ကြယ်စုများအား စွန့်ခွာဖြတ်ကျော်စွန့်စားခြင်း

ဝန်ခံချက်။ အောက်ပါ စာစုသည် ဒါရိုက်တာခရစ္စတိုဖာနိုလန် ရိုက်ကူးသည့် အင်တာစတယ်လာ (Interstellar) ရုပ်ရှင်အား ပြန်လည်ခံစားအတွေးပွားထားသည့် ယူကျု (YouTube) ဗီဒီယိုအား အခြေခံလျက် ဆီလျော်အောင် ထုတ်နှုတ်ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး အခြားပြင်ပမှအချက်အလက်အချို့လည်း ပါဝင်နိုင်သည်။

ဒါရိုက်တာခရစ္စတိုဖာနိုလန်ဟာ အချိန်ရဲ့သီအိုရီအပေါ် အတော်အလေးအနက်ထားတာကို တွေ့ရပါတယ်။ သူ့ရဲ့ အခုဒီရက်ပိုင်းထွက်လာတဲ့ TENET ဆိုတဲ့ ရုပ်ရှင်ဟာလည်း အချိန်ပြောင်းပြန်ဖြစ်မှုနဲ့ ဆက်စပ်ပြီး တတိယကမ္ဘာစစ်ဖြစ်လာမယ့် အခြေအနေကို မင်းသားက ကယ်တင်ရတဲ့ ဇာတ်လမ်းမျိုးပါ။ 

ဒီစာမှာတော့ အင်တာစတယ်လာရုပ်ရှင်ထဲမှာပါတဲ့ အချိန်နဲ့၊ ချစ်ခြင်းမေတ္တာရဲ့ အချိန်အပေါ် သက်ရောက်မှုကိုပဲ ချဉ်းကပ်ကြည့်မှာပါ။ တခြား အချိန်ဖြစ်စဉ် (timeline) တွေ၊ သိပ္ပံသဘောတွေအကြောင်းတွေကို ဗဟိုမပြုပါဘူး။


ချစ်ခြင်းမေတ္တာ

ဇာတ်လမ်းရဲ့ ကျောရိုးလည်းဖြစ်၊ အဓိကအကျဆုံး စကားပြောခန်းလဲ ဖြစ်တဲ့ ဒေါက်တာအမီလီယာဘရန်းရဲ့ ချစ်ခြင်းမေတ္တာတရားဟာ လေးနက်ပြီး ကြီးမားပြင်းထန်တဲ့ အကျိုးသက်ရောက်မှုရှိကြောင်း ပြောတဲ့စကားလေးကို ပြန်ကြည့်ကြရအောင်…

Scene from Interstellar

ချစ်ခြင်းမေတ္တာဟာ… ကျွန်မတို့ လူတွေနားလည်ထားတဲ့ စိတ္တဇနာမ်သဘောတရားထက်ပိုမိုလေးနက်ပြီး ဖြစ်နိုင်တာတစ်ခုကတော့ ကျွန်မတို့ သေချာ ဂဃနဏ နားမလည်သေးတဲ့…. အဲ့ဒီချစ်ခြင်းမေတ္တာဟာ သုံးဖက်မြင်လောကကြီး (3D / three dimensions) ထက် ပိုအဆင့်မြင့်တဲ့ ဒိုင်မန်းရှင်းတစ်ခုက လျှံကျလာတဲ့ ဝိသေသတစ်ခုတောင် ဖြစ်နိုင်ပါတယ်

ဒေါက်တာအမီလီယာဘရန်း

ဒီနေရာမှာ သုံးဖက်မြင်လောကဆိုတာလေးက တွေးကြည့်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ကမ္ဘာကြီးက ဝင်ရိုးသုံးခုနဲ့ တည်နေတာပါ။ သင်္ချာမှာတော့ x, y, z ဝင်ရိုးတွေပေါ့လေ။ နှစ်ဖက်မြင်လောကဟာ ဘယ်လိုမျိုးလဲလို့… တွေးကြည့်ရင် တွေးလို့ရတာတစ်ခုက ကျွန်တော်တို့ရဲ့ အရိပ်တွေပါ။ အရိပ်မှာ တတိယဝင်ရိုးမရှိပါဘူး။ အရိပ်ကို သက်ရှိသတ္တဝါတစ်ခုလို့ ယူဆကြရအောင်။ (Vashta Nerada?) သူတို့ကို ခုန်ပါ လို့ ပြောရင် သူတို့ နားမလည်နိုင်ပါဘူး။ သူတို့ဟာ ဘောင်နှစ်ဖက်ကြားမှာ ပိတ်နေတဲ့ သူတွေပါ။ အဲ့လိုပဲ ကျွန်တော်တို့ဟာလည်း ဘောင်သုံးဘက်ကြားမှာ ပိတ်နေတဲ့သူတွေပါ။  အရိပ်တွေအတွက် တတိယဝင်ရိုးဟာ ပိုအဆင့်မြင့်တဲ့ ဒိုင်မန်းရှင်းရဲ့ ဝိသေသတခုပါ။ သူတို့ အဲ့သဘောတရားကို လွယ်လွယ်နားမလည်နိုင်ပါဘူး။ အဲ့ဒီသဘောတရားအတိုင်းပဲ ချစ်ခြင်းမေတ္တာဟာ ကျွန်တော်တို့ သုံးဖက်မြင်လောကထက် ပိုမြင့်တဲ့* ဒိုင်မန်းရှင်းတစ်ခုရဲ့ ဝိသေသတခုဖြစ်နိုင်တယ်။  သိပ်အားကြီးပြီး လူတွေအနေနဲ့ သိရှိခံစားနိုင်ပေမယ့် အလုံးစုံနားမလည်နိုင်ဘူးလို့ ပြောသွားတာပါ။ 

(* ဒီနေရာမှာ တစ်ခုလေး သတိပြုရမှာက ကျွန်တော်တို့ထက် ပိုမြင့်တယ်လို့ ဆိုရာမှာ လေးဖက်မြင်လောကလည်း ဖြစ်နိုင်သလို၊ ငါးဖက်မြင်၊ ခြောက်ဖက်မြင်လောကတွေလည်း ဖြစ်နိုင်ပါတယ်။)

တဆက်စပ်တည်းပြောသွားတဲ့စကားက ပိုပြီးတောင် လေးနက်ပါသေးတယ်။

ဖြစ်နိုင်တာတခုက…. ကျွန်မတို့လူသားတွေ သိရှိခံစားနိုင်တဲ့အရာတွေထဲမှာ ချစ်ခြင်းမေတ္တာတရားဟာ.. အချိန်နဲ့အာကာသရဲ့ ဘောင်ကွပ်မှုကို ဖောက်ဖျက်ထွက်နိုင်တဲ့ တစ်ခုထဲသော အရာပဲ

ဒေါက်တာအမီလီယာဘရန်း

တနည်းပြောရရင် အပေါ်မှာပြောခဲ့တဲ့ သုံးဖက်မြင်လောကကနေ ဖောက်ထွက်လွတ်မြောက်ဖို့ လူတွေနားလည်ထားတဲ့ တစ်ခုတည်းသောသဘောတရားက ချစ်ခြင်းမေတ္တာပါပဲ တဲ့။)

နောက်ကဏ္ဍမကူးခင် ဒီနေရာမှာ တစ်ချက်လေး ဖြည့်ပြောချင်တာက အရိပ်အတွက် တတိယဝင်ရိုးဟာ နားမလည်နိုင်စရာကိစ္စတစ်ခု… ကျော်ထွက်ရွေ့လျားနိုင်ခြင်းမရှိတဲ့ ဝင်ရိုးဆို… ကျွန်တော်တို့လူသားတွေ ကျော်ထွက်ရွေ့လျားနိုင်ခြင်းမရှိတဲ့ စတုတ္ထဝင်ရိုးကတော့ သိပ္ပံဆောင်းပါးတိုင်း ဆွေးနွေးလေ့ရှိတဲ့ အချိန် ပါပဲ။ 

အချိန်ဆိုတာ… ဘာလဲ။


အချိန်

အချိန်ဆိုတာ… ဘာလဲ ဆိုတဲ့ မေးခွန်းကို သိပ္ပံပညာရှင်တွေရဲ့ အဖြေလေးတွေ ကြည့်ကြည့်ရအောင်။..

လူတွေဟာ အချိန်ဆိုတာ ဘာလဲလို့ အမေးမခံရမချင်း… အချိန်ကို တရင်းတနှီး သိကြသူတွေချည်းပဲ

အချိန်ရဲ့ ဘယ်သဘောသဘာဝ တစ်ခုကိုမှ ကျွန်တော်တို့တွေ ဂဃနဏ နားလည်ထားတာ မရှိပါဘူး

အတော်အားရစရာ ကောင်းတဲ့ အဖြေတွေပါ။

သိပ္ပံရဲ့အလိုအရ အချိန်ဟာ အစမှအဆုံး တည်မြဲတည်နေပြီးသား စတုတ္ထဝင်ရိုးပါ။ ကျွန်တော်တို့ သုံးဖက်မြင်လောကသားတွေရဲ့ အမြင်မှာတော့ အတိတ်၊ ပစ္စုပန်၊ အနာဂတ်ရယ်လို့ အလှည့်စားခံနေရတာပါ။ ဘာလို့လဲဆိုတော့ စက္ကန့်တိုင်းမှာ ကျွန်တော်တို့ဟာ အချိန်ဝင်ရိုးပေါ်မှာ တစ်နေရာမှာပဲ နေခွင့်ရတာပါ။ ကိုယ်လိုသလို အရှေ့၊အနောက်ရယ်လို့ ရွှေ့လို့မရပါဘူး။* 

Screen grabbed from original Youtube video

အတိတ်ဆိုတဲ့ နေရာကနေ အနာဂတ်ဆိုတဲ့ နေရာကို စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ လားရာတခုတည်းနဲ့ မတိမ်းမစောင်းသွားနေရတာပါ။ တနည်းအားဖြင့် ကျွန်တော်တို့ဟာ အချိန်ရဲ့ ပိတ်လှောင်အကျဉ်းချခြင်းကို ခံနေရတဲ့ အကျဉ်းသားတွေပါ။

(* အချိန်ခရီးသွားဝါဒီတွေကတော့ ငြင်းကောင်းငြင်းမှာပါ။ အောက်ရောက်ရင် အဲ့ကိစ္စဆက်ရှင်းပါမယ်။) 


အချိန်နဲ့ ဆွဲငင်အား

အချိန်ဟာ လူတိုင်းအတွက် အကျဉ်းထောင်လို့ ဆိုပေမယ့် လူတိုင်းဟာ အချိန်ကို ခံစားရပုံခြင်းကတော့ ကွာပြန်ပါတယ်။ လူတစ်ယောက် ဆွဲငင်အား ကြီးမားလွန်းတဲ့ နေရာတစ်ခုမှာ ရှိနေရင် သူ့အတွက် အချိန်ဟာ နှေးသွားပါတယ်။ မရပ်သွားပါဘူး။ လားရာမပြောင်းပါဘူး။ ဒီဝင်ရိုးပေါ်မှာပဲ အရွေ့နှေးသွားရုံသက်သက်ပဲ ဖြစ်ပါတယ်။

ဒါကို သိပ္ပံပညာရှင်တွေဟာ အက်တမ်နာရီတွေသုံးပြီး သက်သေပြထားပြီးပါပြီ။ အက်တမ်နာရီဆိုတာ အက်တမ်အမှုန်လေးတွေရဲ့ လည်နှုန်းပေါ်မှာ အချိန်ကို တွက်တာပါ။ အက်တမ်လေးတွေဟာ တစ်စက္ကန့်ကို အပတ်ရေ သန်း ၅ ထောင်ကနေ သန်းပေါင်း သန်းပေါင်း ၄၃၀ လောက်အထိ လည်တာမို့ တိကျမှု အရမ်းကို အားကောင်းတာပါ။ တနည်းဆိုရရင် တစက္ကန့်ရဲ့ သန်း ၅ ထောင်စိတ် ၁ စိတ်လောက် အတိမ်းအစောင်းကိုတောင် ထောက်လှမ်းနိုင်တာမျိုးပါ။

စမ်းသပ်မှုပုံစံက အက်တမ်နာရီတစ်လုံးကို ကမ္ဘာ့ဆွဲအားနဲ့ ဝေးရာ မြင့်တဲ့ တောင်ပေါ်ဒေသတစ်ခုမှာထားပြီး နောက်နာရီတစ်လုံးကိုတော့ ပုံမှန်အတိုင်းမြေပြင်မှာပဲထားပြီး အချိန်ကာလတစ်ခုအကြာမှာ နာရီနှစ်ခုရဲ့ ကွာဟချက်ကို လေ့လာတာပါ။ တောင်ပေါ်နာရီဟာ တောင်အောက်ကနာရီထက် ပိုမြန်နေတာတွေ့ကြရတာပါ။ ဒီနေရာမှာ သတိပြုရမှာက ငါ တောင်ပေါ်တက်နေလိုက်ရင် အချိန်တွေ မြန်မြန်ကုန်ကုန်တော့မှာပဲလို့ သွားမတွေးပါနဲ့။ ကွာဟာချက်က လူတွေအတွက် ဘယ်လိုမှ သက်ရောက်မှုရှိတဲ့ တစက္ကန့်ရဲ့ သန်းနဲ့ချီတဲ့ အပုံတွေထဲက နည်းနည်းလောက်လေး ပိုမြန်တာပါ။ ဘယ်လိုနည်းနဲ့မှ လူတွေ သတိမမူမိနိုင်တဲ့ ပမာဏပါ။

