လူတွေသင့်ကြောင့် ပျင်းနေပြီလား။

လူအများစုလိုပဲ၊ ကျနော်တို့ဟာ (ကိုယ်ပဲ စိတ်ဝင်စားတဲ့) အကြောင်းအရာ အသေးအဖွဲ လေးတွေကို တခြားလူတွေနဲ့ ပြောချင်ကြတဲ့ သဘာဝရှိပါတယ်။ ဒါပေမယ့် လူတိုင်းက စိတ်ဝင်စားတာ မဟုတ်တော့ ကိုယ်ပြောတဲ့ အကြောင်းအရာကို ခဏကြာရင် ငြီးငွေ့လာမှာပဲ။ လှည့်မထွက်သွားရုံ၊ ပြောနေတဲ့ အကြောင်းအရာကို အတင်းပြောင်းဖို့ မကြိုးစားရုံနဲ့ ကိုယ်ပြောနေတဲ့ အကြောင်းအရာကို စိတ်ဝင်စားနေတယ်လို့ ယူဆဖို့ မဖြစ်နိုင်ပါဘူး။ လူမှုဆက်ဆံရေး ကျွမ်းကျင်တဲ့ လူတစ်ချို့ဆို သူတို့ ပျင်းလာ၊ ငြီးငွေ့လာတာကို ဖုံးကွယ်ထားနိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် ဒါဟာ ကိုယ့်ဘက်က ဆင်ခြင်သင့်တဲ့ ကိစ္စပါ။

လူတစ်ယောက် ကိုယ့်ကြောင့် ပျင်းနေပီဆိုတာကို သတိထားမိနိုင်တဲ့ အချက်လေးတစ်ချို့တော့ ရှိပါတယ်။ အဲ့တာလေးတွေကို သိထား၊ နားလည်ထားမယ်ဆိုရင် ကိုယ်ဘယ်အချိန် စကားပြောရပ်ရမလဲ သိနိုင်ပြီပေါ့။

၁။ ခွန်းထောက် စကားလုံး တစ်ခုပဲကို ထပ်ခါတလဲလဲ သုံးလာရင် – တချိန်လုံး “သြော်” “သြော်” နဲ့ လိုက်ထောက်ပေးနေတဲ့ အခါမျိုးပေါ့။

၂။ အင်မတန် ရိုးတဲ့ မေးခွန်းတွေ မေးလာရင် – “အဲ့တာ ဘယ်တုန်းက ဖြစ်တာလဲ” တို့… “မင်းဘယ်သွားတာလဲ” တို့လို အပေါ်ယံမေးခွန်းတွေ မေးလာရင်ပေါ့။ တကယ်စိတ်ဝင်စားရင် ပိုပြီးလေးနက်တဲ့ တိတိကျကျနိုင်တဲ့ မေးခွန်းတွေ မေးတတ်ကြတယ်။

၃။ စကားဖြတ်ပြောလာရင် – စကားဖြတ်ပြောတာက နှစ်မျိုး ရှိပါတယ်။ တစ်ခုက စိတ်ဝင်စားလွန်းလို့ ရုတ်တရက် ကောက်မေးမိတာ။ ဒုတိယတစ်ခုကတော့ စိတ်မဝင်စားလို့ မင်းဘာပြောပြောကွာ… ဆိုတဲ့ အနေနဲ့ မေးတာ။

၄။ စိတ်ဝင်စားလို့ အသေးစိတ်မေးခွန်းတွေ မေးလာရင် – ကျတော့ ဒါဟာ စိတ်ဝင်စားမှုကို ပြတာ။ “အဲ့တာ ဘက်ရက်ပိုင်းလောက်က ဖြစ်သွားတာလဲ” ဆိုတာမျိုး၊ “ခင်ဗျားလုပ်လို့ အဆင်ပြေတယ်ဆို ကျနော့ကိုလည်း ပြန်ပြောပါဦး” ဆိုတာမျိုးက ကိုယ်ပြောတဲ့ စကားကို သေသေချာချာ လိုက်နားထောင်နေတုန်း ပဲ ဆိုတဲ့ သက်သေ။

၅။ လူနှစ်ယောက်ကြား ဘယ်လိုမှ မမျှတတဲ့ စကားပြောချိန် – လူတော်တော်များများက ကိုယ်ကချည်း ၈၀ ရာနှုန်းလောက် ပြောဖို့ ကြိုးစားကြတယ်။ ဘယ်လိုစကားဝိုင်းမှာ မဆို နားထောင်နေတဲ့လူမှာလဲ ဆွေးနွေးနေတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ပြောစရာ အကြောင်းကိစ္စတွေ ရှိနေတယ်ဆိုတာ အမြဲလိုမှန်တဲ့ အချက်အလက်တစ်ခု ပါ။ သူတို့ရဲ့ ကိုယ်ပိုင် အမြင်၊ သတင်းအချက်အလက်၊ နဲ့ အတွေ့အကြုံ တွေကို စကားဝိုင်းထဲကို ဖြည့်စွက်ချင်ပါတယ်။ အဲ့လိုမှ ဝင်မပြောရရင်၊ သူတို့ စကားဝိုင်းကို မြန်မြန် လက်စသပ်စေချင်ကြလိမ့်မယ်။

