ရီလေတီဗီတီ သီအိုရီ

ယောကျာ်းကလေးများအဖို့
တစ်ထွာသောဆံပင်သည်
အရှည်ကြီး ဖြစ်၏ ။
မိန်းကလေးများအဖို့
တစ်ထွာသောဆံပင်သည်
တိုတိုကလေးဖြစ်၏ ။

ဘတ်စ်ကားပေါ်မှ လူအဖို့
အင်းစိန်နှင့်ရန်ကုန်ခရီးသည်
အဝေးကြီးဖြစ်၏ ။
ကိုယ်ပိုင်ကားပေါ်မှ လူအဖို့
အင်းစိန်နှင့်ရန်ကုန်ခရီးသည်
နီးနီးလေးဖြစ်၏ ။

တောင်အောက်မှ လူအဖို့
ထိုလမ်းသည်
အတက်ဖြစ်၏ ။
တောင်ပေါ်မှ လူအဖို့
ထိုလမ်းသည်
အဆင်းဖြစ်၏ ။

ညအဖို့
၁၂ နာရီသည် သန်းခေါင်ယံဖြစ်၏ ။
နေ့အဖို့
၁၂ နာရီသည် မွန်းတည့်ဖြစ်၏ ။

လူကြီးများအဖို့
အချစ်သည် အတိတ်ဖြစ်၏ ။
လူငယ်များအဖို့
အချစ်သည် အနာဂတ်ဖြစ်၏ ။ ။

ရီလေတီဗီတီ သီအိုရီ – မင်းလူ (“ဦးမင်းလူကောင်းမှု” ကဗျာစာအုပ်မှ)

ဘာမှ မဟုတ်ဘူး

မင်းအတွက်တော့ ငါဟာ…
… ဘာမှ မဟုတ်ပါဘူး။

ဒါပေမယ့် အဲ့ဒီ “ဘာမှ မဟုတ်ဘူး” ကိုပဲ
ငါ သေသေချာချာ သိမ်းဆည်းထားတယ်
မင်းကို သတိရတဲ့အခါ
မကြာ… မကြာ… ထုတ်… ထုတ်ကြည့်ချင်လို့။

ဂျစ်ပစီ − မင်းခိုက်စိုးစန်

လက်နဲ့မရေး

လက်နဲ့မရေး
အသက်နဲ့ရေးသတဲ့ …..
ဆေးနဲ့မခြယ် …
သွေးနဲ့ခြယ်သတဲ့ …..
ဘယ်တော့ဖြစ်ဖြစ်
ထာဝရသစ်လွင်
အချစ်မြင်လား
ပန်းချီကား
နှလုံးသားရဲ့နံရံမှာ …..

မောင်စိန်ဝင်း (ပုတီးကုန်း)

ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ

သူတို့စောင့်ရှောက်သော်ငြား
ကိုယ်ငရဲ ရောက်နိုင်သား
ကြယ်တွေကို မော့ကြည့်ကာပင်
ကိ်ုယ်တရေးရေးသိမြင်။

မြေပေါ်မှာဖြင့်
အနည်းဆုံးတော့ လစ်လျူရှုသင့်
လူ သို့မဟုတ် တိရစ္ဆာန်ကို
ကိုယ်တို့ ကြောက်ရမယ်ထင့်။

ကြယ်ဆိုတာက ကိုယ်တို့အတွက် လောင်ကျွမ်းနေရ။
ကိုယ်တို့က ဘာမှ ပြန်မပေးနိုင်ဘူးဆိုပါရင်
ဒါမျိုးဟာ ကောင်းရဲ့လား။

ချစ်ခြင်းမတူနိုင်သော်မှဖြင့်
ပိုချစ်ရတဲ့သူ ကိုယ်ဖြစ်ပါရစေ။

အပြစ်မတင်တတ်တဲ့ ကြယ်တွေကို
ချီးကျူးငေးမောသူ ကိုယ်ဟာ
ကြယ်တစ်စင်းကို
တစ်နေ့လုံးလွမ်းနေတယ်လို့ မပြောသာပါဘူး။