တောင်ပေါ်နဲ့ တောင်အောက်ရဲ့ ကမ္ဘာ့ဆွဲငင်အားကွာခြားချက်ဟာ မပြောပလောက်ပေမယ့် စကြဝဠာထဲက တွင်းနက်ကြီး (black holes) တွေရဲ့ ဆွဲငင်အားကတော့ အဆသန်းပေါင်းများစွာပိုကြီးပါတယ်။ ဒါဟာ အင်တာစတယ်လာရုပ်ရှင်ရဲ့ အချိန်အပေါ်အဓိပ္ပါယ်ဖွင့်ဆိုမယ့် အခြေခံအခင်းအကျင်းတစ်ခုပါပဲ။ 

ရေအပြည့်နဲ့ မစ်လ္လာ့ ဂြိုဟ်ပေါ်မှာ ပြင်းထန်လွန်းတဲ့ ဆွဲအားကြောင့် (အသက်မကြီးပဲ) အချိန်ဝင်ရိုးအတိုင်း မြန်မြန်ဆန်ဆန်ရွေ့သွားတာကို သိလိုက်တဲ့အခါမှာ မားဖ်ရဲ့အဖေဟာ ဒေါက်တာဘရန်းကို အားကိုးတကြီးနဲ့ ကုန်သွားတဲ့အချိန်တွေကို (တနည်း.. သူ့သမီးလေးနဲ့အတူ ဖြတ်သန်းရမယ့် အချိန်တွေ) ပြန်ရဖို့ ဖြစ်နိုင်လား လို့ မေးပါတယ်။ ဒေါက်တာဘရန်းရဲ့ အဖြေက−

Scene from Interstellar

အချိန်က နှိုင်းရသဘောဆိုတာ ဟုတ်ပါတယ်။ ကျုံ့တဲ့၊ ဆန့်တဲ့သဘော ရှိပါတယ်။ ဒါပေမယ့် အချိန်ဟာ နောက်ပြန်ဘယ်တော့မှ မသွားပါဘူး တဲ့…။


အင်တာစတယ်လာရုပ်ရှင်နဲ့ အချိန်

ဒါရိုက်တာ ခရစ်စတိုဖာနိုလန်ဟာ သူ့ရုပ်ရှင်တွေမှာ ရုပ်ရှင်ထဲက အရှိတရားတွေ၊ သဘောတရားတွေကို ရုပ်ရှင်ကြည့်နေတဲ့ ပရိသတ်တွေ အတူလိုက်ပြီး ခံစားရအောင် စနစ်တကျထည့်ရိုက်လေ့ရှိတယ်။ အင်တာစတယ်လာရုပ်ရှင်မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဇာတ်ကောင်ရဲ့ အချိန်ကျုံ့ခြင်း၊ဆန့်ခြင်း အပေါ် သိရှိခံစားမှုနဲ့ အချိန်ရဲ့ ဇာတ်ကောင်အပေါ် ကြိုးကိုင်ခြယ်လှယ်မှုတွေကို ရုပ်ရှင်ကြည့်ပရိသတ်ကပါ ဇာတ်ဆောင်တွေနဲ့ တထပ်တည်းလို အတူစီးမျောခံစားရအောင် ရိုက်ကူးထားတာဟာ နိုလန်ရဲ့လက်ရာပါပဲ။ 

အဲ့တာကို ဘယ်လိုတွေ့နိုင်လဲဆိုတော့… ရုပ်ရှင်ရဲ့ ကနဦးပိုင်း အခန်းတွေဟာ ပုံမှန်အချိန်ရဲ့ ရွေ့လျားပုံအတိုင်း ဖြည်းဖြည်းမှန်မှန်နဲ့ ဇာတ်လမ်းကို တကွက်ခြင်း ခင်းကျင်းပြနေတာမျိုးပါ။ ဇာတ်ကောင် (အထူးသဖြင့် မာ့ဖ်ရဲ့အဖေ) ရဲ့ ဘဝဖြတ်သန်းမှု အတိုင်း ပရိသတ်က လိုက်ပါနေတာမျိုးပါ။ ဟိုခုန်၊ ဒီခုန် လုံးဝမရှိပါဘူး။

ဒါပေမယ့် wormhole တွေနဲ့ အိုင်စတိုင်းရဲ့ အချိန်ရဲ့ နှိုင်းရသီအိုရီတွေကို ဒေါက်တာဘရန်းက မာ့ဖ်ရဲ့အဖေကို ရှင်းပြပြီးချိန်ကစပြီး.. အချိန်ရဲ့ အကွေးအဆန့်ကို ဇာတ်ဆောင်နဲ့ အတူ ပရိသတ်ကပါ လိုက်ခံစားရစေတာကတော့ မာ့ဖ်အဖေရဲ့ ကုန်ဆုံးသွားတဲ့ အချိန်အပေါ် စိတ်အလိုမကျမှု ဝမ်နည်းပက်လက်ဖြစ်မှုတွေနဲ့ ခုနကလေးတင် ချာတိတ်မလေးပဲ ရှိသေးတဲ့ မာ့ဖ်တစ်ယောက် လူကြီးလုံးလုံး ဖြစ်လာတဲ့ အခန်းတွေကို ဇာတ်ဝင်ခန်း (scene) တွေ ဟိုခုန် ဒီခုန် ပြစေတဲ့ ဒါရိုက်တာရဲ့ တင်ဆင်မှုပါပဲ။

Scene from Interstellar
Scene from Interstellar

နာရီပိုင်းလေးအတွင်း ကိုယ့်သမီးရဲ့ ဆယ်ကျော်သက်အရွယ်၊ နှစ်ဆယ်ကျော်သက်အရွယ် အကုန်လုံးကို ဆုံးရှုံးလိုက်ရပြီဆိုတာကို သိလိုက်ရတဲ့ အဖေတစ်ယောက်ရဲ့ ဟာတာတာ ခံစားချက်ကို ဇာတ်ဆောင်နဲ့အတူ ပရိသတ် ခံစားနိုင်အောင် ရိုက်ပြခဲ့တာပါပဲ။


အချိန် (သို့မဟုတ်) ညှာတာမှုမဲ့သော အကျဉ်းထောင်

နိုလန်ဟာ သူ့ရုပ်ရှင်တွေထဲမှာ လူတိုင်းလူတိုင်း အမြဲလိုလို ထိတွေ့ရင်းနှီးပြီးသား သဘောတရားတွေကို တည်ပြီး ပိုပြီးလေးနက်ရှုပ်ထွေးတဲ့ သဘောတရားတစ်ခုအနေနဲ့ ဆချဲ့ပြီးတင်ဆက်လေ့ရှိတယ်။ သူဖန်တီးပြီး အရမ်းအောင်မြင်တဲ့ နောက်ရုပ်ရှင်တကားဖြစ်တဲ့ Inception ဆိုတဲ့ ရုပ်ရှင်မှာလည်း… လူဟာ အိပ်မက်မက်တဲ့အခါမှာ တကယ့်အရှိတရားလို ခံစားရတယ် ဆိုတဲ့ လူတိုင်းမှာရှိပြီးသား အတွေ့အကြုံပေါ်အခြေခံပြီး အိပ်မက်ကိုအသုံးချလို့ လူတစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းကို လမ်းကြောင်းပေးလို့ ရတယ်ဆိုတဲ့ ပိုပြီးလေးနက်တဲ့ သဘောတရားကို ဆချဲ့ပြီး ဆွဲယူပြသွားခဲ့ပါတယ်။

Scene from Inception

အဲ့ဒီလိုပဲ အင်တာစတယ်လာရုပ်ရှင်ရဲ့ အဓိကဇာတ်အိမ်က လူတိုင်းခံစားတွေ့ကြုံရဖူးပြီးသားဖြစ်တဲ့ အချိန်ရဲ့အချုပ်အနှောင် ဆိုတဲ့ သဘောတရားပဲ ဖြစ်တယ်။ အဲ့ဒီသဘောတရားကို လှလှပပပုံဖေါ်တာကတော့ သူတို့ရဲ့ စီးတော်ယာဉ် နာရီပုံသဏ္ဌာန် အကန့် (၁၂) ကန့်နဲ့ လက်တံသဖွယ် ပြွန်လမ်းကြောင်းရှိ တဲ့ အန်ဒြူးရန့်စ် (Endurance) ပါပဲ။ အပြောကျယ်တဲ့ အာကသပြင်ကျယ်ကြီးထဲမှာ အာကသာယာဉ်မှူးတွေဟာ ယာဉ်ထဲမှာ ချုပ်နှောင်ခံထားရသဖွယ် (တနည်း အချိန်ရဲ့ ချုပ်နှောင်မှုကို ခံထားရသဖွယ်) ရိုက်ပြထားတာပါ။..

Scene from Interstellar

ဒါ့အပြင် နာမည်ကြီးဂီတပညာရှင် ဟန်းစ်ဇင်မာရဲ့ ဂီတကလည်း သည်းထိပ်ရင်ဖို ဇာတ်ဝင်ခန်းတွေရောက်ပြီဆိုရင် ၁ မိနစ်ကို တီးလုံး ၆၀ အထိ လျှော့ချလိုက်ပါတယ်။ (ကျွန်တော်ဖတ်ဖူးသလောက် ဂီတတွေရဲ့ တီးလုံးကြိမ်ရေ ကို လျှော့ချလိုက်ရင် နားထောင်သူရဲ့ နှလုံးခုန်သံပါ နှေးသွားပါတယ်။ ဒါပေမယ့် ဇာတ်လမ်းက သည်းထိတ်ရင်ဖိုအပြင် တီးလုံးကလည်း အမြင့်တီးတာမို့ လူဟာ ဖိုးသိုးဖတ်သတ်နဲ့မို့ နေရခက်အောင် လုပ်ထားတဲ့သဘောလို့ နားလည်ပါတယ်။)

အင်တာစတယ်လာရုပ်ရှင်ရဲ့ စိတ်ထိခိုက်စရာအကောင်းဆုံး ဇာတ်ဝင်ခန်းလို့ ဆိုနိုင်တဲ့.. မာ့ဖ်အဖေနဲ့ ဒေါက်တာဘရန်းတို့ မစ်လ္လာရဲ့ ဂြိုဟ် (ရေပြင်ကျယ်ဂြိုဟ်) ကနေ ပြန်လာပြီး အန်ဒြူးရန့်စ်ကို ရောက်တဲ့အခါ သူတို့ထွက်သွားတာ ၂၃ နှစ်ကြာသွားပြီဆိုတာကို သိလိုက်ရတယ်။ မစ်လ္လာဂြိုဟ်ပေါ်မှာ တစ်နာရီကုန်သွားတိုင်း အန်ဒြူးရန့်စ် (ကမ္ဘာဘက်ခြမ်း) မှာ အချိန် ၇ နှစ်ကုန်လွန်သွားတာပါ။ မာ့ဖ်အဖေနဲ့ ဒေါက်တာ ဘရန်းတို့ သွားလိုက်တဲ့ အချိန် ၃ နာရီ စွန်းစွန်းလေးမှာပဲ အသက်ဆယ်နှစ်အရွယ် မာ့ဖ်လည်း အသက် ၃၀ ကျော် အမျိုးသမီးတစ်ယောက် ဖြစ်လာခဲ့ပြီး… မာ့ဖ်ရဲ့အစ်ကိုကလည်း ကလေးတွေဘာတွေရလို့…။ ဒီ ၃ နာရီဆိုတဲ့အချိန်အတွင်းမှာပဲ ကိုယ့်ရဲ့အနာဂတ်လို့ မျှော်လင့်ခဲ့ရတဲ့ အရာတွေအားလုံးဟာ ခုတော့ ကိုယ်မပါခဲ့ရတဲ့ အတိတ်ဖြစ်ရပ်တွေ ဖြစ်ခဲ့ပြီ။ ဘာလို့ အဲ့ဒီအခန်းဟာ သိပ်ကို စိတ်ထိခိုက်ကြေကွဲစရာ ကောင်းတာလဲ…။

Scenes from Interstellar

တကယ်တမ်းတော့ ရုပ်ရှင်ကြည့်ပရိသတ်ဖြစ်တဲ့ ကျွန်တော်တို့ဟာလည်း အဲ့လိုအချိန်ရဲ့ ပြန့်ကားတဲ့ဒဏ်ကို ကြုံတွေ့ဖူးကြမှာပါ။. ကိုယ်မပါလိုက်ပဲ ဖြစ်ပျက်သွားတဲ့ ကိုယ်ချစ်တဲ့သူတွေရဲ့ ဘဝဖြစ်စဉ်တွေကို ပြန်တွေ့တဲ့အခိုက်မှာ ကြည့်ရင်းကြည့်ရင်း စိတ်နှလုံးထဲ ကြီးမားတဲ့ လစ်ဟာမှုကို ခံစားကြရတာမျိုးပါ။ ဒီလိုခံစားမှုဟာ… သင်္ဘောပျက်လို့ ကျွန်းတစ်ခုမှာ နှစ်ပေါင်းများစွာ နေလိုက်ရတဲ့ သူတွေ၊ ဆယ်စုနှစ်ပေါင်းများစွာ ကွဲကွာနေရတဲ့ အချစ်ရဆုံးသူတွေနဲ့ ပြန်လည်ဆုံတွေ့ရသူတွေ၊ နှစ်ပေါင်းများစွာ အဝေးတနေရာမှာနေပြီး ဟိုးအရင်ကာလက နေခဲ့တဲ့ နေရာကို ပြန်လာသူတွေမှာ ခံစားရလေ့ရှိတဲ့ ပြင်းပြတဲ့ စိတ်ခံစားချက်တမျိုးပါ။