၆။ ခန္ဓာကိုယ်အနေအထားအရ – ပြောမယ့်လူက နားထောင်မယ့် လူနဲ့ မျက်နှာချင်းဆိုင် ထိုင်တာဟာ စိတ်ဝင်စားမှုကို ပြတာပဲ။ (ခင်နေရင်တော့ အဆင်ပြေသလို ထိုင်တတ်ကြပါတယ်။ အဲ့တာကတော့ ပြဿနာမရှိပါဘူး။) ဒါပေမယ့် တစ်ဖက်လူက အရေးကြီးကိစ္စ ပြောနေရင်တော့ စာငုံ့ဖတ်နေတာမျိုး၊ အဝေးကိုငေးနေတာမျိုး၊ ဖုန်းသုံးတာမျိုး သိပ်မလုပ်အပ်ပါဘူး။

၇။ မှီနေလား – လူတစ်ယောက်က ပျင်းလာရင် နည်းနည်းလေး ကိုယ်ကို နောက်မှီတတ်ကြတယ်။ (အဓိကကတော့ အစည်းအဝေးတွေမှာပေါ့။ အပြင်မှာ သူငယ်ချင်းတွေနဲ့ တွေ့ရင်တော့ ဒါကို တထပ်တည်း အဓိပ္ပာယ်ကောက်လို့ မရနိုင်ပါဘူး။)

စကားအရာမှာ အောင်မြင်နိုင်ကြပါစေ။

စိတ်ကောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်

– ကတိကဝတ်သည် ချစ်ခြင်းမေတ္တာ၏ ငယ်သူငယ်ချင်း ဖြစ်၏။
– နှလုံးသားကပြောသော ဘာသာစကားအတွက် သတ်ပုံနှင့် သဒ္ဒါကျမ်းများကို ကိုးကားပြုစုသူသည် မိုက်မဲသူဖြစ်၏။
– အချစ်ဆိုတာ သက်တန့်လိုပဲလေ။ ကိုယ့်ဖက်က တစ်ခြမ်းတည်းနဲ့လည်း ပြီးပြည့်စုံတာပဲ။
– အောက်စီဂျင်သည် ဟိုက်ဒရိုဂျင်နှင့် ပေါင်းလျှင် ရေဖြစ်၏။ သို့သော် အောက်စီဂျင်တွေက လွမ်းဆွတ်သတိရခြင်းနှင့် ပေါင်းလိုက်သည့်အခါ မျက်ရည်တွေဖြစ်သွားကြသည်။

သူ့မှာတမ်း

သူတို့အဆုတ်၊ ထားခဲ့မြှုပ်သည့်
ဗုံးငုတ်တိုက်မှား၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ၊ မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း။

အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများမှာခဲ့လိုသနည်း။

ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်းပြောပါလေ။

အမောင်ပြောက်ကျား၊ မိဘအားကို
ဘာများမှာခဲ့လိုသနည်း။

မွေးသည့် မိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်းပြောပါလေ။

အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများမှာခဲ့လိုသနည်း။

ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ။

ယမ်းငွေ့အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊ အနောက်ကုန်းတွင်
နေလုံးကွယ်လေပြီတကား။

မင်းသုဝဏ်

(မင်းလူ၏ ရင်ခုန်သူများ မှ)

ရင်ခုန်သူများ

ခင်စောနွယ်ကို စိတ်ဝင်စား နေမိသလားဟု သူ့ကိုယ်သူ မယုံသင်္ကာစိတ်ဖြင့် ဆန်းစစ်ကြည့်သည်။ ခင်စောနွယ်က သိပ်လှသည်လည်း မဟုတ်။ ကိုယ်လုံးလေး ကျစ်ကျစ်လျစ်လျစ် ရှိတာကလွဲလျှင် သာမန် သူလိုငါလိုသာ ဖြစ်၏။ စာတော်ခြင်း၊ ထက်မြက်ခြင်းတို့ကို သဘောကျမိတာလား၊ အချစ်ဆိုတာ ရင်ခုန်ခြင်းက စသည်ဟု ကြားဖူးသည်။ ခင်စောနွယ်နှင့် တွေ့သည့်အခါ ရင်ခုန်ခဲ့မိဖူးသလား၊ အမှတ်တမဲ့မို့ သတိမထားမိချေ။ နောက်လိုက် ပြောင်လိုက်သာ နေခဲ့သည်။ တစ်ခု ကျိန်းသေတာက ခင်စောနွယ်နှင့် စကားပြောလျှင် ပျော်သည်။ သူနှင့် တွေ့ချင်သည့်စိတ် မကြာခဏ ဖြစ်ပေါ်သည်။