ကြယ်တွေ အားလုံးပျောက်သွားခဲ့ရင်
ဒါမှမဟုတ် သေဆုံးသွားခဲ့ရင်
ကိုယ်က ဗလာကောင်းကင်ကို မော့ကြည့်ရင်း
ပိန်းပိတ်တဲ့ အမှောင်ရဲ့ခမ်းနားမှုကို
ခံစားယူရတော့မယ်။
အချိန်တော့ နည်းနည်းယူရမှာပေါ့

ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ

ဂျူး

ကြယ်

ကြယ်ပွင့်တွေဆီ
ကြယ်ရည်တွေလူးလို့
ကြယ်အငုံ ကြယ်အဖူးနဲ့
ကြယ်ပွင့်တွေပဲ ခူးချင်တယ်။

(ကြည်အေး)

နှစ်ပေါင်း ၂၀

နှစ် ၂၀ ဟာ
ဆိုနေကျ သီချင်းလေးတွေ
ဂန္တဝင် စာရင်းသွင်းခံရဖို့
လုံလောက်တဲ့ ကာလတစ်ခု ဆိုပါတော့…
အဲ့ဒီတုန်းက
ဒီမြို့လေးကို
သူငယ်ချင်းတစ်သိုက် အလှဆင်ဖို့ ကြံစည်ဖူးတယ်
ကြီးကြီးကျယ်ကျယ် ပေါ့။

သူတို့မြို့ကလေး
ရေစီးရေလာ ပိုကောင်းအောင်
လေကောင်းလေသန့် ပိုရအောင်
ပန်းကလေးတွေ ပိုပွင့်အောင်
ပိုလှလာအောင် တဲ့..

ဒီတော့
သူ့တို့ထက် နှစ် ၂၀ စောတဲ့
ဒီမြို့သားကြီး တစ်ဦးက ရယ်တယ်။
မင်းတို့ ဘာပြောပြော
မြို့ဟာ
မြို့သူမြို့သားတွေနဲ့ ထိုက်တဲ့ တန်တဲ့ အတိုင်းပဲ နေမှာ…
ရယ်ပြီး ပြောတယ်။ ပြောပြီး ငိုတယ်။
ပြီးတော့ ထွက်သွားတယ်…

သူတို့တွေ စိတ်ဆိုး ကျန်ခဲ့ရတယ်။
တချို့တွေက အိမ်ထောင်ရက်သားကျ
သားသမီးလူမှုဒုက္ခ အထွေထွေမှာ နစ်မွန်းရ
တချို့ကျ မူးယစ်ဆေးဝါးနဲ့ နွံနစ်ကြ
ဒီလိုနဲ့ပဲ နှစ် ၂၀ ကြာသွား
ဆိုနေကြ သီချင်းလေးတွေ
ဟောင်းသွားပြန်ပေါ့

ခုခေတ်ကလေးတွေက ကိုယ်တို့ သီချင်းတွေ နားမထောင်နိုင်
သူတို့ဆိုတဲ့ သီချင်းတွေကျ ကိုယ်တို့က နားမခံနိုင်
ဒါပေမယ့်
ဟစ်ဟော့နဲ့ ရက်ပ်သီချင်းတွေကို တွင်တွင်ဆိုရင်း
သူတို့ သီချင်းဟောင်းလေးတွေထဲက စာသားလေးတွေ
ကြားညှပ်ကြားညှပ်ဆိုကြပြန်
ကြားရတော့ လွမ်းရ၊ ဆွေးရ၊ မကျေမနပ်၊ မချင့်မရဲ ဖြစ်ရ
တချိန်ထဲမှာ ကြည်နူးရ၊ ပြန်ပြောင်းအောက်မေ့ စမြုံ့ပြန်ရ
အဲ့လူငယ်လေးတွေက မြို့ကလေး မလှလို့တဲ့
မြို့ကလေး လှဖို့ ပြောကြတယ်။
ဒီတော့လည်း ရယ်မိကြပြန်ပေါ့… မျက်ရည်တွေနဲ့။