Scene from a movie

နေရာအပေါ်မှာဖြစ်တဲ့ ခံစားချက်ထက် ကုန်လွန်သွားတဲ့ အချိန်အပေါ်မှာ တသတဲ့၊ လစ်ဟာတဲ့ ခံစားချက်ပါ။ ကိုယ်မရှိတဲ့အခိုက်အတန့်မှာ ကိုယ်ပါဝင်ပတ်သက်ခံစားကြည်နူးရခြင်း ဘာတစ်ခုမှမရှိပဲ ဘဝတွေဟာ စဉ်ဆက်မပြတ် တရစပ် ရွေ့လျားပြောင်းလဲဖြစ်ပေါ်နေခဲ့တာကို ခံစားရခြင်းပါ။ တနည်းအားဖြင့် အာကာသဝန်းကျင်တစ်ခုမှာ ဘယ်လောက်၊ဘယ်လိုရွေ့လျားရွေ့လျား.. အချိန်ဝင်ရိုးကို ထွက်ပြေးဖို့ မဖြစ်နိုင်တဲ့ ကျဉ်းကြပ်တဲ့ စိတ်ခံစားမှုတစ်ခုပါပဲ…

တနည်းဆိုရရင်… ရုပ်ရှင်ရုံထဲကနေ အပေါ့အပါးသွားဖို့ အပြင်ခဏထွက်လိုက်တဲ့အခါ ဇာတ်ဝင်ခန်းတစ်ချို့ လွတ်သွားသလိုပေါ့။ တခါတရံတော့လည်း အရမ်းအရေးကြီးတဲ့ ဇာတ်ဝင်ခန်းဖြစ်တဲ့အခါ ကိုယ့်ရဲ့ ဟာတာတာခံစားချက်ကပိုကြီးတယ်။ ဒီသဘောပါပဲ။ ကိုယ်လွတ်သွားတဲ့ ဖြစ်စဉ်ဟာ ဘယ်လောက်အသေးအဖွဲဖြစ်ဖြစ် ဘယ်လောက်ကြီးမားကြီးမား… ကျွန်တော်တို့အားလုံးဟာ အချိန်ရဲ့မရပ်မနားသော အရွေ့အောက်မှာ ဘယ်လိုမှ ရုန်းထွက်လို့ မဖြစ်နိုင်ပဲ အလူးအလဲ ခံစားကြရပါတယ်။

နိုလန်ဟာ အချိန်ရဲ့ ဒီလိုကြမ်းကြုတ်တဲ့သဘောတရားကို ဆွဲအားကြောင့်အချိန်မဟာပြန့်ကားမှု နဲ့ ဆချဲ့ပြီး အင်တာစတယ်လာရုပ်ရှင်ကို ပရိသတ်ကို တင်ဆက်ခဲ့တာပါ။


အချိန်အား ဖောက်ထွက်လွတ်လပ်ခြင်း

ဒီလောက် ညှာတာမှုမဲ့တဲ့ အချိန်ကို ဘယ်လို အင်အားတွေနဲ့ ကျွန်တော်တို့ တွန်းလှန်ကြမလဲ။ ကျွန်တော်တို့ဟာ အချိန်ရဲ့ အချုပ်အနှောင်ကနေ ထွက်ပြေးဖို့ မဖြစ်နိုင်ပေမယ့် ဖောက်ထွက်လွတ်လပ်ဖို့တော့ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ အရင်ကထက်ပိုပြီးကို အချိန်ရဲ့ အချုပ်အနှောင်ကနေ ဖောက်ထွက်ဖို့ လုပ်နေကြပါပြီ။ ကျွန်တော်တို့ လူသားတွေရဲ့ ထူးခြားတဲ့အရည်အသွေးတခုလို့ပဲ ဆိုရမယ်ထင်တယ်.. လူသားတွေမှာ အချိန်ကို ဖီဆန်နိုင်စွမ်းတွေ ရှိလာပါတယ်။ ဒါကတော့ တခြားမဟုတ်… ကိစ္စရပ်တွေကို အက္ခရာတင်၊ ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတွေထားတာဟာ အချိန်ရဲ့ ကန့်သတ်ချက်ကို အနိမ့်ဆုံး သွေဖည်ခြင်းပုံစံတွေပါပဲ။ 

အတွေ့ရအများဆုံး သွေဖည်မှုပုံစံတွေကတော့ စာအုပ်တွေပေါ့။ စာအုပ်တွေဟာ လူသားတွေကို အတိတ်ကို ပြန်တူးဆွခွင့်ပေးထားပြီး အတိတ်ဖြစ်ရပ်တွေကို ပြန်လည်ဖတ်ရှူသိမြင်ခံစားခွင့် ပေးပါတယ်။

Scene from Interstellar

ဒီနေ့ဆို ကျွန်တော်တို့ဟာ အတိတ်ကဖြစ်ရပ်တွေကို ဓာတ်ပုံတွေ၊ အသံဖိုင်တွေ၊ ဂီတတွေ၊ ရုပ်ရှင်တွေကနေ ပြန်ခံစားခွင့်ရနေပါပြီ။ ဒီလိုအချိန်ကိုဖောက်ဖျက်ထွက်နိုင်တဲ့အစွမ်းကို အချိန်ဘောင်လွတ်ခြင်း (atemporality) လို့ ခေါ်ပါတယ်။ အဲ့လိုအချိန်ဘောင်မဲ့ခြင်းရဲ့ အကျိုးဆက်တစ်ခုကတော့ အဲ့လို အတိတ်ကိုပိုပိုပြီး သိမြင်ထိတွေ့ခွင့်ရလာတာနဲ့အမျှ ကျွန်တော်တို့ဟာ အချိန်ဘောင်ကနေ ပိုလွှင့်ထွက်သလိုဖြစ်လာတာပါပဲ။ ဒီသဘောတရားကို အင်တာစတယ်လာရုပ်ရှင်မှာ ဆချဲ့လိုက်တာကတော့.. ငါးဖက်မြင်လောကက အသိဉာဏ်ရှိတဲ့ သတ္တဝါမျိုးစိတ်တစ်ခု (bulk beings) ပါပဲ။ ကျွန်တော်တို့ ဝင်ရိုးသုံးခုပေါ် ကြိုက်သလိုရွေ့လျားနိုင်သလို သူတို့တွေဟာလည်း အချိန်ဝင်ရိုးအပေါ် ကြိုက်သလို သွားနိုင်ပါတယ်။ တနည်းဆိုရရင် သူတို့မှာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဆိုတာလည်း မရှိတော့ပါဘူး။ အချိန်အားလုံးဟာ တချိန်ထဲ တပြိုင်ထဲမှာ အနန္တ ဖြစ်တည်နေတာပါ။ အဲ့ဒီလို အချိန်ကနေလုံးဝဥဿုန်ဘောင်လွတ်သွားမှုက သူတို့အတွက်က အားနည်းချက်တစ်ခုလည်း ဖြစ်ပါတယ်။ သူတို့အတွက် အာကာသ−အချိန် တဒင်္ဂကို ရွေးချယ်ဖို့ခက်တာဟာ ဘာနဲ့တူလဲဆိုရင် ကျွန်တော်တို့အတွက် သမုဒ္ဒရာထဲက ကိုယ်လိုချင်တဲ့ ရေတစ်စက်ကို ရှာရခက်သလိုမျိုးပါ။

ဒီအခက်အခဲကို ကျော်လွှားဖို့အတွက် ကျွန်တော်တို့ဟာ အချိတ်အဆက် တစ်ခုတော့ လိုပါတယ်။ အဲ့ဒီအချိတ်အဆက်ကို ရဖို့အတွက် ငါးဖက်မြင်လောကသားတွေဟာ ဝင်ရိုးလေးခုနဲ့တည်ဆောက်ထားတဲ့ ကုဗဝတ္ထု (tesseract) ကို တည်ဆောက်ထားပါတယ်။

Scene from Interstellar

ဒါပေမယ့် အဲ့ဒီကုဗဝတ္ထုရဲ့ အလုပ်လုပ်ပုံကို နားလည်ဖို့ ကျွန်တော်တို့ဟာ ၁၉၆၂ မှာ ပြသခဲ့တဲ့ ပြင်သစ်ရုပ်ရှင် “လာရှတေး” La Jetée ကို အရင်နားလည်ဖို့ လိုပါလိမ့်မယ်။


လာရှတေး La Jetée

လာရှတေး ဟာ ၁၉၆၂ ခုနှစ်မှာ ထွက်ခဲ့တဲ့ မိနစ်−၃၀ ကြာမြင့်တဲ့ ပြင်သစ်ဇာတ်လမ်းတိုတခုဖြစ်ပြီး… ရုပ်အရှင်ဇာတ်ကားမဟုတ်ပဲ ဓာတ်ပုံတွေကို တစ်ပုံချင်းပြလို့ အနောက်ကနေ ဇာတ်လမ်းကိုရှင်းပြတဲ့ ပုံစံနဲ့ရိုက်ကူးထားတာပါ။ ဇာတ်ကြောင်းလှန်နေသူဟာ သူ့လက်ထဲမှာ ဇာတ်လမ်းအစက အဆုံးရှိနေပြီး ဓာတ်ပုံတစ်ပုံချင်းစီ (frame by frame) ကို ပြပြီး ရှင်းပြနေတဲ့ပုံစံနဲ့ ရိုက်ထားတာပါ။

La Jetée (1962)

ဇာတ်လမ်းအကျဉ်းက−

တတိယကမ္ဘာစစ်ကြောင့် ပဲရစ်မြို့ကြီး ပျက်စီးသွားပြီး လူတွေဟာ ဓာတ်ရောင်ခြည်သင့်မှုကနေ ရှောင်ရှားနိုင်ဖို့ မြေအောက်ထဲမှာ ခိုလှုံနေထိုင်နေကြရပါတယ်။ အဲ့ဒီမှာ သိပ္ပံပညာရှင်တစ်စုဟာ ပစ္စုပ္ပန်ရဲ့ အခြေအနေတွေ တိုးတက်လာအောင် အတိတ်ကို အချိန်ခရီးသွားပြီး လိုအပ်တဲ့ သင်ခန်းစာတွေယူနိုင်ဖို့ ကြံစည်ကြပါတယ်။ သူတို့ဟာ ထောင်သားတွေနဲ့ သူတို့ရဲ့ စမ်းသပ်မှုကို လုပ်ဆောင်ကြပါတယ်။ ဒါပေမယ့် အဲ့လို အပြောကျယ်တဲ့ အချိန်−အာကာသ လွင်ပြင်ထဲကို အချုပ်အနှောင်မဲ့ရောက်သွားတာနဲ့ ထောင်သားတွေဟာ ကမ္ဘာစစ်မဖြစ်ခင်က တိကျတဲ့ အချိန်တဒင်္ဂကို မချိတ်ဆက်နိုင်ပဲ ရူးနှောက်ကုန်ကြပါတယ်။ အဲ့လိုပဲ ငါးဖက်မြင်လောကသားတွေဟာလည်း တိကျတဲ့ အချိန်−အာကာသ တဒင်္ဂကို မချိတ်ဆက်နိုင်ဖြစ်နေတာပါ။ ဒါပေမယ့် နောက်ဆုံးမှာ သူတို့ဟာ လူတစ်ယောက်ကို ပို့နိုင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီလူမှာ သူ အင်မတန် ပြတ်ပြတ်ထင်ထင်မှတ်မိထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရုပ်သွင် သူ့ရဲ့ မှတ်ဉာဏ်ထဲမှာ စွဲစွဲမြဲမြဲ ရှိနေလို့ပါ။ 

Scene from La Jetée

“တကယ်တော့ အောက်မေ့တသစရာတွေဟာ ပုံမှန်အဖြစ်အပျက်တွေလိုပဲ ဖြစ်တာပါပဲ။ ဘာပဲကွာခြားသွားသလဲဆိုတော့ အဲ့လိုအဖြစ်အပျက်တွေဟာ စိတ်ဒဏ်ရာတွေချန်ထားစရာဖြစ်ခဲ့ရတဲ့ အခါမှာ… နောင်အခါ အောက်မေ့တသစရာတွေ ဖြစ်လာတာပါပဲ…

ဒီအမျိုးသမီးရဲ့ ရုပ်သွင်ဟာ နြူကလီးယားဗုံးဒဏ်တွေကို ကြံ့ကြံ့ခံ ရှင်ကျန်ရစ်ခဲ့တဲ့၊ စစ်မဖြစ်ခင် ငြိမ်းချမ်းရေးကာလရဲ့ တစ်ခုတည်းသော အမှတ်တရ…

ဒါပေမယ့် သူတခါတခါ စဉ်းစားမိတာက သူဒီအမျိုးသမီးကို တကယ်တွေ့ခဲ့တာလား.. ဒါမှမဟုတ် နောက်ဆက်တွဲကြုံတွေ့ရမယ့် ခါးသီးဆိုးရွားတဲ့ အဖြစ်အပျက်တွေကို ရင်ဆိုင်ကျော်လွှားဖို့အတွက် ဖန်တီးလိုက်တဲ့ သိမ်မွေ့နူးညံ့တဲ့ အမှတ်တရ တစ်ခုလား..”