အကြင်သူတစ်ယောက်ကို မကြာခဏတွေ့ချင်ပြီး ထိုသူနှင့် တွေ့ဆုံစကားပြောရသည့်အခါ ပျှော်ရွှင်ခြင်းကို အချစ်ခေါ်သလား။ ဒါဆို သောင်းမော်ကိုလည်း ခဏခဏတွေ့ချင်ပြီး ဒီကောင်နှင့် စကားပြောရတာ ပျော်ခြင်းကို ဘယ်လိုလုပ်မလဲ။ သူငယ်ချင်း၊ ခင်စောနွယ်ကို သူငယ်ချင်းလို ချစ်တာပဲ ဖြစ်မှာပါဟု ဆုံးဖြတ်လိုက်သည်။

– မင်းလူ ရေးသည့် ရင်ခုန်သူများ မှ

ဆုတောင်း

မျိုးချစ်သော
ထက်မြက်သော
ပညာဉာဏ်ကြီးမားသော
အမြင်ကျယ်ပြန့်သော
လေးစားအားကျဖွယ်ကောင်းသော
စိတ်သဘောထားကြီးသော
စာနာတတ်သော
ဖြူစင်ပွင့်လင်းသော
ကူညီရိုင်းပင်းတတ်သော
စည်းစနစ်ကြီးသော
နားလည်မှုကြီးသော
စုရုံးလုပ်ဆောင်တတ်သော
ညီညွတ်သော
အပြန်အလှန်လေးစားတတ်သော
အထက်တန်းကျသော

လူ့ဘောင်အဖွဲ့အစည်းကြီးတစ်ရပ် ကို

ကြွယ်ဝမည်ဖြစ်သော
ဖွံ့ဖြိုးမည်ဖြစ်သော
ထွန်းကားမည်ဖြစ်သော
ဂုဏ်သိက္ခာကြီးမည်ဖြစ်သော
လောကပါလနှင့်ပြည့်စုံမည်ဖြစ်သော

မြန်မာနိုင်ငံအတွက် နှစ်သစ်လက်ဆောင် အဖြစ် အလေးအနက် ဆုတောင်းမိ၏။

မိုးရေစက် နဲ့ ပန်းစံပယ်

မိုးရေစက်လေးက စံပယ်ဖူးလေးကို တိုးတိုးလေး ပြောတယ်။ “ငါ့ကို နင့်ရဲ့ ရင်ခွင်မှာ အမြဲတမ်း ထွေးပွေ့စောင့်ရှောက်ထားပါလား” တဲ့။

စံပယ်ဖူးလေးခမျာ “အို… အမေ့” လို့ တစ်ချက် ညည်းပြီး မြေပေါ် ကြွေကျသွားပါလေရော…

ရာဗင်ဒြာနတ် တဂိုး

သုည (၆)

စောင့်ရှောက်ခြင်းဟာ ချစ်ခြင်းရဲ့ အမြင့်မားဆုံး ပုံသဏ္ဍာန်။ ဒါပေမယ့် မတူတာတော့ရှိတယ်။ ချစ်တာက ကိုယ့်ရဲ့ အကျိုးစီးပွားအတွက် ရယူလိုမှုပါတယ်။ စောင့်ရှောက်တာကတော့ လုံးဝစွန့်လွှတ်မှု သက်သက်ပဲ။ ကိုယ့်ရဲ့ ပိုင်ဆိုင်လိုစိတ်ကို မျိုသိပ်နိုင်ရမယ်။

သုည (၅)

လေတိုက်ရင် ယိမ်းပြဖို့အတွက်
မြက်ပင်တွေ ပေါက်နေကြတာ မဟုတ်ဘူး။
….
ကိုယ့်ရူးသွပ်မှုနဲ့ ကိုယ်စိမ်းလန်း
ငါ့အပေါ်
ဘယ်သူမှ လမ်းဖြတ်မလျှောက်ရင် တော်ပြီ။

သုည (၄)

– အရိပ် ဆိုသည်မှာ အလင်းမဲ့သော အလင်းတမျိုးသာ ဖြစ်သည်။

– မသိမ်းပိုက်သောသူဟာ အရာရာကို အောင်နိုင်တယ်။

– မိန်းမတစ်ယောက်၏ မျက်ဝန်းသည် အေးမြသော မီးတောက်မီးလျှံတစ်ခု ဖြစ်သည်။

– တစ်စုံတစ်ခုကို ရယူပိုင်ဆိုင်သည် ဖြစ်စေ၊ တစ်စုံတစ်ခုကို စွန့်လွှတ်ဆုံးရှုံးသည် ဖြစ်စေ… တကယ်တော့ အရာရာသည် ဘာမှ မဟုတ်ကြပါ။ ဝမ်းသာစရာရှိလျှင် ဝမ်းသာပြီး စိတ်ဆိုးစရာရှိလျှင် စိတ်ဆိုး၍ ဝမ်းနည်းစရာရှိလျှင် ဝမ်းနည်းလိုက်ရုံသာ ဖြစ်သည်။ ဘာကိုမှ သယ်ဆောင်ဖို့ မလိုပါ။