဲမှာ အကြီးဆုံးတွေက IQ အမြင့်ဆုံး ဖြစ်ပြီး အငယ်ဆုံးတွေက အားကစား၊ အနုပညာ စတဲ့ ဝန်းကျင်တွေမှာ ထက်ကြတယ်။ ကိုယ့်မှာလည်း မွေးချင်းများ ရှိမယ်ဆိုရင်… အဲ့ဒီ တွေ့ရှိချက်က ကိုယ့်အတွက်တော့ မမှန်ကြောင်း၊ နဲ့ သူအတွက် မှန်တယ်ထင်၊ မထင် မေးနိုင်ပါတယ်။

၃။ ခရီးအကြောင်း မေးပါ။ ဘယ်တွေ ရောက်ဖူးလဲ မေးပါ။ အပြင်သိပ်မထွက်တတ်တဲ့ လူတွေကိုတောင် သွားမယ်ဆိုရင် ဘယ်သွားချင်တဲ့ ဆန္ဒရှိလဲ မေးနိုင်ပါတယ်။

– နိုင်ငံတစ်နိုင်ငံကို အပြီးအပိုင် ပြောင်းရမယ်ဆိုရင် ဘယ်နိုင်ငံမှာ နေချင်လဲ။
– ရောက်ခဲ့ဖူးတဲ့ မြို့တွေထဲမှာ ဘယ်မြို့ကို အကြိုက်ဆုံးလဲ။
– ပြီးခဲ့တဲ့ နွေရာသီ ဘယ်ရောက်ဖြစ်လဲ။ ကြိုက်ရဲ့လား။
– ထွက်ခဲ့သမျှခရီးတွေထဲမှာ ဘယ်ခရီးကို မကြိုက်ဆုံးလဲ။

၄။ အစားအသောက်အကြောင်း ပြောပါ။

– သေခါနီး နောက်ဆုံး ထမင်းတစ်နပ်စားရမယ်ဆိုရင် ဘယ်လို အစားအသောက်မျိုး စားချင်လဲ။ (သတိထားပါ။ ဒီမေးခွန်းက တချို့တွေအတွက် Shock ရှိတယ်။)
– Breakfast မှာ ဘာစားရတာ အကြိုက်ဆုံးလဲ။
– ဘယ်ဆိုင် အကြိုက်ဆုံးလဲ။
– ကိုယ်ချက်တတ်တဲ့ အကောင်းဆုံး ဟင်းတစ်ခွက်က ဘာဟင်းဖြစ်မလဲ။
– ဘယ်စားသောက်ဆိုင်ကို အညံ့ဆုံးဆိုင်အဖြစ် သတ်မှတ်ခဲ့ဖူးသလဲ။

၅။ အလုပ်အကြောင်း ပြောပါ။ ခပ်တိုတိုနဲ့ ပြောစရာရှိတာလောက်ပဲ ပြောပါ။ ဒါမှမဟုတ်ရင် ဘယ်သူ့အလုပ်ရှင်က ပိုဆိုးသလဲ ငြင်းနေတာနဲ့တင် Conversation က မချောတော့ပါဘူး။

– ပထမဆုံးအလုပ်က ဘယ်လို အလုပ်မျိုးလဲ။
– ကိုယ့်အပေါ် အကောင်းဆုံး အလုပ်ရှင်က ဘယ်သူလဲ။
– ငယ်ငယ်တုန်းက ဘာဖြစ်ချင်ခဲ့တာလဲ။

၆။ ဝါသနာနဲ့ စိတ်ဝင်စားမှုတွေ အကြောင်း မေးပါ။ (ဒီ Topic တွေက နည်းနည်း ကိုယ်ရေးကိုယ်တာနဲ့ ဆိုင်လာပြီဆိုတာကို သတိပြုပါ။) သင့်တော်တဲ့ မေးခွန်းပုံစံမျိုးနဲ့ အပြုသဘောဆောင်တဲ့ မေးခွန်းလေးတွေ မေးပါ။

– အားတဲ့ အချိန် ဘာလုပ်တတ်လေ့ရှိလဲ။
– ဘယ်လို ဂီတကို ကြိုက်တတ်သလဲ။
– ရုပ်ရှင်ဆို ဘယ်လိုကားမျိုး ကြိုက်တတ်သလဲ။

၇။ အောက်မှာ စာရင်းချထားတဲ့ ခေါင်းစဉ်တွေကိုတော့ ရှောင်ပါ။

– အတိတ်က သံယောဇဉ်တွေအကြောင်း
– တစ်လုံးထဲနဲ့ အဖြေပေးလို့ရတဲ့ မေးခွန်းမျိုးတွေ
– နိုင်ငံရေး
– ဘာသာရေး
– မကျန်းမာမှု
– အနံ့ဆိုး
– အလုပ်ထဲက ဒုက္ခတွေ

၈။ ထပ်ပြီး ရှောင်ရမယ့် ကိစ္စတွေ

– ကြွားဝါခြင်း
– အပျက်သဘောဆောင်တဲ့ Judgement
– အကြံဉာဏ်ပေးခြင်း

Conversation မှာ အောင်မြင်နိုင်ကြပါစေ…