(လာရှတေးရုပ်ရှင်ဟာ အင်တာစတယ်လာရုပ်ရှင်ကိုတင် လွှမ်းမိုးမှုရှိတာမဟုတ်ပဲ နောက်ထပ်နာမည်ကြီး အချိန်ခရီးသွားရုပ်ရှင်တစ်ကားဖြစ်တဲ့ 12 Monkeys ကိုလည်း လွှမ်းမိုးမှုရှိပါတယ်။)


မာ့ဖ် (သို့မဟုတ်) လာရှတေးရဲ့ အမျိုးသမီးရုပ်သွင်

လာရှတေးရဲ့ သဘောတရားကို အင်တာစတယ်လာနဲ့ ယှဉ်ထိုးကြည့်တဲ့အခါမှာ ကုဗဝတ္ထုဟာ မာ့ဖ်အဖေအပေါ်မှာ မမူတည်ပဲ မာ့ဖ်ပေါ်မှာ သွားမူတည်တာကို တွေ့ရပါလိမ့်မယ်။ မာ့ဖ်ကသာ အချိန်ရဲ့ အချုပ်အနှောင်ကို ဖောက်ထွက်လွတ်မြောက်ခဲ့တာ။ ဆယ်နှစ်အရွယ်သမီးငယ်လေးကို သူဘယ်လိုမှ နားမလည်တဲ့ တစ္ဆေတစ်ကောင်နဲ့ အိပ်ခန်းထဲမှာ ထားခဲ့ပြီး ထွက်သွားခဲ့လို့.. စိတ်ဒဏ်ရာရနေတဲ့ မာ့ဖ်၊ နှစ်ပေါင်း ၂၀ ကျော်ကြာအောင် အဖေ့ရဲ့ ဂျက်ကက်အင်္ကျီကို ဝတ်ပြီး အဖေပြန်လာဖို့ စောင့်မျှော်နေတဲ့ မာ့ဖ်..။ 

Scene from Interstellar
Scene from Interstellar

အတိတ်ကို တွယ်တာစိတ်ပြင်းပြလွန်းတဲ့၊ ဖခင်ပြန်အလာကို မျှော်လင့်နေတဲ့ မာ့ဖ်ရဲ့ ဖခင်အပေါ်ရှိတဲ့ မေတ္တာတရားဟာ မာ့ဖ်ရဲ့အဖေအတွက် ကုဗဝတ္ထုထဲမှာ တိကျတဲ့ အချိန်တဒင်္ဂကို ချိတ်ဆက်ပေးနိုင်တဲ့ အဓိက အကြောင်းရင်းခံပဲ။ မာ့ဖ်ရဲ့ ဖခင်နားလည်လိုက်တာကတော့ သူ သူ့သမီးလေးနဲ့ ချိတ်ဆက်ပေါင်းကူးနိုင်ခဲ့တာဟာ သူ့သမီးအပေါ်ထားတဲ့ သူ့အချစ်ကြောင့်မဟုတ်ပဲ သမီးလေးမာ့ဖ်က သူ့အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာဆိုတာကို မာ့ဖ်ရဲ့အဖေ နောက်ဆုံး နားလည်ခဲ့ပါတယ်။ အဲ့ဒီလို အဖေ့ကို ချစ်တဲ့ သမီးဟာ အဖေပေးထားတဲ့ နာရီလေးကို ပြန်လာယူမှာ အသေအချာပဲမို့ မာ့ဖ်အဖေဟာ သမီးအပေါ် ယုံကြည်မှုအပြည့်နဲ့ နာရီထဲမှာ သမီးလိုအပ်တဲ့ အချက်အလက်တွေကို ထည့်သွင်းပေးပို့နိုင်ခဲ့ပါတယ်။ သူယုံကြည်တဲ့အတိုင်းလည်း မာ့ဖ်ဟာ ဒီနာရီလေးကို ပြန်လာယူပြီး အဖေပေးတဲ့ အချက်အလက်တွေကို ရရှိခဲ့တာပါ။

Scene from Interstellar

လာရှတေးမှာလိုပဲ အင်တာစတယ်လာ ရုပ်ရှင်မှာလည်း အချစ်ကို အချိန်ဝင်ရိုးတလျှောက် လမ်းပြပေးနိုင်တဲ့ တိုင်းတာလို့ရတဲ့ အင်အားတစ်ခုအနေနဲ့ ဖော်ကျူးထားတာကို တွေ့ရမှာပါ။ ဒါပေမယ့် အဲ့ဒီလိုပြောလို့ အချစ်ဟာ သဘာဝလွန်ဖြစ်ရပ်လို့လဲ မဆိုလိုသလို အချိန်လို သူ့ဝင်ရိုးနဲ့သူရှိနေတယ်လို့လဲ မဆိုလိုပါဘူး။ ကျွန်တော်တို့ကြုံတွေ့နေရတဲ့ ကိစ္စရပ်တွေအားလုံးရဲ့ အဖြေလည်း ဖြစ်ချင်မှလည်းဖြစ်မှာပါ။

ကျွန်တော်တို့တွေရဲ့ ဘဝတွေဟာ အချိန်အတိုင်း ဖြတ်သန်းသွားနေကြတဲ့ ထူးခြားဆန်းကြယ်တဲ့ ခရီးစဉ်တွေပါပဲ။ လို့ ဆိုတဲ့အတိုင်းပဲ အချိန်ဟာ ကျွန်တော်တို့ အရင်းနှီးဆုံး သဘောတရားဖြစ်သလို အစိမ်းကားဆုံးလဲ ဖြစ်တယ်။ ကျွန်တော်တို့ကို ထာဝရစည်းနှောင်ထားသည့်တိုင် အမြဲတမ်းလည်း နားလည်ရခက်နေဦးမှာပါပဲ။

ဒေါက်တာအမီလီယာဘရန်းရဲ့ ဖခင်ဖြစ်သူ ရူပဗေဒပညာရှင် ပြောတဲ့စကားလေးနဲ့ အဆုံးသတ်ပါမယ်။

Scene from Interstellar

မရဏတရားကို ငါ မကြောက်ပါဘူး။ ငါဟာ အိုမင်းနေတဲ့ ရူပဗေဒပညာရှင်တစ်ယောက်ပါ။ ငါကြောက်တာက အချိန်ပါ။


ဒီစာကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ အဖေ့အတွက် အမှတ်တရအနေနဲ့ ရေးပါတယ်။

သန့်ဇင်ဦး
၂၀၂၀ ခုနှစ် သြဂုတ် ၂၉

ဘာကြောင့် No Vote မလုပ်သင့်သလဲ?

၁။ ရွေးကောက်ပွဲက ကြေငြာထားတဲ့နေ့ ကျင်းပမှာပဲ။

ကိုယ်မဲပေးပေး၊မပေးပေး.. နိုဝင်ဘာ (၈) ရက်နေ့ဆို ရွေးကောက်ပွဲက ဖြစ်မှာပဲ။ ညနေစောင်းလောက်ဆို… ကိုယ့်ကို မဲပေးပါလို့ လာပြောနေတဲ့… လူ ၃၊၄ ယောက်ထဲက တစ်ယောက်က ကိုယ့်ကို ကိုယ်စားပြုသွားတော့မှာ။ ကိုယ်မဲမပေးရုံနဲ့ ရွေးကောက်ပွဲကြီးလည်း မကျင်းပဖြစ်တော့မှာ မဟုတ်သလို ဘယ်သူမှလည်း အမတ်မဖြစ်တော့မှာ မဟုတ်ဘူး။

၂။ တစ်ယောက်ကိုမှ မကြိုက်လို့ မယုံလို့ ဘယ်သူ့ကိုမှ မဲမပေးချင်ဘူးလား။

ဆန္ဒနယ်တစ်ခုမှာ အဲ့လို ဆန္ဒမပြုချင်တဲ့လူတွေ သိပ်များရင် ဘာဖြစ်မလဲဆိုတော့ “မကြိုက်ခြင်းတူရင်သော်မှဖြင့် ကိုယ်ပိုမကြိုက်တဲ့သူ” က ကိုယ့်ကိုကိုယ်စားပြုလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲ့လိုလူတွေက လောကသဘာဝအရကို.. ငွေတွေ၊ လူအားတွေ၊ မလျော်သြဇာတွေ သုံးတတ်တဲ့အကျင့်လေးတွေ ရှိတတ်ကြလို့ပဲ။ အဲ့တော့ စဉ်းစားပါ။ ကိုယ့်လို ငွေအား၊ မလျော်သြဇာတွေနဲ့ လွှမ်းမိုးဖို့မလွယ်တဲ့၊ သမာဓိအားကောင်းတဲ့ လူတွေက မဲမပေးပဲနေလိုက်ရင်… အလွှမ်းမိုးခံမယ့်လူတွေက လွှမ်းမိုးမယ့်လူတွေကို မဲပေးလိုက်မှာပဲ။ (မိုးစက်တင်လေ.. လေး နားထောင်ပြီး ဒီတစ်ပိုဒ်ကို ပြန်ဖတ်ကြည့်။ ပိုမိုက်တယ်။)

၃။ တကယ်ကို တစ်ယောက်မှ မစွံဘူး လို့ မြင်နေတာမျိုးလား။

တကယ်တမ်းတော့ ပါတီတွေ လူစာရင်းစထုတ်ပြန်တာ ရက်ပိုင်းပဲ ရှိပါသေးတယ်။ တချို့ပါတီတွေဆို စာရင်းတောင် မထုတ်ပြန်သေးပါဘူး။ ပန်းဖလက်လေးတွေ ဖတ်ရင်ဖြစ်ဖြစ်၊ ဟောပြောထားတာတွေ ကြည့်နားထောင်ရင်းဖြစ်ဖြစ် စွံမစွံတော့ အရင်လေ့လာလို့ ရပါတယ်။

ဒါပေမယ့် အထိုက်အလျောက်တော့ လက်ခံပါတယ်။ အမတ်လောင်းတွေက တခါတခါကျ အရမ်းကြီး စွဲမက်စရာမရှိဘူး။ ပုံမှန်လောက်ပဲလို့ မြင်တတ်ကြပါတယ်။ ကျွန်တော်တို့ သူတို့တွေကို အာဝဇ္ဇန်းရွှင်ရွှင် ဒိုးဒိုးဒေါက်ဒေါက် ပြောနိုင်တဲ့ နိုင်ငံတကာဇာတ်ခုံပေါ်က အထင်ကရ နိုင်ငံရေးသမားကြီးတွေနဲ့ သွားသွားယှဉ်နေရင်တော့ မတရားပါဘူး။ ကျွန်တော်တို့နိုင်ငံက ဆင်းရဲပါတယ်။ ခက်ခဲကြမ်းတမ်းလွန်းတဲ့ သမိုင်းနဲ့အတူ မွေးဖွားကြီးပြင်းရှင်သန်ခဲ့ကြရတာပါ။ ကျွန်တော်တို့ရတဲ့ ရွေးချယ်မှုက အကန့်အသတ်နဲ့ပါပဲ။ ဒါဟာ အရှိတရားပါ။ ဒေသတွင်းနိုင်ငံတွေက ပြည်သူတွေရဲ့ ရွေးချယ်မှုကလည်း ကျွန်တော်တို့လို အကန့်အသတ်နဲ့ပါပဲ။

ဒါပေမယ့် ကျွန်တော် တစ်ခုတော့ ပြောနိုင်ပါတယ်။ နောင် နှစ် ၃−၄−၅၀ မှာ ကျွန်တော်တို့ရဲ့ နိုင်ငံရေးပါတီတွေထဲကနေပဲ လူအများကြား ရေပန်းစားတဲ့ စတားအမတ်လောင်းတွေ ထွက်ပေါ်လာမှာပါ။ အာမခံပါတယ်။ အင်ဒိုနီးရှားက ဂျိုကိုဝီလို၊ တစ်ပါတီအားကြီးလွန်းတဲ့ စင်္ကာပူက အတိုက်အခံအမတ် ဒေါက်တာဂျေးမတ်စ်လို ပြည်သူတွေကြားထဲ နာမည်ရော ပုံရိပ်ပါ စွဲစွဲထင်ထင်ရှိတဲ့လူတွေ မြန်မာနိုင်ငံမှာ ပေါ်ထွက်လာပါလိမ့်မယ်။ ဒါပေမယ့် အဲ့လိုပေါ်ထွက်လာဖို့အတွက် ကျွန်တော်တို့က မဲပေးခြင်းဖြင့် သူတို့ရဲ့ ဒီမိုကရေစီပြေးလမ်းကို ထိန်းသိမ်းမွမ်းမံပေးရပါမယ်။ ဒါမှ အမတ်တွေဟာ ပြေးလမ်းတစ်လျှောက်မှာ အတွေ့အကြုံယူနိုင်မှာဖြစ်သလို ခုနကပြောတဲ့ စတားအမတ်တွေ (လူငယ်မျိုးဆက်သစ်တွေ) ပေါ်ထွက်လာမယ့်အချိန်မှာလည်း ပြေးဖို့ ပြေးလမ်းရှိနေမှာပါ။

အတိုချုံ့ပြောရရင် အခုခေတ်၊ အခုနှစ် အတွက် မဲမပေးချင်ရင်တောင် နောင်ဆယ်စုနှစ်တွေနဲ့ နောင်မျိုးဆက်အတွက် ဒီမိုကရေစီ ယန္တရားဆက်လက်လည်ပတ်နိုင်ဖို့ မဲပေးကြပါ။

၄။ ကိုယ့်ကိုယ်ကို အလုပ်ရှင်လို့ တွေးကြည့်ပါ။

ဥပမာလေးတစ်ခုပေးဦးမယ်။ ကိုယ့်မြို့နယ်က ကိုယ်အပါအဝင် ဒါရိုက်တာ (၁၀) ယောက်ပိုင်တဲ့ ကုမ္ပဏီတစ်ခုလို့ တွေးကြည့်ပါ။ အမတ်က ကိုယ့်ကုမ္ပဏီမှာခန့်မယ့် မန်နေဂျာ ဆိုပါစို့။ နံပါတ် (၁) အချက်မှာ ပြောခဲ့သလိုပဲ လူတစ်ယောက် မဖြစ်မနေ ခန့်ရမှာပါ။ လာလျှောက်တဲ့လူက ၄ ယောက်။ ကိုယ်မရွေးရင် ရွေးတဲ့ဒါရိုက်တာတွေရဲ့ သဘောဖြစ်နေမယ်။ (တကယ့်အပြင်လောကရဲ့ သဘောအရ လူတစ်ယောက်မှ မဲမပေးဘူးဆိုတာ မရှိပါဘူး။ သုည ဘယ်တော့မှ မဖြစ်ပါဘူး။) သြဇာအညီအမျှရထားပြီး.. ကိုယ်လုပ်ပိုင်ခွင့် ကိုယ်ကန့်သတ်ရင် ကိုယ်ပဲ နစ်နာမှာ… ရိုးရိုးလေးပါ။