နှစ် ၂၀ လုံးလုံး ကြုံတွေ့ဖြတ်သန်းခဲ့ရတာတွေကိုတော့ ဘာမှ ဇာချဲ့ပြီး ပြောမနေချင်တော့ပါဘူး သူငယ်ချင်းရာ…။

ဇော်ရဲဝင်း
(လွမ်းစိမ့် ရုပ်ရှင်ဇာတ်ကား မှ)

Center of Excellence များအား ကြိုဆိုခြင်း

ရန်ကုန် နည်းပညာ တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးညီလှငယ် က လွန်ခဲ့တဲ့ နှစ်ပတ်က ရန်ကုန်နည်းပညာတက္ကသိုလ် နဲ့ မန္တလေးနည်းပညာတက္ကသိုလ်ကို Center of Excellence (COE) အဖြစ် အဆင့်မြှင့် ပြင်ဆင်ဖွင့်လှစ်မယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားသွားခဲ့ပါတယ်။

Source: http://www.myanmarij.com/?p=5019

ကျွန်တော့်ရဲ့ COE ဆိုတဲ့ သဘောတရားအပေါ် ထင်မြင်ချက်ကလေးကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်။

COE (Center of Excellence) တွေလုပ်ဖို့ စီစဉ်တာဟာ (လူအများ လက်ခံထားတဲ့ အတိုင်း) အင်မတန် ကောင်းမွန် သင့်မြတ်တဲ့ အစီအစဉ် ဖြစ်ပြီး ပညာရေးအတွေ့အကြုံရှိတဲ့ သူတွေကိုသာ ရာနှုန်းပြည့် လုပ်ကိုင်ခွင့် ပေးမယ်ဆိုရင် ချိနဲ့နေတဲ့ မြန်မာ့ပညာရေးကို ပြန်ဦးမော့လာအောင် လုပ်နိုင်မယ့် ကြိုးစားအားထုတ်မှု တစ်ရပ်အဖြစ် မြင်တွေ့ရနိုင်ပါတယ်။

ယခင်အစိုးရဟောင်းလက်ထက်က အကြားအလပ်မရှိ တပြေးညီ ဖွံ့ဖြိုးရေး ဆိုပြီး တစ်နိုင်ငံလုံး တက္ကသိုလ်တွေ အမြောက်အမြား ဆောက်လိုက်တဲ့ ပေါ်လစီမှာ အားနည်းချက်တွေ ရှိပါတယ်။ အဲ့တာတွေကတော့

– ထိန်းသိမ်းလည်ပတ်မှု ကုန်ကျစရိတ်များခြင်း (အဆောက်အအုံများ၊ ကွန်ပြူတာများ၊ ဓာတ်ခွဲခန်း ပစ္စည်းများ၊ နှင့် ဆရာ၊ ဆရာမ လခများ စသည် စသည်)
– ပြည်နယ်၊တိုင်းဒေသကြီး အလိုက် စာမေးပွဲ မေးခွန်းလွှာ အရည်အသွေးကွာခြားခြင်း (များစွာ ပြောစရာ ဖြစ်စေပါသည်။)
– တနိုင်ငံလုံး မေးခွန်းတစ်ခုထဲ စစ်သည်ဆိုလျှင်လည်း မေးခွန်းများအား အနယ်နယ်၊ အသီးသီးသို့ အချိန်မှီ ပေးပို့ရသည့် ကရိကထ ရှိခြင်း
-ပညာရေး ဝန်ထမ်းများ အနေဖြင့် နေထိုင်မှု အခက်အခဲများကြောင့် လုပ်ငန်းခွင် အာရုံစိုက်မှု၊ ကြိုးစားအားထုတ်မှု မပြည့်ဝနိုင်ခြင်း

တကယ်တမ်းတော့ ငွေကြေးကို ခြိုးခြိုခြံခြံ သုံးခဲ့ရတဲ့ အနေအထားကြောင့်လဲ ဒီအားနည်းချက်တွေက အကျိုးသက်ရောက်မှု များနေတာပါ။ ဒါပေမယ့် အဆိုးကြီးပဲလဲ မဟုတ်ပါဘူး။ အားသာချက်လည်း ရှိပါတယ်။ အဲ့တာက