၅။ မဲပေးရတာ ငြီးငွေ့နေပြီတဲ့လား။

၁၉၄၄ ခုနှစ်နောက်ပိုင်း မွေးတဲ့ လက်ရှိမြန်မာနိုင်ငံသားအားလုံးနီးပါးက မဲ ၂ ခါပဲ ပေးရသေးတယ်။ ၁၉၉၀ မှာတခါ၊ ၂၀၁၅ မှာ တခါ။* အာရှတဝှမ်းတခြား ဒီမိုကရေစီ နိုင်ငံတွေက ခေတ်ပြိုင်နိုင်ငံသားတွေက အဲ့ကာလအတွင်းမှာ မဲ (၁၀) ခေါက် နဲ့ (၁၅) ခေါက်ကြား ပေးပြီးပြီ။ သူတို့တွေလည်း ငြီးငွေ့ဖို့ထားပါဦး။ 😀

* ၂၀၁၀ ရွေးကောက်ပွဲ က ပြည်ထောင်စုလွှမ်းခြုံကိုယ်စားပြုပါတီ ရွေးချယ်စရာမရှိလို့ ပြည်သူတွေ မဲပေးရွေးချယ်ဖို့ အတော်ခက်ခဲ့တဲ့အပြင် မဲမသမာမှုအတော် ဖြစ်ခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကလည်း လွှတ်တော်ရဲ့ ၄% လောက်ကိုပဲ ရွေးချယ်တာမို့ ပြည်သူအားလုံးရတဲ့ အခွင့်အရေးတခု မဟုတ်ပါဘူး။ ဒါကြောင့် ထည့်မရေတွက်တာပါ။ ၂၀၁၀ ကိုပါ ထည့်ရေတွက်မယ်ဆိုလည်း အပေါ်ကပြောချင်တဲ့ သဘောတရားရဲ့ လိုရင်း ထူးထူးထွေထွေ မပြောင်းသွားပါဘူး။

၆။ အားနာစရာလည်း ကောင်းပါတယ်။

၁၉၆၂ က စလို့ နိုင်ငံသားတွေ မဲပေးခွင့်ကို တစ်ဖက်သတ် အရုပ်သိမ်းခံလိုက်ရတာ ၂၈ နှစ်အကြာမှာ ပထမဆုံး လွတ်လွတ်လပ်လပ် မဲပေးခွင့်ရခဲ့တယ်။ ဒါပေမယ့်လည်း ကတိတွေဖျက်၊ စကားတွေမတည်ခဲ့ကြပြန်ဘူး။ နောက်ထပ် ၂၅ နှစ်အကြာမှာမှ နောက်တခါ မဲထည့်ခွင့်ရခဲ့ပြန်တယ်။ ဒီလို လူလူသူသူ အခွင့်အရေး၊ တခြားတိုင်းပြည်တွေက ကိုယ့်နိုင်ငံကို မြင်တဲ့ အမြင်ကောင်း (good impression) ကို လွယ်လွယ်ကူကူရတာမဟုတ်ဘူး ဆိုတာတော့ လူတိုင်းသိပါတယ်။ ရဟန်းရှင်လူပြည်သူအပေါင်း အဲ့ဒီအတားအဆီးကို ပုခုံးနဲ့တွန်း ခေါင်းနဲ့တိုက် ဖြိုချဖျက်ဆီးခဲ့ရတာ။ ပေတရာပေါ်မှာလည်း သွေးတွေစီးခဲ့ရ..။ ဘဝတွေပျက်စီး.. ရှင်ကွဲအပြင် သေကွဲတွေနဲ့ရော။ ခုလို မဲပေးခွင့် ရတဲ့အခါမှကျတော့မှ သုံးကြိမ်မြောက်လောက်လည်း ရောက်ရော.. “တော်ပါပြီ။ မပေးချင်တော့ဘူး” လုပ်ရင် တမလွန်ကသူတို့တွေက ကိုယ်တွေကို အတော် စိတ်ပျက်မှာပဲ။ ဒါဟာ အလေးအနက်ထား တွေးရမယ့်ကိစ္စပါ။

၇။ အဲ့တော့ မဲမပေးတာနဲ့ လူဆိုးဖြစ်သွားရောလား။

လုံးဝမဟုတ်ပါဘူး။ လက်ရှိမြန်မာနိုင်ငံရဲ့ ဥပဒေအရ နိုင်ငံသားတွေဟာ မဲမပေးခွင့်ရှိပါတယ်။ (ဒီမိုကရေစီနိုင်ငံတချို့မှာတော့ မဲမပေးခွင့် မရှိတော့ပါဘူး။) ကျွန်တော့် ပုဂ္ဂလအမြင်အရ.. တချို့အခြေအနေတွေမှာ မဲမပေးတာဟာလည်း ဆန္ဒပြုခြင်း တစ်မျိုးဖြစ်ပါတယ်။ ဥပမာ−

(က) ကိုယ့်မဲဆန္ဒနယ်မှာ ပြိုင်ဘက်မဲ့ တစ်ယောက်ထဲ ကိုယ်စားလှယ်လောင်း အရွေးခံမှာ ဖြစ်ပြီး အဲ့ကိုယ်စားလှယ်လောင်းကိုလည်း မကြိုက်တဲ့အခါ မဲမပေးပါနဲ့။ သူဟာ မဲနည်းနည်းလေးနဲ့ပဲ လွှတ်တော်ထဲ သွားထိုင်ရမှာပါ။ ဒါပေမယ့် ဒီအဖြစ်မျိုးဟာလည်း နောက်ကို ပိုနည်းလာဖို့ပဲ ရှိတော့မှာပါ။

(ခ) မငြိမ်းချမ်းတဲ့ အညိုရောင်နယ်မြေထဲ ရောက်နေလို့ ဘယ်ဓါးကြောက်ရမှန်း မသိလို့ မပေးတာမျိုးဟာလည်း သဘာဝကျပါတယ်။ ဒါပေမယ့် နယ်မြေမတည်ငြိမ်ရင် တော်ရုံအစိုးရတွေကလည်း မဲရုံမထားရဲတတ်ကြပါဘူး။ အဲ့တော့ ဒါဟာလည်း ကြုံရခဲတဲ့ အနေအထား ဖြစ်နိုင်ပါတယ်။

(ဂ) ရွေးကောက်ပွဲကို တာဝန်ယူတဲ့ ကော်မရှင်က လွတ်လပ်ပြီးတရားမျှတအောင် မလုပ်ပေးနိုင်ဘူးလို့ ယူဆရင်ရော.. ဘာလုပ်ကြမလဲ။ သမိုင်းကို ပြန်ကြည့်ရင် မြန်မာနိုင်ငံမှာ အဲ့လို ယူဆခံရတဲ့ ကော်မရှင်တွေဟာ ၂ ကြိမ်တိတိ နိုင်ငံတကာက လွတ်လပ်ပြီး တရားမျှတတယ်လို့ သတ်မှတ်ခံရတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးနိုင်ခဲ့ပါတယ်။ ပြောချင်တာ.. ကော်မရှင်ကို မယုံလို့ဆိုပြီး တင်ကူးမှန်းဆချက်နဲ့ မဲမပေးပဲ ရွေးကောက်ပွဲက မှန်မှန်ကန်ကန် ဖြစ်နေရင် ကိုယ်ပဲ နစ်နာပါတယ်။ ရလဒ်ထွက်လာတဲ့အခါမှာ မတရားတာ၊ မသမာတာတွေတွေ့ပြီဆိုတော့မှ ရေးသားထုတ်ဖော်၊ စုဝေးဆန္ဒပြပြီး ကိုယ်ဖြစ်ချင်၊လိုချင်တာကို တောင်းဆိုတာက ပိုအဆင်ပြေမယ် ထင်ပါတယ်။

Jamus Lim

ဝါသနာကရှိလေတော့ စင်္ကာပူက အရင်လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ လာမယ့်သောကြာနေ့မှာ လုပ်မယ့် စင်္ကာပူရွေးကောက်ပွဲအကြောင်း အာလာပသလ္လာပ ပြောဖြစ်ကြတယ်။ ပြောရင်းနဲ့ သူက မင်း Jamus Lim ကိုသိလား.. အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ (အတိုက်အခံ) အလုပ်သမားပါတီရဲ့ ကိုယ်စားလှယ်လောင်း… နည်းနည်း လေ့လာကြည့်လိုက်ဆိုလို့.. လေ့လာတာ.. သဘောကျလို့ သူ့အကြောင်း ပြန်မျှဝေချင်တာပါ။

ပညာအရည်အချင်းလေးက စကြည့်ရအောင်…

၁၉၇၆ ခုနှစ်မှာ မွေးတဲ့ ဒီပုဂ္ဂိုလ်ဟာ စင်္ကာပူ Catholic High Primary School ကနေ မူလတန်းစလို့.. နာမည်ကြီး ကျောင်းဖြစ်တဲ့ Raffles Institution ကနေ အထက်တန်းအောင်တယ်။ အဲ့ဒီကမှတဆင့် နာမည်ကြီး ဒေသကောလိပ် (junior college) ဖြစ်တဲ့ Raffles Junior College ကို ဆက်တက်တယ်။ ဒီဂရီဘွဲ့ကိုတော့ သြစတြေးလျနိုင်ငံ တောင်ပိုင်းကွင်းစလန် တက္ကသိုလ် (Southern Queesland University) ကနေ ဘောဂဗေဒအထူးပြုပြီး ဂုဏ်ထူးတန်းက အောင်မြင်ခဲ့တယ်။ ဒီဂရီဘွဲ့အပြီးမှာ…

၁။ ၂၀၀၂ ခုနှစ်မှာ ဘောဂဗေဒ မဟာဘွဲ့ကို လန်ဒန်ဘောဂဗေဒကျောင်း (London School of Economics) ကနေ..

၂။ ၂၀၀၈ ခုနှစ်မှာ နိုင်ငံရေးသိပ္ပံ မဟာဘွဲ့ နဲ့ ဘောဂဗေဒ ဒေါက်တာဘွဲ့ကို ကယ်လီဖိုးနီးယားတက္ကသိုလ် (University of California, Santa Cruz) ကနေ..

၃။ ၂၀၁၈ ခုနှစ်မှာ သမိုင်း မဟာဘွဲ့ကို ဟားဗတ်တက္ကသိုလ် (Harvard University) ကနေ

ရရှိခဲ့တယ်။ မဟာဘွဲ့ ၃ ခုနဲ့ ဒေါက်တာဘွဲ့ ၁ ခု ရရှိထားသူပါ။ ဒေါက်တာဘွဲ့လွန် သုတေသနကိုတောင် ဟားဗတ်တက္ကသိုလ် (Harvard University) မှာပဲ ၂၀၁၄ ခုနှစ် ကနေ ၂၀၁၅ ခုနှစ် အထိ ဆက်လုပ်ခဲ့ပါသေးတယ်။

အလုပ်အကိုင် အနေနဲ့ကတော့ Institute for Southeast Asian Studies (ISEAS) မှာ မူဝါဒရေးရာတွေ ကိုင်တွယ်ခဲ့ဘူးတယ်။ (ISEAS ဆိုတာ လွှတ်တော်က တရားဝင်ဖွဲ့စည်းထားတဲ့ အမျိုးသားအဆင့် ဒေသတွင်း နိုင်ငံခြားရေးမူဝါဒနဲ့ဆိုင်တဲ့ မဟာဗျူဟာအတွက် ပံ့ပိုးပေးတဲ့ သုတေသနအဖွဲ့အစည်း တစ်ခုပါ။) ကမ္ဘာ့ဘဏ်မှာ အကြီးတန်းဘောဂဗေဒပညာရှင်တစ်ယောက်အနေနဲ့ လုပ်ကိုင်ခဲ့ဖူးသလို အရှေ့အလယ်ပိုင်းက အာရပ်စော်ဘွားများပြည်ထောင်စုရဲ့ အဘူဒါဘီ ရင်းနှီးမြှုပ်နှံမှုအာဏာပိုင် အဖွဲ့အစည်းမှာလည်း ဦးဆောင်ဘောဂဗေဒပညာရှင်အနေနဲ့ လုပ်ကိုင်ဖူးပါတယ်။

ဒါ့အပြင်… ဒီပုဂ္ဂိုလ်ဟာ… ကော့တေးဖျော်စပ်ရာမှာလည်း ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး… ဝိုင် (အရက်) နဲ့ပတ်သက်လို့ အတော်နှံ့နှံ့စပ်စပ် ဗဟုသုတရှိထားသူ တစ်ဦးပါ။ ဒါ့အပြင် အသိအမှတ်ပြု (ordained) ခရစ်ယာန်ဓမ္မအမှုဆောင်တစ်ဦး (minister) လည်း ဖြစ်ပါတယ်တဲ့။ စင်္ကာပူတိုက်ကွမ်ဒိုအသင်းကြီးက ပေးတဲ့ ခါးပတ်နက်ရထားတဲ့ တိုက်ကွမ်ဒိုသမားတစ်ဦးလည်း ဖြစ်ပြီး အထက်တန်းကျောင်းသားဘဝက ရဂ်ဘီဘောလုံးအားကစားမှာ ထူးချွန်လို့လည်း ဆုချီးမြှင့်ခံခဲ့ရပါတယ်။ ရွက်လှေအားကစားမှာလည်း certificate ရရှိထားသူဖြစ်တဲ့အပြင်… ဒရမ်ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်စွမ်းရှိပါတယ် တဲ့။လက်ရှိမှာတော့ ESSEC Business School ရဲ့ တွဲဘက်ပါမောက္ခ အနေနဲ့ရော စင်္ကာပူ ရင်းနှီးမြှုပ်နှံမှုအတိုင်ပင်ခံလုပ်ငန်းတစ်ခုမှာ ဦးဆောင်ဘောဂဗေဒပညာရှင်အနေနဲ့ လုပ်ကိုင်နေတယ်။

သူ့ CV: http://www.jamus.name/cv_lim.pdf

Netflix ရဲ့ မှတ်တမ်းရုပ်ရှင်များ

Netflix က သူ့ရဲ့ Educational Documentaries ပေါင်း ၃၀ ကျော်ကို အခမဲ့ ကြည့်ရှူနိုင်အောင် YouTube ပေါ်တင်ပေးလိုက်ပါတယ်။

Our Planet ဆိုတဲ့ series နဲ့ Babies ဆိုတဲ့ series က အရမ်းကို ကြည့်လို့ကောင်းပြီး… အသက်အရွယ်မရွေး ကြိုက်မယ့် documentaries တွေပါ။ အောက်က link ကို နှိပ်ပြီး ကြည့်နိုင်ပါတယ်။

Netflix Documentaries

မရှဲကြစို့

ပထမတစ်ချက်။ ဒီရက်ပိုင်း မြန်မာနောင်း ဦးဆောင်လို့ တခြားသတင်းဌာနတွေကပါ သတင်းအတုတွေ၊ ထိတ်လန့်စိုးရိမ်စရာ မမှန်မကန်သတင်းတွေကို မမှန်ကြောင်း ဖော်ထုတ်ဖွင့်ချတာ လုပ်လာကြပါတယ်။

ဒုတိယတစ်ချက်။ မိတ်ဆွေ ညီလေးတစ်ယောက် ဟိုတစ်ရက်က ရေးထားတာလေး စိတ်ထဲအတော် သဘောတွေ့မိတယ်။ ဘိုလို “အင်စတန့်အာတီကလ်” လို့ ခေါ်တဲ့ မိုးကြိုးသွားပုံနဲ့ သတင်းဆောင်းပါးလေးတွေကို ဖတ်လည်း မဖတ်ဘူး။ ရှဲလည်း မရှဲဘူးတဲ့။ သတင်းဆယ်ပုဒ်မှာ ကိုးပုဒ်က သတင်းတု၊ တစ်ခုကသာ အစစ်မို့ အဲ့ဒီအစစ်တစ်ပုဒ်ကိုပဲ မဖတ်ပဲ နေလိုက်တော့မယ်တဲ့။ မိုးကြိုးသွားနဲ့ သတင်းဆိုတာကိုလည်း အောက်မှာပုံတင်ပေးထားပါတယ်။ (ခွင့်မတောင်းပဲ ကောက်နှုတ်လိုက်ပြီ.. ညီရေ)

A screenshot of an Instant Article

တတိယတစ်ချက်။ ပုံမှန်တော့ ကျွန်တော် စာရေးရင် ဘယ်သူ့ကိုမှ ထိခိုက်မှု မရှိအောင် အတတ်နိုင်ဆုံး ကြိုးစားပြီးရေးပါတယ်။ ဒါပေမယ့် ဒီစာမှာတော့ တစ်ချို့က “..ဟာ ဒါ ငါ့ ပြောတာပဲ” လို့ ဖြစ်မှာစိုးပါတယ်။ ရည်ရွယ်ရင်းကလည်း အဲ့လို မဟုတ်ပါဘူး။ “အဲ့တာဆို… ဘာလို့ ရေးတုန်း” မေးရင်… ရွေးကောက်ပွဲ နီးလာလို့ လို့ပဲ တိုတိုတုတ်တုတ် ဖြေပါ့မယ်။

စတုတ္ထတစ်ချက်၊ အပေါ်ကအချက်မှာ ပြောခဲ့သလိုပါပဲ ဘယ်သူ့ကိုမှ ပုဂ္ဂလဓိဌာန် မရည်ရွယ်ဘူး။ အဲ့ဒီထက် ထပ်ပြောရရင်တော့… တချို့သော ဖေ့စ်ဘွတ်ခ် အသုံးပြုသူတွေဟာ အဲ့လို သတင်းတချို့ကို ရှဲတာမှာ ဘယ်လိုရည်ရွယ်ချက်မှ မရှိပဲ ရိုးရိုးသားသား ရှဲတာကို တကယ်ယုံပါတယ်။ ဘာလို့လဲဆိုတော့ အဲ့လိုအသုံးပြုသူတွေဟာ အသိဆွေမျိုး အသိုင်းအဝိုင်းတွေထဲမှာကို ရှိနေလို့ပါ။ ဒစ်ဂျစ်တယ်မဟာခုန်ပျံကျော်လွှားမှုနဲ့ နည်းပညာသုံးစွဲသူတချို့ဟာ.. ကွန်ပြူတာကိုကျော်ပြီး ဖုန်းဆီ တန်းရောက်လာကြပါတယ်။ အီးမေးလ်ကို ကျော်ပြီး ဖေ့စ်ဘွတ်ခ်ဆီ ရောက်လာကြပါတယ်။ အထူးသဖြင့် လူကြီးတန်းတွေဟာ ဖေ့စ်ဘွတ်ခ်ပေါ်တင်ဖို့ စာရေးသားရာမှာလည်း အခက်အခဲ ရှိတတ်ကြပြီး ဓာတ်ပုံ၊ ဗီဒီယိုတွေလည်း မတင်ဖြစ်ကြပါဘူး။ အခြားသုံးစွဲသူတွေနည်းတူ စာတွေ၊ ပုံတွေ မတင်နိုင်ပေမယ့် ဖေ့စ်ဘွတ်ခ်မှာ အလွယ်ကူဆုံး လုပ်နိုင်တာကတော့ ရှဲတာပါပဲ။ ဒါကြောင့် လူကြီးတချို့ဟာ ကောင်းနိုးရာရာလေးတွေတွေ့ရင် ရှဲပါတယ်။ ရှဲတာ ကောင်းပါတယ်။ ဒါပေမယ့် ဒီပို့စ်မှာတာ့ မရှဲတာဟာလည်း တခါတလေမှာ ကောင်းကြောင်းကို ဆွေးနွေးကြည့်မှာပါ။

−−−
အပေါ်က ပြောတာအကုန် ခြေဆင်းချည်းပါပဲ။ တကယ်ပြောမယ့် အကြောင်းအရာက အခုမှ စမှာပါ။

ဥပမာတစ်ခုအနေနဲ့ လွန်ခဲ့တဲ့ သုံးပတ်လောက်က သတင်းတစ်ပုဒ်ကို မိတ်ဆွေတစ်ယောက် ရှဲထားတာတွေ့လိုက်တယ်။ သတင်းအကျဉ်းက “ဗိုလ်ချုပ်ပုံပါတဲ့ ၁၀၀၀ တန်နဲ့ ဆန်သွားဝယ်တာ စာရေးမက အဲ့ပိုက်ဆံလက်မခံ” ဆိုတဲ့ သတင်းပဲ။ စေ့စေ့တွေးကြည့်ရင် အချက် (၂) ချက်ကို ချိတ်ပေးထားတာကို တွေ့ရပါလိမ့်မယ်။

၁။ လက်ရှိအာဏာရပါတီဖြစ်တဲ့ NLD က ရိုက်နှိပ်ထုတ်ဝေထားတဲ့ ၁၀၀၀ တန်အသစ် နဲ့
၂။ လူတွေရဲ့ ရှင်သန်လိုစိတ်နဲ့ တိုက်ရိုက်အချိုးကျတဲ့ ဆန်

ကို ချိတ်ပေးထားပါတယ်။ ၁၀၀၀ တန်တွေကပဲ တန်ဖိုး မရှိသယောင်ယောင်၊ လက်ရှိအာဏာရပါတီကိုပဲ ပြည်သူတွေက လက်မခံတော့သယောင်ယောင် (ဘာကိုမှတော့ ဒဲ့ မပြောပဲ) ရည်ညွှန်းသွားတာကို တွေ့ရမယ်။ NLD ဟာ လူတွေရဲ့ အခြေခံရှင်သန်ခွင့်အတွက် အားကိုးစရာမရှိသလိုမျိုး ဆွဲချိတ်သွားတာပါ။

အဲ့လို ပို့စ်မျိုးကို ဘာကြောင့် မရှဲသင့်လဲ တွေးကြည့်ရအောင်။

သတင်းဌာနကြီးတွေ ဘာလုပ်နေလဲ

ဒီလောက်အကဲဆတ်တဲ့ သတင်းကို ဘယ်သတင်းဌာနကမှ အနံ့မခံနိုင်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ သတင်းဌာနကြီးတွေဟာ ခြေတံလက်တံရှည်ပြီး တကယ်ဟုတ်ပြီဆိုရင်လည်း သေချာပေါက် သွားဗျူးမှာပါ။ အင်မတန် ရိုးရှင်းတဲ့ သဘောတရားပါ။ ခဏလေး အချိန်ပေးစောင့်ကြည့်လိုက်ရုံနဲ့ ဒီသတင်းမမှန်ကြောင်း ထင်ရှားသွားပါလိမ့်မယ်။

ကိုယ်က ကံထူးလို့လား

မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ခ်သုံးသူပေါင်း သန်း ၂၀ အသာလေး ရှိပါတယ်။ ကိုယ့်ကျမှ ကံထူးပြီး ဒီလိုသတင်း တွေ့တယ်၊ ကြားတယ်ဆိုတာဟာ နည်းပညာသဘောအရ မဖြစ်နိုင်ပါဘူး။ တခြားသူတွေလည်း တွေ့ကြမှာပါ။ ကိုယ်ရှဲမှ တွေ့မှာလည်း မဟုတ်ပါဘူး။ ကိုယ်တောင် တကယ်တော့ ဖြစ်ဖို့များတာက တခြားတစ်ယောက်ရှဲလို့ တွေ့တာ ဖြစ်နိုင်ပါတယ်။ “ငါတစ်ယောက်ထဲ သိသေးတာ… ငါရှဲမှ သူများတွေလည်း သိမှာ” ဆိုတာ မဟုတ်ကြောင်း အာမခံပါရစေ။ သူများတွေလည်း မြင်ပါတယ်။ ကျော်သွားလိုက်ကြတာပါ။

အဲ့တော့ အဲ့လူတွေက အပျော်လုပ်နေကြတာလား

ဒါဆို.. အဲ့လို အင်တာနက်စာမျက်နှာတွေက အဲ့လို အရည်မရ၊ အဖတ်မရ အနှစ်သာရကင်းမဲ့တဲ့ ကိစ္စတွေကို ဘာလို့ ထိုင်ဖွနေလည်း ဆိုတော့…. ငွေကြေးအကျိုးအမြတ် မှမဟုတ်ရင် နိုင်ငံရေးအကျိုးအမြတ် ရလို့ပါ။ ဒီလို ခေါင်းစဉ်ပြူးတူးပြဲတဲနဲ့ ရေးတင်တာကို အင်္ဂလိပ်လိုဆို.. (ငါးမျှားချိတ်ထိပ်က) ငါးစာသတင်း တွေလို့ ခေါ်ပါတယ်။ လူအများစု မြင်ရုံနဲ့ဖတ်ဖို့ စေ့ဆော်နိုင်တဲ့ အကြောင်းအရာမျိုးတွေ ဖြစ်တဲ့ လူသေမှုသတင်းတွေ၊ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ လိုရာဆွဲရေးထားတဲ့ နိုင်ငံရေးပါတီတွေရဲ့ ဗရုတ်သုတ်ခအကြောင်းတွေ၊ လူတွေရဲ့ နိစ္စဓူဝကို ရိုက်ခတ်မှုအားကြီးတဲ့

စီးပွားရေး (ဥပမာ − xxx ဘဏ် ပြိုလဲတော့မည်)
ကျန်းမာရေး (ဥပမာ − ကိုရိုနာရောဂါပိုး ကြောင့် မြန်မာပြည် xxxမြို့မှာ လူတွေသေတာ မနည်း)
ရာသီဥတု (ဥပမာ − ဘယ်နေ့ ငလျင်လှုပ်မည်)

လို ကိစ္စတွေ၊ ဒါမှမဟုတ် မင်းသားမင်းသမီးနဲ့ ဆိုင်တဲ့ မမှန်မကန်သတင်းတွေ၊ အတင်းအဖျင်းဆန်ဆန် လူမှုရေးအရှုပ်အထွေးတွေကို သတင်းခေါင်းစဉ် တပ်ထားလေ့ရှိပါလိမ့်မယ်။ ဒါဟာ ငါးစာနဲ့ တူပြီ အင်မတန်မှ နှိပ်ပြီး ဖတ်ရှုချင်စရာ ကောင်းပါတယ်။ အဲ့လို အင်တာနက်စာမျက်နှာ ဖန်တီးထားသူတွေဟာ လာဖတ်တဲ့လူတွေကို

၁။ ကြော်ငြာတွေပြပြီး ကြော်ငြာတွေကနေ ကြော်ငြာခပိုက်ဆံတွေ ရပါတယ်။ ဒါကြောင့် လူတွေ နှိပ်ပြီး ဖတ်ဖို့ တွန်းအားဖြစ်စေမယ့် သတင်းခေါင်းစဉ်နဲ့ ဓာတ်ပုံတွေကို သုံးတာတွေ့ရပါလိမ့်မယ်။
၂။ တခါတရံမှာ ကြော်ငြာခပိုက်ဆံက သူတို့ရဲ့ အဓိက ရည်ရွယ်ချက် မဟုတ်ပါဘူး။ နိုင်ငံရေးအရ အဖွဲ့အစည်းတခုကို ထိုးနှက်ဖို့၊ တဖက်အဖွဲ့အစည်းအပေါ် လူအများ အထင်အမြင်လွှဲမှားပြီး ထောက်ခံမှု ကျဆင်းအောင်၊ အဲ့ဒီကမှ တဆင့် ရွေးကောက်ပွဲတွေမှာ ထောက်ခံမဲ ရရှိမှု ကျဆင်းသွားအောင်အထိ စနစ်တကျ ရည်ရွယ်ပါတယ်။

အဲ့ဒီတော့ ကိုယ်က အဲ့လို သတင်းကို နှိပ်ပြီးဖတ်ရင် အနည်းဆုံးအနေနဲ့ သူတို့ရဲ့ မရိုးဖြောင့်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေတဲ့ အလုပ်ကို အထောက်အပံ့ဖြစ်စေတဲ့ ကြော်ငြာခကို ကိုယ့်ဖုန်းဘစ်လ် အကုန်ခံပြီး ကူရှာပေးသလို ဖြစ်ပါလိမ့်မယ်။

အဲ့ထက်ပိုပြီး အဲ့လိုသတင်းမျိုးကို ကိုယ်က ရှဲလိုက်မယ်ဆိုရင်… စဉ်းစားကြည့်ပါ။ သူတို့ရဲ့ ယန္တရားကြီးမှာ ကိုယ်ဟာ တစိတ်တပိုင်းအနေနဲ့ ဝင်ပြီး အကောင်အထည်ဖော်ပေးတဲ့ အနေအထား ဖြစ်သွားမှာပါ။ သူတို့ကတော့ သဘောတွေကျပြီး ကျေနပ်နေကြမှာပါပဲ။ ကိုယ်ကသာ အသုံးချခံဖြစ်သွားတာပါ။ နိုင်ငံရေးအရဆိုရင်လည်း မမှန်မကန်နည်းလမ်းနဲ့ ဖျက်လိုဖျက်ဆီးလုပ်ချင်တဲ့ သူတွေရဲ့ ပယောဂထဲ ကိုယ်က တတပ်တအား ကိုယ့်သဘောနဲ့ကိုယ် ဝင်ပါတဲ့သဘောဖြစ်မှာပါ။

ဒါဆို ဘာလုပ်ရမတုန်း….