– ဝေးလံခေါင်သီတဲ့ အရပ်ဒေသက တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူတွေ အနည်းဆုံးတော့ အသက်မွေးဝမ်းကျောင်းမှု ပညာကို အိုးမကွာ၊ အိမ်မကွာ (သို့မဟုတ် တိုင်းမကွာ၊ ပြည်နယ်မကွာ) သင်ယူနိုင်ခွင့်ရခြင်း။

ဒါပေမယ့်လည်း ပေါ့လေ… သာမန် အသက်မွေးဝမ်းကျောင်းမှု ထက်ပိုတဲ့ အဆင့်မြင့် ပညာရပ်တွေ ဖြစ်တဲ့ ဆေးပညာ၊ အင်ဂျင်နီယာ၊ ဥပဒေပညာ၊ စီးပွားရေးစီမံခန့်ခွဲမှု လို ပညာရပ်မျိုးတွေကျတော့ ရန်ကုန်လို၊ မန္တလေးလို၊ အချက်အခြာကျတဲ့ မြို့ကြီးတွေ ပေါ်မှာ တစုတစည်းထဲ ထားသင့်ပါတယ်။ အဲ့ဒီအတွက် အားသာချက်တွေ အများကြီး ရှိပါတယ်။

– ပညာရေး အသုံးစရိတ်ကို တနေရာထဲတွင် ထိထိမိမိ အကျိုးရှိရှိ သုံးနိုင်ခြင်း (စာကြည့်တိုက်၊ အင်တာနက်၊ ဆရာ၊ ဆရာမ လခ၊ ပညာသင်ဆုများ၊ ထောက်ပံ့ကြေးများ)
-တိုင်းရင်းသားလူမျိုးပေါင်းစုံ အပြန်အလှန် ထိတွေ့ရင်းနှီးဆက်ဆံနိုင်ခွင့် နှင့် ယဉ်ကျေးမှုနှီးနှောဖလှယ်နိုင်ခွင့် (ဒီတစ်ခုက အကျိုးကျေးဇူး အတော်ကြီးကို ကြီးပါတယ်။ ချင်းတိုင်းရင်းသား သူငယ်ချင်း တစ်ယောက်နဲ့ ရန်ကုန်တက္ကသိုလ်ကြီးထဲ ရင်းနှီးခင်မင်ခွင့်ရခဲ့တော့ နောက်ကို ကိုယ် ချင်းပြည်နယ်ကို အစိုးရ တာဝန်ကျတဲ့ အခါမှာ ကိုယ့်မှာ ခင်မင်ရတဲ့ အိမ်ရှင်ရှိနေပါပြီ။ ဒါက ဥပမာ အသေးလေး တစ်ခုပါ။)
– ကျောင်းသားများအနေနဲ့လည်း အရည်အသွေးပြည့်ဝတဲ့ တက္ကသိုလ်ပါမောက္ခများ၊ နိုင်ငံခြားသား ပါမောက္ခများရဲ့ သင်ကြားပြသမှုကို တန်းတူတပြေးညီ ရရှိနိုင်ခြင်း
– အထင်ကရ မြို့ကြီးတွေဟာ (နိုင်ငံတိုင်းမှာ) ကျောင်းသားတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ချက် ပိုများပါခြင်း (လျှပ်စစ်၊ အင်တာနက်၊ စာကြည့်တိုက်၊ ဓာတ်ခွဲခန်း၊ စာပို့စနစ် စသည်၊ စသည်)
– ပညာရေးဝန်ကြီးဌာန (အဆင့်မြင့်ပညာဦးစီး) နဲ့ နီးနီးကပ်ကပ် ရှိခြင်း၊ တစုတစည်းထဲ ရှိခြင်း အားဖြင့် ကျောင်းသားများ၏ လိုအပ်ချက်များကို အလွယ်တကူ အချိန်မှိီဖြည့်ဆည်း ပေးနိုင်ခြင်းအပြင် ဌာနမှလည်း ကျောင်းသားများ၏ ပျမ်းမျှစွမ်းဆောင်ရည် နှင့် တက္ကသိုလ်၏ အရည်အသွေးအား တစုတစည်းထဲ အနီးကပ် စဉ်ဆက်မပြတ် အကဲဖြတ်နိုင်ခြင်း
– အထင်ကရ မြို့ကြီးတွေမှာ တစ်နေရာထဲ ထားခြင်းအားဖြင့် နိုင်ငံခြားတက္ကသိုလ်များက ဆရာတွေလာရောက်သင်ကြားလျှင်လည်း အဆင်ပြေမှု များခြင်း။