အကဲဆတ်တဲ့ သတင်းတခု တွေ့ရင်… “မရှဲဘူး” ဆိုတဲ့အတွေးကို အရင် အခြေခံမူအနေနဲ့ ကိုင်စွဲပါ။ လူတစ်ဦးတစ်ယောက် (သို့) လူတချို့ကို ဖတ်စေချင်တာမျိုးဆိုရင် မက်ဆန်ဂျာကနေပဲ ရှဲပါ။ ပေါ်ပင်အတင်းအဖျင်းစာမျက်နှာတွေရဲ့ အသုံးချခံမဖြစ်ဖို့ မရှဲခြင်းဖြင့် ဆန့်ကျင်ပါ။

လုံးဝ ဘာမှကို မရှဲသင့်ဘူးလား…

မဟုတ်ပါဘူး။ လူမှုကွန်ယက်ရဲ့သဘောကိုက အဲ့လို မဟုတ်ပါဘူး။ ဖတ်ကြည့်လိုက်လို့ အပြုသဘောဆောင်တဲ့ သတင်းဆို ဖတ်ရတာကို စိတ်ချမ်းသာစရာရှိပါတယ်။ တခြားလူတွေကိုလည်း စိတ်ချမ်းသာစေချင်လို့ ရှဲတာမျိုးကတော့ တကယ်ကောင်းပါတယ်။ သတင်းဌာနကြီးတွေရဲ့ သတင်းတွေဟာလည်း စိတ်ချယုံကြည်ရလို့ ရှဲလို့ ရပါတယ်။ ဒီအပေါ်မှာ ကိုယ့်မိတ်ဆွေတွေနဲ့ အပြန်အလှန် အတွေးအမြင်တွေကို ကောမန့်မှာ ဆွေးနွေးနိုင်ပါသေးတယ်။ နောက်ပြီး.. အပြုသဘောရော… အပျက်သဘောရော မဆောင်တဲ့ ကိစ္စ ဥပမာ…

ချက်နည်းပြုတ်နည်း
အိမ်ပြင်ဆင်နည်း
ပညာဘာသာဗေဒ ကိစ္စရပ်တွေ
ကလေးတွေ၊ ကြောင်လေးတွေရဲ့ ချစ်စရာ ဗီဒီယိုလေးတွေ
ဟာသလေးတွေ၊ ဟာသဖြစ်သွားတာလေးတွေ စသဖြင့်

တွေကို ရှဲရင်လည်း သိပ်ကြီး သင့်၏ မသင့်၏ စဉ်းစားစရာ မလိုပဲ ရှဲလို့ရတာပါပဲ။

နိဂုံး

လူမှုကွန်ယက်ကို “ဟိုလိုမသုံးနဲ့.. ဒီလိုသုံး” လို့ ပြောရတာ အတော်တော့သတိထားရပါတယ်။ ဒါကြောင့်လည်း ခြေဆင်းကို အရှည်ကြီး စကားပလ္လင်ခံနေရတာပါ။ အားလုံးပဲ ဆိုလိုရင်းကို လက်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်။

လေးစားခြင်းဖြင့်
သန့်ဇင်ဦး

Password တွေကို ဘယ်လိုကိုင်တွယ်ကြမလဲ

ကျွန်တော်တို့ ဒီနေ့ password တွေ အများကြီးကို မှတ်နေကြရပါပြီ။ ဒါကို လွယ်ကူအောင် ဘယ်လိုလုပ်ကြမလဲ။ Gmail နဲ့ Facebook password နှစ်ခုလောက်ပဲ မှတ်ဖို့လိုအပ်တဲ့လူတွေအတွက်တော့ ဒိလမ်းညွှန်အတိုင်းလုပ်ဖို့ အလုပ်ရှုပ်လွန်းပါတယ်။ အဲ့ password ၂ ခုကို မှတ်ထားလိုက်တာတောင် ပိုလွယ်ပါတယ်။ 🙂

Authentication graphics

Password အများကြီးသုံးနေရတယ် ဆိုရင်တော့ password manager တစ်ခုသုံးတာက အတော်လေး အဆင်ပြေပါတယ်။ Password manager တွေရဲ့ သဘောက password အများကြီးကို မှတ်စရာမလိုတော့ပဲ manager ကို ဝင်ရတဲ့ password လေး တစ်ခုထဲကို မှတ်ရင် ရပြီ။ ကျန်တဲ့ password တွေ သူတို့ တာဝန်ထားလို့ ဆိုတဲ့ သဘောပါပဲ။

Password Manager မှာ အကြမ်းဖျဉ်း (၂) မျိုးရှိတယ်။

  • တစ်မျိုးက online service အနေနဲ့ register လုပ်ပြီး browser မှာ extension တစ်ခုသွင်းပြီး အဲ့ဒီ service နဲ့ ချိတ်ဆက်သုံးတာမျိုးပါ။ ဒါကို cloud အခြေပြု လို့ ခေါ်ကြပါစို့။
  • နောက်တစ်မျိုးကတော့ password နဲ့ ကာထားတဲ့ password database ဖိုင်တစ်ခုကို ကိုယ့်စက်မှာ ဖွင့်ပြီး သုံးတာမျိုးပါ။ ဖိုင်အခြေပြုစနစ်လို့ ခေါ်ပါမယ်။ ဒါပေမယ့် အဲ့ဖိုင်ကို Google Drive လို cloud storage ပေါ်ထားပြီး တခြားစက်တွေကနေလည်း ဖွင့်ဖတ်သုံးစွဲနိုင်ပါတယ်။ (အဲ့လိုပဲ သုံးကြတာများပါတယ်။)

တချို့က ပထမပုံစံ ဖြစ်တဲ့ cloud အခြေပြုစနစ်တစ်ခုကို ကိုယ့်ရဲ့ password အကုန်လုံးကို တင်ထားရတာ စိတ်ထဲ သက်တောင့်သက်သာ မရှိနိုင်ပါဘူး။ (သူတို့သဘောနဲ့ သူတို့ envrypt-decrypt လုပ်နေတာတွေကို ကိုယ့်အနေနဲ့ မယုံရဲဘူး ဆိုတာ ဖြစ်နိုင်ပါတယ်။) ဒါမှမဟုတ်ရင်လည်း မှတ်မယ့် password တွေရဲ့ သဘောသဘာဝက အရမ်း sensitive ဖြစ်တာ၊ ဘယ်လိုမှ ပေါက်ကြားလို့ မဖြစ်တာဆိုရင်တော့ အပေါ်က ဒုတိယနည်းဖြစ်တဲ့ ဖိုင်အခြေပြုစနစ်ကို ရွေးချယ်သင့်တယ် ထင်ပါတယ်။ (ရုံးတွင်းမှာပဲ လူအများ မျှဝေသုံးစွဲတဲ့ password မျိုးတွေဆိုရင်လည်း ဒုတိယစနစ်ကိုပဲ သုံးနိုင်ပြီး password ဖိုင်ကို network shared drive တစ်ခုထဲထားပြီး သုံးစွဲတတ်ကြပါတယ်။)


Cloud အခြေပြုဝန်ဆောင်မှုများ

Cloud အခြေပြုဝန်ဆောင်မှု တွေထဲမှာ နာမည်ရှိတာကတော့−

  • LastPass
  • BitWarden
  • 1Password

Cloud-based password managers

1Password က free မရပါဘူး၊ LastPass နဲ့ Bitwarden ကတော့ free plan ရှိပါတယ်။ တခြား Roboform တို့ Dashlane တို့လည်း ရှိပါသေးတယ်။ ကျွန်တော့်အနေနဲ့တော့ BitWarden ကို ညွှန်းချင်ပါတယ်။

Cloud-based service တွေရဲ့ အဓိက အားသာချက်ကတော့ ကရိကထမများပဲ သုံးရတာပိုလွယ်တယ်။ Cloud ထဲမှာ ရှိနေလို့ အမြဲ up-to-date ဖြစ်တယ်။ အတူတွဲသုံးရတဲ့ extension တွေ၊ mobile app တွေက သုံးစွဲရတာ လွယ်ကူချောမွေ့အောင် ပြင်ဆင်ထားတတ်ကြတယ်။ Website မှာ register လုပ်ပြီး website က လမ်းညွန်တဲ့ browser extension လေးတစ်ခု ကိုယ်ရဲ့ default browser မှာ သွင်းလိုက်ရုံနဲ့

  • Website တစ်ခုကို login ဝင်ရင် password ကို manager ထဲမှာမှတ်မလား တိုက်တွန်း (prompt) ပါတယ်။
  • နောက်တစ်ခါ အဲ့ website ကို သွားရင် extension ခလုပ်လေးနှိပ်ပြီး အကောင့်လေး နှိပ်လိုက်ရုံနဲ့ username, password အကုန်ဖြည့်ပေးသွားမှာပါ။ (auto-fill ပေါ့။)

Website က သွင်းခိုင်းတဲ့ mobile app သွင်းလိုက်ရင် သိမ်းထားတဲ့ account ရဲ့ username တွေ password တွေနဲ့ phone မှာပါ အလွယ်တကူ login ဝင်လို့ ရသွားမှာဖြစ်ပါတယ်။ ခုနောက်ပိုင်း fingerprint တွေ face ID တွေနဲ့ ချိတ်လိုက်ရင် auto-fill ကို လက်ဗွေတွေ မျက်နှာတွေ ပြရုံနဲ့ auto ဖြည့်ပေးသွားမှာမို့ password မေ့တဲ့ ဒုက္ခ ကင်းဝေးသွားမှာပါ။

အားနည်းချက်ကတော့ အပေါ်မှာပြောခဲ့သလိုပဲ လုံခြုံရေးအရ စိတ်မချစရာရှိတာပဲ။ အဲ့ဝန်ဆောင်မှုက ဘယ်လောက်လုံခြုံစိတ်ချရသလဲ။ သူတို့ကိုယ်တိုင် လုံခြုံရေး မကျိုးပေါက်နိုင်ဘူးလား။ ကျိုးပေါက်နိုင်ပါတယ်။ Lastpass ဆို ကြုံခဲ့ဘူးပါပြီ။ တခြား website တစ်ခုက လုံခြုံရေးကျိုးပေါက်ရင် ကိုယ့်အကောင့်လေးတစ်ခုပဲ ပါမှာပါ။ ခုက ကိုယ့်ရှိရှိသမျှ အကုန်ပါမယ့်သဘောပါ။ ဒါပေမယ့် တစ်ခုတော့ ရှိတာက ဒီ manager service တွေက ကိုယ့် password တွေကို text file လို plain ကြီးမှတ်တာတော့ မဟုတ်ပါဘူး။ End-to-end encryption လို့ခေါ်တဲ့ ကိုယ့်စက်က မထွက်ခင်ကတည်းက encrypt လုပ်ပြီးမှ server ပေါ်တင်တာမျိုးပါ။ ကြားထဲကလည်း ဖြတ်ဖတ်လို့ မရသလို server ပေါ်ရောက်ရင်လည်း encrypt လုပ်ပြီးသားမို့ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကလူတွေလည်း ကိုယ့် password တွေကို ဖွင့်ကြည့်လို့ မရပါဘူး။ (အခြား အခြားသာ နည်းပညာတွေ အားလုံးလိုပဲ ဒါဟာ 100% secure မဟုတ်ပါဘူး။ ဒါကိုတော့ သတိချပ်စေချင်ပါတယ်။ တော်နေကြာ… နောက်တော့မှ “မင်းပြောတုန်းကတော့ အကုန်ဟန်ကျနေတာပဲ” ဖြစ်နေမှာ စိုးလို့ပါ။ အဲ့ဒီလို လစ်ဟာနိုင်မှုရဲ့ သက်ရောက်မှုကို လျှော့ချဖို့အတွက် နည်းလမ်းတွေ ရှိပါသေးတယ်။ 2FA လို့ ခေါ်တဲ့ password အပြင် နောက်ထပ်တစ်ဆင့် ဂဏန်း (၆) လုံး အကောင့်လုံခြုံရေး ထပ်ခံနိုင်တဲ့ အကြောင်းပါ။ အဲ့ဒါနဲ့ ပတ်သက်ပြီး နောက်ထပ် post တစ်ခု ရေးပါဦးမယ်။)