ဒါပေမယ့် ဒီမှာ ပြောစရာရှိလာတာက… နယ်ဘက်က ကျောင်းသားတွေက မြို့ကြီးတွေပေါ်က ကျောင်းသားတွေနဲ့ တန်းတူအခွင့်အရေး မရနိုင်တော့ဘူးလား ဆိုတဲ့ မေးခွန်း ပါ။ ဒီပြဿနာရဲ့အဖြေကတော့ နယ်ကျောင်းသားတွေအတွက် ပြုပြင်မွမ်းမံ၊ အသစ်ဆောက်၊ ပြန်ဖွင့်ပေးရမယ့် အဆောင်တွေပါ။ နယ်နဲ့ နယ်စွန်နယ်ဖျားက ကျောင်းသားတွေကို ဦးစားပေးပြီး အဆောင်တွေ ပေးသုံးသင့်ပါတယ်။ အဲ့ဒီအပြင် နယ်ကလာတဲ့ ထူးချွန်သူ တိုင်းရင်းသားတွေကို ပညာသင်ဆု သပ်သပ်ပေးတာမျိုး၊ လိုအပ်သလို ပညာသင်ထောက်ပံ့ကြေး ပေးတာမျိုးတွေလည်း လုပ်သင့်ပါတယ်။ ပညာတတ်တွေဖြစ်လာမယ့် တိုင်းရင်းသားတွေဟာ မိမိတို့ ဒေသမှာ ပြန်ပြီး တာဝန်ထမ်းဆောင်ဖို့ကိုလည်း ကျေနပ်ကြမှာ ဖြစ်လို့ ဒီအစီအမံဟာ သင့်လျော်ပါတယ်။ ဒီပိုလာမယ့် အသုံးစရိတ်တွေဟာ တကယ်တမ်းတော့ ကျောင်းတွေ လိုက်ဆောက်နေတာလောက်တောင် များချင်မှ များမှာပါ။ များနေမယ်ဆိုရင်လည်း ဒါဟာ များသင့်များထိုက်ပါတယ်။

နောက်တစ်ခု ပြောစရာရှိတာက တိုင်းရင်းသားပြည်နယ်တွေမှာရော COE တွေ ရှိမလာနိုင်တော့ဘူးလား ဆိုတဲ့ မေးခွန်းပါ။ တန်းတူမှု အတွက် မေးခွန်း တစ်ခုပါ။ သိပ်ဖြစ်နိုင်ပါတယ်။ ပြည်နယ်အစိုးရနဲ့လည်း အများကြီး ဆိုင်ပါတယ်။ ပြည်နယ်အစိုးရအသီးသီးက ကိုယ့်ပြည်နယ်အသီးသီးကို (ကောင်းသော) ပြိုင်ဆိုင်ခြင်းတွေနဲ့ ကြိုးစားကြရင်… သိပ်မဝေးတော့တဲ့ အနာဂတ်တစ်ခုမှာ “တောင်ကြီး နည်းပညာ တက္ကသိုလ်” ဟာ တနိုင်ငံလုံးက ဒေသကောလိပ် ကျောင်းသားတွေအပြင် နိုင်ငံခြားက ကျောင်းသားတွေတောင် ဝင်ခွင့်ရဖို့ အပြိုင် ကြိုးစားရတဲ့ အာရှ တန်းမြင့် တက္ကသိုလ် တစ်ခုဆိုတာမျိုး ဖြစ်မလာဘူးလို့ ကျွန်တော်တို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။

လေးစားခြင်းဖြင့်
သန့်ဇင်ဦး