ဖိုင်အခြေပြုစနစ်

File-based password managersဖိုင်အခြေပြုစနစ် ဆိုတာကတော့ ကိုယ့်စက်ထဲမှာပဲ လုံခြုံရေးအထူးကောင်းမွန်တဲ့ ဖိုင်လေးတစ်ခုဖွင့်ပြီး အဲ့ဒီမှာပဲ login တွေကို မှတ်သားတာပါ။ အဲ့ဖိုင်လေးကို အလွယ်တကူ KDBX လို့ ခေါ်ပါ့မယ်။ ဒါပေမယ့် စက်ထဲမှာပဲထားထားရင် စက်နဲ့ ဝေးတဲ့တစ်နေရာ ရောက်လို့ password တွေ တခုမှ မသိတော့ရင် အဆင်မပြေပါဘူး။ အဲ့ဒီအတွက် အပေါ်မှာပြောခဲ့သလို အဲ့ဒီ KDBX ဖိုင်လေးကို cloud file storage တစ်ခုမှာ ထည့်ထားပြီး တခြားစက်၊ ဒါမှမဟုတ် ဖုန်းကနေ လှမ်းယူချိတ်ဆက် ဖွင့်ဖတ်သုံးစွဲ နိုင်ပါတယ်။ အောက်ကဟာကတော့ recommended setup ပါ။ (Google Drive နေရာမှာ DropBox, iCloud Drive တွေလည်း သုံးနိုင်ပါတယ်။)

  • ပထမဆုံး dekstop/laptop မှာ KDBX ဖိုင်တစ်ခု ဖွင့်ရပါမယ်။ ရှည်လျားပြီး လုံခြုံတဲ့ master password တစ်ခု ကြိုတင်စဉ်းစားထားပါ။ အဲ့ဒီ password ကို မေ့လို့မရပါဘူး။ မေ့ရင် အထဲမှာ save ထားတဲ့ password တွေအားလုံးကို ဖွင့်ဖတ်လို့ ရတော့မှာ မဟုတ်ပါဘူး။
    • Windows ဆိုရင် စက်ထဲကို KeePassXC သွင်းပါ။ ခုနက စဉ်းစားထားတဲ့ master password နဲ့ KDBX ဖိုင်တစ်ခုလုပ်ပါ။ ဖိုင်ကို စက်ရဲ့ Google Drive တနေရာမှာ ထားပါ။
    • Mac ဆိုရင် စက်ထဲကို MacPass သွင်းပါ။ ခုနက စဉ်းစားထားတဲ့ master password နဲ့ KDBX ဖိုင်တစ်ခုလုပ်ပါ။ ဖိုင်ကို စက်ရဲ့ Google Drive တနေရာမှာ ထားပါ။
  • တခြား desktop/laptop တွေကနေ လှမ်းဖတ်ဖို့ KeePassXC (Windows) ဒါမှမဟုတ် MacPass (macOS) သွင်းပြီး ဖိုင်အသစ်မလုပ်တော့ပဲ ခုနက Google Drive (or DropBox or iCloud) ထဲက KDBX ဖိုင်ကို ဖွင့်ပါ။ Master password ဖြည့်ဖို့ လိုပါမယ်။
  • Browser extension အတွက်
    • Chrome/Brave/Edge ဆိုရင် KeePass Tusk သွင်းပြီး Google Drive နဲ့ ချိတ်လို့ KDBX ဖိုင်ကို ဖွင့်ပြီး auto-fill ရယူနိုင်ပါတယ်။
    • Firefox အတွက် Kee – Password Manager သုံးနိုင်ပါတယ်။
    • ကိုယ်က Windows သုံးလို့ အပေါ်မှာ ညွှန်းထားတဲ့ KeePassXC သုံးနေတာဆိုရင် KeePassXC-Browser ဆိုတာကို သုံးပြီး KeePassXC နဲ့ browser နဲ့ကို ချိတ်ဆက်နိုင်ပါတယ်။
  • Mobile တွေအတွက် ဆိုရင်တော့
    • Android အတွက်ဆိုရင် Keepass2Android သွင်း၊ Google Drive နဲ့ ချိတ်ဆက်ပြီး password တွေကို ဖွင့်ဖတ်ရုံမက auto-fill ပါ လုပ်လို့ ရပါပြီ။
    • iOS အတွက် ဆိုရင်တော့ KeePassium ရဲ့ free version က လုံလုံလောက်လောက် ကောင်းပါတယ်။ Auto-sync, Auto-fill ကောင်းကောင်းရတဲ့အပြင် Face ID, Touch ID support လုပ်ပါတယ်။

Password Generator

Password GeneratorPassword တစ်ခုထဲကို နေရာတကာသုံးတာဟာ ကောင်းတဲ့ ​အလေ့အထတစ်ခုမဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက သတိပေးလေ့ရှိပါတယ်။ website တခုနဲ့ တခု မတူတဲ့ မူတွေနဲ့ ဘယ်နှလုံးအနည်းဆုံး ဘာတွေပါကို ပါရမယ်။ ဘာတွေကတော့ မပါရဘူး ဆိုပြီးရှုပ်ယှက်ခတ်ရတဲ့ ကြားထဲ website တစ်ခု တစ်မျိုးများ password တွေ မှတ်ရရင် မလွယ်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ manager တွေက အများကြီး အထောက်အကူ ပေးပါတယ်။ အဲ့အပြင်ကို password manager တွေမှာ password generator ပါပါတယ်။

  • password အလုံးရေဘယ်လောက် လိုချင်လဲ။
  • စာလုံးအကြီးအသေး ရောချင်လား။
  • နံပါတ် ပါချင်လား။ ဘယ်နှလုံးပါချင်လဲ။
  • သင်္ကေတတွေ ပါချင်လား။ ဘယ်နှလုံးပါချင်လဲ။

စသဖြင့် ကိုယ်လိုချင်တဲ့ သတ်မှတ်ချက်တွေအတိုင်း ရှည်လျားပြီး ခန့်မှန်းဖို့ ဘယ်လိုမှ မလွယ်ကူတဲ့ password တွေ ဖန်တီးပေးပါတယ်။ ဒါကို manager ထဲ ထည့်မှတ်ပြီးသုံးရင် ကိုယ့် password ကိုယ်တောင် မမှတ်မိလို့ အလုံခြုံဆုံးပါပဲ။

တစ်နှစ်စာ မှတ်သားဖွယ်ရာ (၅၂) ခု

Tom Whitwell ဆိုတဲ့ journalist/blogger ဟာ နှစ်ကုန်ခါနီးဆို.. ဒီတစ်နှစ်လုံး သူ ဖတ်ခဲ့ရတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာ ၅၂ ခုကို အနှစ်ချုပ်စာရင်းအနေနဲ့ မူရင်းလင့်ခ်အပါ ပြန်မျှဝေလေ့ရှိပါတယ်။

ဒါကတော့အဲ့ထဲက ကောက်နှုတ်ထားတာ တချို့ဖြစ်ပြီး သူ့ရဲ့မူရင်းစာရင်းကို အောက်ဆုံးမှာ ပေးထားပါတယ်။

၃။ Emojis တွေရဲ့ သဘောသဘာဝကို တရားရုံးတွေမှာ အရင်ကထက် အဓိပ္ပါယ်ဖွင့်ဆိုဖို့ ဖြစ်လာခဲ့တယ်။

၈။ တစ်နှစ်တစ်နှစ်ကို အရက်မူးပြီး အော်န်လိုင်းရှော်ပင်လုပ်တဲ့ ငွေကြေးပမာဏဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၅၀၀ ရှိပြီး အဲ့လို ရှော်ပင်လုပ်တဲ့ ၆ ရာနှုန်းကပဲ သူတို့ဝယ်ယူခဲ့မှုကို နောင်တရကြတယ်။

၂၄။ မှိုတွေဟာ ဗီဇသဘောရ အပင်တွေထက် လူတွေနဲ့ ပိုနီးစပ်ပါတယ်။

၂၉။ အမေရိကန်က ကျောင်းသား ၃ သန်းဟာ အိမ်မှာ အင်တာနက် မရှိ။

၃၂။ ၂၀၁၈ မှာ နိုင်ဂျီရီးယားအစိုးရဟာ ကျန်းမာရေး၊ ပညာရေးနဲ့ ကာကွယ်ရေး ထက်ပိုပြီး ဓာတ်ဆီအတွက် ပိုက်ဆံပိုသုံးခဲ့တယ်။

၃၃။ အမျိုးသမီးတွေဟာ အိမ်သာတက်ဖို့ လုံခြုံစိတ်ချတဲ့နေရာတစ်ခု ရှာဖွေဖို့အတွက် တစ်နှစ်မှာ နာရီသန်းပေါင်း ၉၇၀၀ သုံးပါတယ်။ အဲ့တာဟာ လူ ၄၆ သန်း အလုပ် တစ်နှစ်လုပ်ချိန်နဲ့ ညီမျှပါတယ်တဲ့။ အဲ့ဒီပမာဏဟာ ဂျာမဏီနိုင်ငံရဲ့ အလုပ်လုပ်နိုင်စွမ်းနဲ့ ညီပါတယ်။ ဂျာမဏီဟာ ကမ္ဘာ့ စတုတ္ထ စီးပွားရေးအင်အား အကြီးဆုံး နိုင်ငံပါ။

၃၇။ ကမ္ဘာ့ရေမွှေးစျေးကွက်ဟာ ကမ္ဘာ့ အလှအပပစ္စည်းနဲ့ အသားအရေထိန်းသိမ်းရေးပစ္စည်းစျေးကွက်နောက်မှာ ပြတ်ကျန်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဆယ်လ်ဖီတစ်ခုကို ရှူကြည့်လို့မရလို့ပါ။

၄၄။ မျက်မမြင်တချို့ဟာ မျက်စိမြင်တဲ့လူတွေ နားလည်တဲ့ အမြန်ဆုံးစကားထက် ၃ဆ မြန်တဲ့ စကားကို နားလည်နိုင်တယ်။

၄၆။ Severely Deficient Autobiographical Memory – ပုံမှန်ကျန်းမာသန်စွမ်းနေတဲ့လူတစ်ယောက်က ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတချို့ကို လုံးဝမမှတ်မိတော့တဲ့ ရှားပါးရောဂါ။ Highly Superior Autobiographical Memory – ကိုယ့်ဘဝရဲ့ အသေးစိတ်အကြောင်းအရာ ကိစ္စရပ်တိုင်းကို မှတ်မိနေတာ။

၄၈။ ၂၀၁၂ မှာ ကမ္ဘာမှာ မန်ယူအသင်းတစ်ခုပဲ ဒေါ်လာ သန်း ၂၀၀၀ မက တန်တယ်။ အခုတော့ အဲ့လောက်တန်တဲ့ အားကစားအသင်း ၅၂ ခု ရှိနေပြီ။

−−−

နှစ်သစ်မှာ blog စရေး/ပြန်ရေးကြပါ လို့ အားလုံးကို တိုက်တွန်းပါတယ်။ ကိုယ့်စိတ်ကူးတွေ၊ အတွေးအမြင်တွေ၊ ဥာဏ်ကွန့်မြူးမှု၊ အတွေ့အကြုံတွေကို ဒီ closed system ကြီးထဲမှာပဲ မထားပါနဲ့။ အပြင်ထုတ်ပေးကြပါ။

အလွယ်ဆုံးအနေနဲ့ https://wordpess.com နဲ့ စပါ။

လမ်းနာမည်ရှည်ရှည်များ

FMI City နားက လမ်းနာမည် ခပ်ရှည်ရှည်တွေကို အစ်ကိုတစ်ယောက် ရှဲထားတာ…

  • လှေသင်းအတွင်းဝန်ဦးချိန်လမ်း
  • တွင်းသင်းတိုက်ဝန်ဦးထွန်းညိုလမ်း (ဒါတောင် ဦးထွန်းညိုက မဟာစည်သူဘွဲ့ရ။ ဘွဲ့နာမည် မထည့်လိုက်တာ တော်သေးတယ်။)

အဲ့အောက်မှာ သူ့သူငယ်ချင်းရဲ့ ကောမန့်လေးတစ်ခုက သဘောကျစရာ ကောင်းတယ်။ အဲ့လမ်းမှာနေတဲ့ လူတွေ ကိုယ့်လိပ်စာ ဖောင်မှာ ဖြည့်ရရင် မလွယ်ဘူးတဲ့။ အဟုတ်ပဲ အင်တာနက်မှာဆို စာလုံးရေး အကန့်အသတ် ရှိနိုင်တယ်။ White Card တွေ ဘာတွေ ဖြည့်ရလဲ မလွယ်ဘူး။

အဲ့နားတစ်ဝိုက်လှည့်ပတ်ကြည့်တော့ အဲ့နားက လမ်းနာမည်တွေက ခပ်တိုတိုရှားတယ်။

  • မက္ခရာမင်းသားကြီးမောင်ပျိုလမ်း
  • မင်းကြီးမဟာမင်းခေါင်လမ်း
  • ဒီပဲရင်းဝန်ထောက်ဦးမြဲလမ်း
  • ပန်းတဉ်းဝန်ဦးရွှေပင်လမ်း
  • မြတောင်ဝန်ကြီးဦးမှိုလမ်း
  • မြင်းဝန်ဦးအောင်သူလမ်း
  • ဗန်းမော်အတွင်းဝန်လမ်း
  • သံချက်ဝန်ဦးညွန့်လမ်း
  • မင်းသိဒ္ဓိကျော်စွာလမ်း

ဆိုပြီးတွေ့ရတယ်။ မိုက်ပါ့။